ကျန်းမာရေးအတွက် အရေးကြီးသည့် လက္ခဏာများ

သင့်ခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်တဲ့ အနေအထားတစ်ခုခု တွေ့ရှိနေပါသလား။ ဒါဟာ ခန္ဓာကိုယ်အတွင်း ဖြစ်ပေါ်နေတဲ့ကျန်းမာရေးပြဿနာတစ်ခုခုရဲ့ စောစောစီးစီးပြသတဲ့ သတိပေးလက္ခဏာဖြစ်နိုင်ပါတယ်။
ခန္ဓာကိုယ်အနေနဲ့ ဘာအကြောင်း ပြချက်မှမရှိဘဲ မျက်ခွံလှုပ်တာမှအစပြုပြီး ညဘက်ချွေးထွက်များတဲ့အထိ ပုံမှန်မဟုတ်တဲ့ လက္ခဏာမျိုးစုံကို ပြသလေ့ရှိတတ်ပါတယ်။ များသောအားဖြင့် တစ်ကြိမ်လောက်သာဖြစ်တတ်ပြီး အလိုလိုပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမဲ့ တစ်ကြိမ်မကဘဲ အကြိမ်ကြိမ်ဖြစ်ပေါ်နေရင် သင့်မှာ ကျန်းမာရေးပြဿနာတစ်ခုခု ဖြစ်နေပြီဆိုတာကို သတိပေးနေတာ ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း ပုံမှန်မဟုတ်တဲ့လက္ခဏာတချို့နဲ့ အဲဒီလိုလက္ခဏာတွေ ပြသရင် ဘာရောဂါဖြစ်နိုင်သလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။

ရောဂါလက္ခဏာ
အသားအရောင်ဝါနေခြင်း

     သင်ရဲ့အသားအရေဟာ အဝါရောင် သန်းနေရင် သင့်အသည်းမှာ ပြ ဿနာရှိနေနိုင်ပါတယ်။ အဖြစ်အများဆုံး အသည်းပြဿနာတစ်ခုဟာ အသည်း ရောင်ရောဂါဖြစ်တယ်လို့ ကျန်းမာရေးနဲ့ လူကြီးရောဂါဌာနက ပြောပါတယ်။ အသည်းရောင်ရောဂါအမျိုးအစားများစွာရှိပြီး သွေးဖောက်စစ်ဆေးတာနဲ့ ခွဲခြားမှုပြုလုပ်နိုင်ပါတယ်။
ခရီးသွားတာကြောင့် ခရီးမှအပြန် မှာ ဖြစ်တတ်တဲ့ အသည်းရောင်ရောဂါပိုး အမျိုးအစားဟာ A ဖြစ်ပြီး ရောဂါရှိနေတဲ့ ရေနဲ့ အစားအစာမှတစ်ဆင့် ရောဂါကူးစက်နိုင်သလို ဒါမှမဟုတ် အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှလည်း ကူးစက်နိုင်ပါတယ်။ အသည်းရောင်ရောဂါပိုးB အမျိုးအစားဟာ ပိုမိုပြင်းထန်ပြီး အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှတစ်ဆင့် ဒါမှမဟုတ် သွေးနဲ့ထိတွေ့ရာမှတစ်ဆင့် ကူးစက် တတ်ပါတယ်။ C အမျိုးအစား အသည်းရောင်ရောဂါပိုးဟာလည်း သွေးမှတစ်ဆင့်ကူးစက်နိုင်ပြီး မူးယစ်ဆေးဝါးအသုံးပြုသူ (အပ်တစ်ချောင်းတည်းကို မျှဝေပြီးအသုံးပြုသူ) တွေမှာ အဖြစ်များပါတယ်။ ဆေးထိုးအပ်ကို သေသေချာချာ သန့်စင်မထားတာ ဒါမှမဟုတ် တစ်ခါသုံး ဆေးထိုးအပ်ကို အသုံးမပြုတာ ဒါမှမဟုတ် နားဖောက်တာ၊ ဆေးမင်ကြောင် ထိုးတာ၊ ဆေးထိုးအပ်စူးမိတာ ဒါမှမဟုတ် သွားစိုက်ကိရိယာတွေကို သေသေချာချာမသန့်စင်ဘဲသုံးတာတွေကြောင့် လည်း အသည်းရောင် C ရောဂါပိုး ကူး စက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလနဲ့ ကလေးမွေးဖွားစဉ်မှာလည်း မိခင်မှ ကလေးကို ကူးစက်နိုင်ပါတယ်။

ရောဂါလက္ခဏာ
မျက်ခမ်းလှုပ်ခြင်း

     မျက်ခမ်းလှုပ်တာဟာ အဖြစ်များတဲ့ လက္ခဏာပါ။ ဒါပေမဲ့ မကြာခဏ မျက်ခမ်းလှုပ်ရင် (အထူးသဖြင့် မျက်လုံးတစ်ဖက်တည်းမှ တစ်နေရာတည်းမှာဖြစ်ရင်) စိတ်ပျက်စရာကောင်းလှပါတယ်။ မျက်ခမ်းလှုပ်ရတဲ့အကြောင်းရင်းကို မသိရပေမယ့် စိတ်ဖိစီးမှုကြောင့်ဖြစ်တယ်လို့ ထင်ကြပါတယ်။ သိသာထင်ရှားတဲ့ ဘာအကြောင်းပြချက်မှမရှိဘဲ မျက်ခမ်းလှုပ်တဲ့သူတွေဟာ ပင်ပန်းတာ ဒါမှမဟုတ် ဖိစီးမှုများနေတာကို ခံစားနေရတတ်ပါတယ်။ မျက်ခမ်းလှုပ်တာ အလိုလိုပျောက်ကင်းသွားနိုင်ပေမယ့် စိတ်ဖိစီးမှုများတာကိုလျှော့ချပြီး အိပ်ရေးဝအောင်အိပ်ရင် မျက်ခမ်းလှုပ်တာ သက်သာသွားနိုင်ပါတယ်။

ရောဂါလက္ခဏာ
လက်တုန်ခြင်း

     လက်တုန်ရတဲ့အကြောင်းရင်းများစွာ ရှိပါတယ်။ ကော်ဖီ ဒါမှမဟုတ် အရက်သောက်များလွန်းတာ ဖိစီးမှုနဲ့ စိုးရိမ် စိတ်များတာ ဒါမှမဟုတ် သွေးတွင်းသကြားအဆင့်နည်းသွားတာတွေကြောင့် လက်တုန်တတ်ပါတယ်။ ဒါပေမဲ့ လက်တုန်တာဟာ မပျောက်ကင်းဘဲ အမြဲတမ်း ဖြစ်နေတယ်ဆိုရင် မိမိခန္ဓာကိုယ်အတွင်း ရောဂါရှိ၊ မရှိ စစ်ဆေးပြုလုပ်ရပါမယ်။ လက်တုန်တဲ့ပုံစံအမျိုးမျိုးဟာ ရောဂါအမျိုးမျိုးကို ဖော်ပြနေတာပါ။ လက်တုန်တာ ဟာ မပျောက်ကင်းခဲ့ရင် သင့်မှာပါကင်ဆန်ရောဂါလိုမျိုး အာရုံကြောစနစ်ရဲ့ရောဂါ ဒါမှမဟုတ် သိုင်းရွိုက်အလုပ်လွန်တာမျိုး ဟော်မုန်းပြဿနာ ဟုတ်၊ မဟုတ် ဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးပါ။

ရောဂါလက္ခဏာ
အစက်အပြောက်များ မြင်နေရခြင်း

     မျက်စိထဲမှာ အစက်အပြောက်တွေ မြင်နေရတာဟာ သင့်စိတ်ကထင်နေတာ မဟုတ်ပါဘူး။ မျက်စိအနောက်က မြင် လွှာမှ ကြည်လင်တဲ့ဂျယ်လီတွေ အနည်း ငယ်ပြုတ်ထွက်သွားတာကြောင့် ပေါ လောမျောနေတာပါ။ အသက်အရွယ်ကြီးလာတာနဲ့အမျှ ပေါလောမျောနေတာ ပိုမိုများပြားလာတတ်ပြီး ဆရာဝန်က မျက်စိကို စမ်းသပ်စစ်ဆေးရာမှ တွေ့ရှိတတ်ပါတယ်။ များသောအားဖြင့် ဒုက္ခမပေးတတ်ပါဘူး။ ဒါပေမဲ့ တစ်ခါတလေ မြင်လွှာအနည်းငယ်ပွန်းသွားတာလိုမျိုး မျက်စိအတွင်းပြဿနာဖြစ်နိုင်ပြီး အမြင်အာရုံဆုံးရှုံးနိုင်တဲ့အထိ ဖြစ်တတ်ပါတယ်။ အကယ်၍ အစက်အပြောက် မြင်နေရတာဟာ အမြဲတမ်းဖြစ်နေရင် မျက်စိဆရာဝန်နဲ့ စစ်ဆေးပါ။

ရောဂါလက္ခဏာ
မျက်နှာနီရဲခြင်း

     မျက်နှာနီရဲတာဟာ ဝက်ခြံနီRosacea ရဲ့ ပထမဆုံးလက္ခဏာပါ။ သြစတြေးလျအရေပြားတက္ကသိုလ်မှ လေ့လာမှုအရ ဝက်ခြံနီဟာ အရွယ်မရွေးဖြစ်နိုင် ပြီး ဘာကြောင့်ဖြစ်ရသလဲဆိုတာ မသိဘူးလို့ သိရပါတယ်။ အသားဖြူသူ အသက် ၃၀ ဒါမှမဟုတ် ၄၀ အရွယ်မှာ စ တင်ပြီးဖြစ်တတ်တယ်လို့ ဆိုပါတယ်။ Rosaceaဖြစ်ပေါ်လာတာနဲ့တစ်ပြိုင်နက် သင့်မျက်နှာအမြဲတမ်းနီရဲနေတယ် လို့ အရေပြားအထူးကုဆရာဝန်Dr. Phillip Artemi က ပြောပါတယ်။ သင့်မှာ သွေးကြောငယ်တွေ ပေါက်ပြဲတာ၊ ဝက်ခြံတွေအများကြီး ပေါက်တာနဲ့ မျက် နှာရောင်ရမ်းတာပါဖြစ်လာတတ်တယ်လို့ ဆက်ပြောပါတယ်။
Rosacea မှာ မျက်မြှေးရောင်နာ၊ နှာခေါင်းနဲ့ မေးစေ့ရောင်ရမ်းပြီး ထူထပ်တာလိုမျိုးRhiniphyma လို့ခေါ်တဲ့ နောက်ဆက် တွဲပြဿနာတွေရှိပါတယ်။Rosacea ဟာ ကုသလို့မပျောက်ကင်းနိုင်ပါဘူး။ စောစောစီးစီးကုသမှုခံယူရင် ရောဂါပိုမိုမဆိုးရွာအောင် ထိန်းထားနိုင်ပါတယ်။Rosacea ကို ကုသရာမှာ ပူလောင်တဲ့အစာတွေကို ရှောင်ဖို့နဲ့ မျက်နှာအတွက် သုံးကုန်တွေကို မှန်ကန်စွာ ရွေးချယ်နိုင်တဲ့ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲပေးရပါမယ်။

ရောဂါလက္ခဏာ
ညဘက်ချွေးထွက်ခြင်း

     ပူပြင်းတဲ့ နွေရာသီညဘက် ဒါမှမဟုတ် မီးယပ်သွေးဆုံးတာတွေကြောင့် ညဘက်ချွေးထွက်များတာကတော့ မထူးဆန်းလှပါဘူး။ တခြားအကြောင်းတွေ ကြောင့်လည်း ညဘက်ချွေးထွက်များ တတ်ပါတယ်။ သိုင်းရွိုက်ရောဂါရဲ့ စောစောလက္ခဏာ၊ စိတ်ဖိစီးမှုများတာ၊ သွေးတိုးတာနဲ့ ပြန်ရည်ကျိတ်ကင်ဆာ Lymphone လိုမျိုး တချို့ကင်ဆာတွေကြောင့်လည်း ညဘက်ချွေးထွက်တတ်ပါတယ်။
ညဘက်ချွေးထွက်တာဟာ အမျိုးသမီးတွေ မီးယပ်သွေးမဆုံးမီအချိန်ကစတင်ပြီး ဖြစ်တတ်ပါတယ်။ မီးယပ်ပါရဂူ Dr.Elizabeth က ပြောပါတယ်။ အသက် ၄၅ နှစ်လောက်ကစတင်ပြီး မီးယပ်သွေးမမှန်တာတွေ ဖြစ်ပေါ်ကတည်းကစပြီး ညဘက်ချွေးထွက်တတ်ပါတယ်။ ညဘက်ချွေးထွက်တာကို ကုသရာမှာ ဘယ်အချိန်မှာစဖြစ်သလဲနဲ့ အခြေအနေ ဘယ်လောက်ဆိုးရွားသလဲပေါ်မူတည်ပါတယ်။ သင်ရဲ့ မီးယပ်လာတာနဲ့ ဆက်စပ်မှုရှိနေရင် ဆရာဝန်အနေနဲ့ သန္ဓေတားဆေးပေးတာ ဒါမှမဟုတ် ဟော်မုန်းနဲ့ ကုသတာတွေ လုပ်ပေးပါမယ်။

ရောဂါလက္ခဏာ
အာခေါင်ခြောက်ခြင်း

အာခေါင်ခြောက်နေတာဟာ ခန္ဓာ ကိုယ်တွင်း ရေဓာတ်လျော့နည်းနေတာ ကြောင့်ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အမြဲ တမ်း ရေအငတ်လွန်နေတာဟာ အမျိုး အစား (၂) ဆီးချိုရောဂါရဲ့ သတိပေး လက္ခဏာပါ။ သြစတြေးလျဆီးချိုရောဂါ အဖွဲ့ရဲ့ သတ်မှတ်ချက်အရ အမျိုးအစား (၂) ဆီးချိုရောဂါဟာ အဖြစ်အများဆုံး ဆီးချိုရောဂါဖြစ်ပြီး ဆီးချိုရောဂါရှိသူအား လုံးရဲ့ ၈၅ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းထိ ရှိတတ်ပါတယ်။ အဝလွန်တာ၊ လှုပ်ရှား မှုမရှိတာနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာစားတာ အပါအဝင် ဘဝနေထိုင်မှု ပုံစံတွေနဲ့လည်း ဆက်စပ်နေတယ်လို့ ဆို ပါတယ်။

ရောဂါလက္ခဏာ
သွားဖုံးမှ သွေးထွက်ခြင်း

     သွားဖုံးမှ သွေးထွက်တာဟာ သွား ဖုံးရောင်ရောဂါကြောင့် အဖြစ်များပါတယ်။ ခံတွင်းသန့်ရှင်းရေးကို သေသေချာချာမပြုလုပ်တာကြောင့် သွားဖုံးရောင် ရမ်းတတ်ပါတယ်။ သွားဖုံးမှ သွေးထွက်တာဟာ သွေးကင်ဆာလိုမျိုး သွေးပြဿနာ ဒါမှမဟုတ် ဗီတာမင် C နဲ့K ချို့တဲ့တာရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ဗီတာမင်K ကို အစိမ်းရောင်ဟင်းရွက်တွေစားရာမှရရှိနိုင်ပြီး အသည်းရောဂါရှိသူတွေမှာ အဆီကို ကောင်းကောင်းမစုပ်ယူနိုင်တာကြောင့် ဗီတာမင် K ချို့တဲ့ တတ်ပါတယ်။ ပဋီဇီဝဆေးနဲ့ တာရှည်စွာ ကုသမှုခံယူရသူတွေမှာလည်း ဗီတာမင် K ချို့တဲ့နိုင်ပါတယ်။

ရောဂါလက္ခဏာ
မျက်နှာပေါ် အမွေးအမှင်များခြင်း

     ငယ်ရွယ်သူအမျိုးသမီးတစ် ယောက်ရဲ့ မျက်နှာပေါ်မှာ အမွေးအမှင် များရတဲ့အကြောင်းရင်းများစွာရှိပါတယ်။ Cushing’s လက္ခဏာစုလည်း အပါအဝင်ဖြစ်ပြီး ခန္ဓာကိုယ်က အချိန်များစွာ ကော်တီစောအဆင့်ကို များများထိတွေ့ရတဲ့အခါမှာ ဖြစ်ပေါ်တတ်တဲ့ရောဂါပါ။ မမျိုးဥအိမ်ကင်ဆာ ဒါမှမဟုတ် အယ်ဒရီနယ် အကျိတ်ကင်ဆာကြောင့်လည်း မျက်နှာမှာ အမွေးအမှင်တွေ များတတ်ပါတယ်။ မျိုးရိုးဗီဇကြောင့်လည်း တချို့အမျိုးသမီးတွေမှာ တခြားသူတွေထက် ခန္ဓာကိုယ်နဲ့ မျက်နှာပြင်ပေါ်မှာ အမွေး များတတ်ကြပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အတွင်း Androgen ခေါ်တဲ့ အမျိုးသားဟော်မုန်းတွေ များနေတာကြောင့် ဟော်မုန်းမညီမျှမှုဖြစ်ပြီး မမျိုးဥအိမ်မှာ ရေအိတ်တွေဖြစ်နေတဲ့ လက္ခဏာစု (Polycystic Ovary Syn-drome) ကြောင့်လည်း မျက်နှာပေါ်မှာ အမွေးအမှင်များတတ်ပါတယ်။
Polycystic Ovary Syndrome (POC) ဟာ ကလေးမွေးနိုင်တဲ့အရွယ် အမျိုးသမီးတွေရဲ့ ၁၁ ရာခိုင်နှုန်းမှာ ဖြစ် လေ့ရှိပါတယ်။ အောက်ပါလက္ခဏာတွေထဲမှ နှစ်မျိုး ဒါမှမဟုတ် နှစ်မျိုးထက်ပိုပြီး ရှိနေရင် POC လို့ ခေါ်ဆိုနိုင်ပါတယ်။ သွေးအတွင်း Androgen တွေ များနေတာ၊ အမျိုးသားပုံစံထိပ်ပြောင်နေပြီး ခန္ဓာကိုယ်အတွင်း အမွေးများတာ ဒါမှ မဟုတ် မမျိုးဥကြွေတာ ပုံမှန်မဟုတ်တာ တွေပါ။
POC ဖြစ်ရင် ရေရှည်မှာ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ကလေးမရနိုင်တာ၊ အမျိုးအစား (၂) ဆီးချိုရောဂါဖြစ် တာနဲ့ ကိုလက်စထရောမြင့်မားတာတွေ ဖြစ်တတ်ပါတယ်။ ရောဂါရှိမှန်း စောစောစီးစီးသိရှိလို့ ကြိုတင်ကုသနိုင်ရင် ဆိုးကျိုးဖြစ်နိုင်ခြေလျော့သွားပါတယ်။

ရောဂါလက္ခဏာ
ရင်တုန်ခြင်း

     စိတ်ဖိစီးမှုများတာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ ကဖင်းအများကြီးသောက်တာတွေအပါအဝင် နှလုံးခုန်တာ မြန်ရတဲ့အကြောင်းရင်းတွေ များစွာရှိပါတယ်။ တစ်ခါတရံ နှလုံးခုန်မြန်တာဟာ ဘာပြဿနာ မှမဟုတ်ပေမယ့် အမြဲတမ်းနှလုံးခုန်နှုန်း ပုံမမှန်ဖြစ်နေရင် စစ်ဆေးမှုပြုလုပ်ရပါမယ်။
နှလုံးစည်းချက် မမှန်ရတဲ့ အမျိုးအစားများစွာရှိပါတယ်။ တချို့နှလုံးစည်း ချက်မမှန်တာတွေဟာ ဆိုးရွားတတ်ပါတယ်။ ကုသမှုမခံယူရင် နှလုံးညှစ်အား အပေါ် ထိခိုက်မှုရှိနိုင်ပြီး အသက်ရှူမ၀တာ၊ ခေါင်းမူးတာ၊ မူးဝေတာ ဒါမှမဟုတ် ဆိုးရွားတဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်ပေါ်တတ်ပါတယ်။

ရောဂါလက္ခဏာ
လျှာပေါ်မှာ အဖြူစက်ရှိခြင်း

     ကျန်းမာနေတဲ့ လျှာတစ်ခုရဲ့အရောင်ဟာ အမြဲတမ်းပန်းရောင်သန်းနေတတ်ပါတယ်။ အကယ်၍ လျှာပေါ်မှာ အဖြူရောင်အစက်ရှိနေရင် မှက္ခခရုပေါက်တဲ့လက္ခဏာပါ။
လူတွေရဲ့ ၅၀ ရာခိုင်နှုန်းမှာ ပါးစပ်အတွင်း မှိုပိုးတွေရှိနေတတ်ပြီး များသောအားဖြင့် ဘာလက္ခဏာမှ မပြသတတ်ပါဘူး။ တစ်ခါတစ်ရံ မှိုပေါက်ဖွားမှုများလာရင် မှက္ခရုဖြစ်လာနိုင်ပါတယ်။ ငုံဆေးငုံတာ ဒါမှမဟုတ် ဂျယ်လီလိမ်းတာတွေနဲ့ သက်သာနိုင်ပေမယ့် အဖြူရောင်အစက်ဟာ မပျောက်ကင်းဘဲရှိနေရင် ဆရာဝန်နဲ့ပြပါ။
လျှာပေါ်မှာ အဖြူရောင်အစက်ရှိ တာဟာလည်း ကျန်းမာရေးပြဿနာတွေရဲ့ သတိပေးလက္ခဏာဖြစ်တတ်ပါတယ်။ ပါးစပ်အတွင်း Cell တွေ ကြီးထွားတာ၊ အလွန်များလွန်းတာကြောင့် ကင်ဆာအကြို Leukoplakia လည်း ဖြစ်တတ်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal