ကလေးမွေးပြီးနောက် ဆံပင်ကျွတ်တာ သက်သာအောင် ဘာတွေလုပ်ဖို့လိုလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်တွေ အရင်ကထက်ပိုထူလာပြီး တောက်ပြောင်လှပလာတာကို သတိထားမိကြမှာပါ။ ဒါပေမဲ့ ကလေးမွေးပြီးချိန်မှာတော့ အဲဒီလိုမဟုတ်တော့ဘဲ ပုံမှန်ထက် ဆံပင်ပိုကျွတ်လာပါတယ်။ ပုံမှန်အားဖြင့် လူတိုင်းက တစ်နေ့ကို ဆံပင်အချောင်း ၁၀၀ လောက် ကျွတ်လေ့ရှိပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်တွင်း ဟော်မုန်းပြောင်းလဲမှုတွေကြောင့် ဆံပင်မကျွတ်ကြပါဘူး။ အီစထရိုဂျင်ဟော်မုန်းများတာကြောင့် ဆံပင်ရဲ့ ကြီးထွားတဲ့အဆင့်မှာပဲ ရပ်နေလို့ ဆံပင် ကျွတ်တာနည်းပြီး ဆံပင်ထူလာစေပါတယ်။ ဒါပေမဲ့ မွေးပြီးမကြာခင်မှာတော့ အီစထရိုဂျင်ပမာဏ လျော့နည်းသွားတာကြောင့် ဆံပင်တွေက ကြီးထွားတဲ့အဆင့်ကနေ ရပ်တဲ့အဆင့်ကို ဆက်သွားပြီး ကျွတ်တဲ့အဆင့် ရောက်လာတာကြောင့် ကလေးမွေးပြီးတဲ့ မိခင်တွေဆံပင်ကျွတ်ကြတာပါ။ ဆံပင်အကျွတ်များတာက ကလေးမွေးပြီး ခြောက်လကနေ တစ်နှစ်လောက်အထိ ဖြစ်တတ်ပါတယ်။ ဆံပင် ကျွတ်တာ နည်းစေဖို့ဆိုရင်တော့ နေထိုင်မှုပုံစံပြောင်းလဲတာနဲ့ သဘာဝနည်းလမ်းတချို့ကို ပြုလုပ်နိုင်ပါတယ်။ သတိထားရ မှာက ကလေးအသက် တစ်နှစ်ကျော်တဲ့ အထိ ဆံပင်အကျွတ်များနေမယ်ဆိုရင် တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။
ဆံပင်ထိန်းသိမ်းမှုကို ဂရုတစိုက်ပါ
ကလေးမွေးပြီးတဲ့အချိန်မှာ အမျိုးသမီးအများစုက ကိုယ့်ကိုယ်ကိုယ်လှပဖို့ သိပ်ပြီးအာရုံမစိုက်နိုင်ကြပါဘူး။ ကလေးတစ်ယောက်မွေးလိုက်ရလို့ ပင် ပန်းနွမ်းနယ်နေတာ၊ ကလေးကို ပြုစုရတာကြောင့် အိပ်ပျက်တာ၊ ပင်ပန်းတာ စတာတွေကြောင့် ဆံပင်တွေကျွတ်တာ သိပေမယ့်လည်း ဆံပင်အတွက် အချိန် မပေးနိုင်ကြပါဘူး။ အဲဒီအခါ ဆံပင်တွေ သိသိသာသာပါးလာပြီး ဆံပင်အဖျားတွေလည်း နှစ်ခွဖြစ်တာ၊ ခြောက်သွေ့ပြီး ကြည့်ရဆိုးတာတွေ ဖြစ်လာပါတယ်။ ဒါကြောင့် ဆံကေသာ ထိန်းသိမ်းဖို့ဆိုရင် တစ်ပတ်ကို ၂-၃ ကြိမ် ခေါင်းလျှော်ရည်နဲ့ သေချာစွာ ခေါင်းလျှော်ပေးပါ။ ခေါင်းလျှော်တဲ့အခါ ရေနွေးနွေး ဒါမှမဟုတ် ရေအေးကို အသုံးပြုပါ။ ရေပူပူ အသုံးပြုတာကိုရှောင်ပါ။ ဆံပင်ရေစိုနေချိန်မှာ ခေါင်းဖြီးတာ၊ စည်းနှောင်ထားတာမျိုးတွေကို မလုပ်သင့်ပါ။ ခေါင်းလျှော်ပြီးတဲ့အခါ လေမှုတ်စက်နဲ့ အခြောက်မခံဘဲ သဘာ၀အတိုင်းပဲ ခြောက်သွေ့ပါစေ။ ဆံပင်ကို ကျစ်ဆံမြီးကျစ်တာ၊ ဆံထုံးထုံးတာ၊ တင်းတင်းကျပ်ကျပ် စည်းနှောင်တာတွေ ကိုရှောင်ပါ။
စိတ်ဖိစီးမှု ကင်းအောင် နေထိုင်ပါ
ကလေးမွေးဖွားပြီးတဲ့ မိခင်တိုင်းက စိတ်ဖိစီးမှုတွေ အနည်းနဲ့အများ ရှိတတ်ကြပါတယ်။ စိတ်ဖိစီးမှုများတာက ခန္ဓာကိုယ် ကျန်းမာရေးအတွက် မကောင်းသ လို ဆံပင်ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ ကလေးမွေးပြီးချိန်မှာ စိတ်ဖိစီးများတာက ဆံပင်ကျွတ်တာကို ပိုဆိုးစေပါတယ်။ စိတ်ဖိစီးမှုက ဆံပင်ရဲ့ ပုံမှန်လည်ပတ်နေတဲ့ဖြစ်စဉ်ကို အနှောင့် အယှက်ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုကို လျှော့ချဖို့အတွက် တရားထိုင်တာ၊ အသက်ရှူလေ့ကျင့်ခန်း လုပ်ဆောင်တာ၊ တေးဂီတနားဆင်တာ၊ လေ့ကျင့်ခန်း လုပ်တာ၊ စိတ်နဲ့ ခန္ဓာကိုယ်ကို အပန်းဖြေတာ စတာတွေ ပြုလုပ်နိုင်ပါတယ်။
ကျန်းမာရေးနဲ့အညီ စားသောက်ပါ
ဆံသားကျန်းမာဖို့ဆိုရင် အစားအသောက်နဲ့ တိုက်ရိုက်ပတ်သက်နေပါ တယ်။ ကျန်းမာရေးနဲ့မညီညွတ်တာတွေ စားသောက်တာကြောင့် အာဟာရချို့တဲ့နေမယ်ဆိုရင်တော့ ဆံပင်ကျွတ်တာကို ပိုဆိုးစေပါတယ်။ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့အစာကို စားသုံးသင့်ပါတယ်။ အထူးသဖြင့် ဗီတာမင် အေ၊ ဘီ၊ စီနဲ့ အီး၊ သံဓာတ်၊ ဇင့်၊ ကော့ပါး၊ မဂ္ဂနီဆီယမ်၊ ဆီလီနီယမ် စတာတွေက ဆံပင်သန်စွမ်းကျန်းမာစေဖို့ အထောက်အကူပြုပါတယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကနေ သံဓာတ်နဲ့ ဗီတာမင် C ၊ ဥအမျိုးမျိုးကနေ ဗီတာမင် D ၊ ကန်စွန်းဥနဲ့ မုန်လာဥကနေ ဘီတာကယ်ရိုတင်း၊ ငါးကနေ အိုမီဂါ-၃ နဲ့ မဂ္ဂနီဆီယမ် စတာတွေ ရရှိနိုင်ပါတယ်။
ဆီလိမ်းပြီး နှိပ်နယ်ပါ
ဆံသားအနှံ့ ဆီလိမ်းပြီး ညင်သာစွာ နှိပ်နယ်ပေးတာက ကလေးမွေးပြီးဖြစ် တတ်တဲ့ ဆံပင်ကျွတ်တာကို သက်သာစေပါတယ်။ ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် ဦးရေပြားမှာ သွေးလှည့်ပတ်မှုကောင်းပြီး ဆံသားအရင်းတွေ သန်စွမ်းကျန်းမာစေပါတယ်။ သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီကို အနည်းငယ် ပူအောင် အပူပေးပြီး ဦးရေပြားပေါ်လိမ်းပြီး ညင်သာစွာ နှိပ်နယ်ပါ။ ၁၀-၁၅ မိနစ်ကြာအောင် လက်ချောင်းထိပ်လေးတွေနဲ့နှိပ်ပါ။ တစ်ညထားပြီး မနက်မိုးလင်းမှ ရေချိုးရင်း ခေါင်းလျှော်ပါ။ တစ်ပတ်ကို ၂-၃ ကြိမ်ပြုလုပ်ပါ။
ဘိုင်အိုတင်သောက်ပါ
ဘိုင်အိုတင်ဆိုတာ ဗီတာမင်B ဒြပ်ပေါင်းဖြစ်ပြီး ဆံသားကို အလျင်အမြန် သန်စွမ်းစေပါတယ်။ ကီရာတင်ထုတ်လုပ်မှုကို ကူညီပေးလို့ ကလေးမွေးပြီးချိန်မှာ ဆံပင်မကျွတ်အောင် ကူညီနိုင်ပါတယ်။ ကြက်ဥ၊ ဒိန်ချဉ်၊ ဗာဒံစေ့လို အစေ့အဆန်တွေ၊ ပဲညွန့်ပဲနွယ်၊ ကောက်နှံတစ်ခုလုံး ကွေကာ၊ နွားနို့နဲ့ အသားတွေက ဘိုင်အိုတင်ကို ရရှိနိုင်ပါတယ်။ ဒါမှမဟုတ် ဘိုင်အိုတင် ဖြည့်စွက်ဆေး သောက်လို့ရပါတယ်။ မသောက်ခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုပါတယ်။ ကလေးမွေးပြီး သောက်သုံးရတဲ့ တချို့ဖြည့်စွက်ဆေးတွေမှာလည်း ဘိုင်အိုတင် ပါဝင်တတ်ပါတယ်။ ဘိုင်အိုတင်ပါဝင်တဲ့ ခေါင်းလျှော်ရည်နဲ့ ကွန်ဒီရှင်နာတွေကိုလည်း အသုံးပြုနိုင်ပါတယ်။
အုန်းနို့နဲ့ပေါင်းပေးပါ
ကလေးမွေးပြီးနောက် ဆံပင်ကျွတ်တာအတွက် အကောင်းဆုံးနည်းတစ်ခုက အုန်းနို့ပါ။ အုန်းနို့မှာ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များစွာပါဝင်လို့ ဦးရေပြားနဲ့ ဆံသားကို သန်စွမ်းကျန်းမာစေပါတယ်။ ဒါ့ပြင် ဆံသားကို ပျော့ပျောင်း စေပြီး ဆံပင်လည်း ထူထဲလာစေပါတယ်။ အုန်းနို့ရည်ကို ညှစ်ယူပြီး ဦးရေပြားအနှံ့လိမ်းပါ။ ၁၅-၂၀ မိနစ်လောက် ခေါင်းစွပ်စွပ်ထားပါ။ ပြီးနောက် ရေအေးနဲ့ သန့်စင်ပြီး လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပါ။ တစ်ပတ် ၂-၃ ကြိမ် ပြုလုပ်ပါ။
ဥအမျိုးမျိုးနဲ့ ပေါင်းတင်ပါ
ပရိုတင်းနဲ့ ပုံမှန်ပေါင်းတင်ပေးပါက ကလေးမွေးပြီး ဆံပင်ကျွတ်တာကို တားဆီးနိုင်ပြီး ဆံသားကျန်းမာသန်စွမ်းပြီး ထူထဲလာစေပါတယ်။ ပရိုတင်းနဲ့ ဆံပင်ပေါင်းတင်တဲ့အခါ အကောင်းဆုံးကတော့ ကြက်ဥကို အသုံးပြုတာပါပဲ။ ကြက်ဥမှာ သတ္တုဓာတ်တွေနဲ့ မရှိမဖြစ်အဆီတွေ များစွာပါဝင်လို့ ဆံသားအတွက် အာဟာရဖြစ်စေပြီး တောက်ပြောင်လှပစေပါတယ်။ ကြက်ဥ တစ်လုံး ဒါမှမဟုတ် နှစ်လုံးကို ဆံပင်အတို၊ အရှည်ပေါ်မူတည်ပြီး အသုံးပြုနိုင်ပါတယ်။ ကြက်ဥတွေထဲကို သံလွင်ဆီ ထမင်းစားဇွန်း နှစ်ဇွန်းထည့်ပြီး သေချာစွာမွှေပါ။ ဆံသားပေါ်လိမ်းပြီး မိနစ် ၃၀ လောက်ထားပါ။ ပြီးနောက် ရေ နွေးနွေးနဲ့ဆေးပြီး ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပါ။ တစ်ပတ်ကို ၁-၂ ကြိမ် ပြုလုပ်နိုင်ပါတယ်။
ဆီးဖြူသီး
ဆီးဖြူသီးက ဆံပင်အတွက် အာဟာရဓာတ်တွေ ပေးစွမ်းနိုင်ပါတယ်။ ဗီ တာမင် C ကြွယ်ဝတာကြောင့် ဦးရေပြား ကျန်းမာစေပြီး ဆံသားကြီးထွားမှုကို အားပေးပါတယ်။ မီးဖွားပြီး အမျိုးသမီးတွေမှာ ဆံပင်ကျွတ်တာ လျော့နည်းစေပြီး ဆံပင်ကြီးထွားနှုန်းကို မြန်ဆန်စေပါတယ်။ ဆီးဖြူသီးအမှုန့် ထမင်းစားဇွန်း တစ်ဇွန်းကို အုန်းဆီ ထမင်းစားဇွန်း နှစ်ဇွန်းနဲ့ရောပြီး ဆူတဲ့အထိ အပူပေးပါ။ အအေးခံပြီး ခပ်နွေးနွေးအချိန်မှာ ဦးရေပြားပေါ်လိမ်းပါ။ တစ်ညသိပ်ထားပြီး မနက်မိုးလင်းမှ ရေချိုးရင်း ခေါင်းလျှော်လိုက်ပါ။ နောက်တစ်နည်းအနေနဲ့ လတ် လတ်ဆတ်ဆတ် ဆီးဖြူသီးကို အရည် ညှစ်ယူပြီး ဆံသားအနှံ့လိမ်းပေးတာကလည်း ဆံပင်ကျွတ်တာကို လျော့နည်း စေပါတယ်။ ဒါ့ပြင် ဆီးဖြူသီး စားပေးတာ၊ ဒါမှမဟုတ် ဖြည့်စွက်စာအဖြစ် ထုတ်လုပ်ထားတာတွေကို စားသုံးတာလည်း ပြု လုပ်နိုင်ပါတယ်။ ဖြည့်စွက်စာ စားသုံးမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ရမှာ ဖြစ်ပါတယ်။

နန်းသီရိ (ဆေးဝါး)

Post Author: Good Health Journal