စိတ်ဖိစီးမှုကြောင့် နှလုံးကျန်းမာရေး မထိခိုက်ရလေအောင်

စိတ်ဖိစီးမှုက သင့်နှလုံးကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ အကြောင်းအရာတစ်ခုပါ။ စိတ်ဖိစီးမှုဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေကို လျှော့ချနိုင်မယ်ဆို ရင် နှလုံးနဲ့ပတ်သက်တဲ့ပြဿနာတွေ ဖြစ်နိုင်ခြေလည်း နည်းသွားနိုင်ပါတယ်။

ယောဂကျင့်ပါ
ယောဂကျင့်တာက စိတ်နဲ့ခန္ဓာကိုယ်ကို တည်ငြိမ်စေပြီး စိတ်ဖိစီးကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကင်းဝေးစေပါတယ်။

တရားထိုင်ပါ
တစ်နေ့ကို မိနစ် ၂၀-၃၀ လောက် တရားထိုင်ပေးမယ်ဆိုရင် စိတ်ဖိစီးမှု ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ ပျက်စီးမှုတွေကို ရှောင်ရှားနိုင်ပါတယ်။

ခြံထဲဆင်းပါ
သင့်ခြံဝန်းထဲကိုဆင်းပြီး သစ်ပင် ပန်းပင်လေးတွေ ပြုစုတာ၊ ပေါင်းသင်တာ၊ ရေလောင်းတာတွေကို ပြုလုပ်ပေးမယ်ဆိုရင် စိတ်အေးချမ်းတည်ငြိမ်မှုကို ခံစားရစေပါတယ်။

ရယ်မောပါ
ရယ်မောတာက စိတ်ဖိစီးမှုကင်းဝေးစေတဲ့ ဆေးကောင်းတစ်ခွက်ပါ။ ဟက်ဟက်ပက်ပက် ရယ်မောပျော်ရွှင်စွာ နေတတ်သူတွေဟာ စိတ်ဆင်းရဲခြင်းကင်း ပြီး စိတ်ဖိစီးမှုသောကတွေကနေ ကင်းဝေးစေပါတယ်။

နေ့စဉ်မှတ်တမ်းရေးပါ
တစ်နေ့တာ ဖြစ်ပျက်ခဲ့တာတွေကို အိမ်ပြန်ရောက်ပြီး အေးအေးဆေးဆေး ဖြစ်တဲ့အချိန်မှာ မှတ်စုစာအုပ်ထဲ ရေးမှတ်တာကလည်း စိတ်ဖိစီးမှုကို အထိုက် အလျောက် ကင်းဝေးစေပါတယ်။ တစ်နေ့တာမှာ ဖြစ်ပေါ်ခဲ့တဲ့ ဒေါသဖြစ်စရာအ ကြောင်းအရာတွေ၊ အခက်အခဲတွေကို ရေးသားရင်း အဲဒါတွေရဲ့ အဖြေကိုလည်းသိရှိပြီး ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

သူငယ်ချင်းတွေနဲ့ တွေ့ဆုံပါ
သင်က ပတ်ဝန်းကျင်နဲ့ ပေါင်းသင်း ဆက်ဆံမှု မရှိဘူး၊ မိတ်ဆွေ သူငယ်ချင်း တွေလည်း မရှိဘူးဆိုရင်တော့ စိတ်သက် သာစရာ အကြောင်းက ရှိလာမှာ မဟုတ် ပါဘူး။ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပေါင်းသင်းဆက်ဆံတာကလည်း စိတ်ဖိ စီးမှု ကင်းဝေးစေတဲ့ နည်းလမ်းကောင်း တစ်ခုပါ။ သူငယ်ချင်းတွေနဲ့ တစ်လကို တစ်ကြိမ်လောက်တော့ အနည်းဆုံးတွေ့ဆုံပြီး ငယ်ဘ၀ အမှတ်တရတွေ ပြန်ပြော ရင်း ရယ်မောပျော်ရွှင်မှုတွေကို ခံစားရယူဖို့လည်း မမေ့ပါနဲ့။

အိပ်ရေးဝအောင် အိပ်စက်ပါ
အိပ်ပျက်များတဲ့အခါ စိတ်မရှည်ဘဲ စိတ်တိုလာတာ၊ ဒေါသကြီးလာတာတွေ ဖြစ်လာတတ်ပါတယ်။ ဒါဟာ အိပ်ပျက်များလို့ စိတ်ဖိစီးမှုများလာလို့ ဖြစ်လာတာ တွေပါ။ ဒါကြောင့် အိပ်ရေးဝအောင် အိပ်စက်ဖို့ဆိုရင် တစ်နေ့ကို ၇-၈ နာရီကြာလောက်တော့ အိပ်စက်ဖို့ လိုပါတယ်။

စကားပြောသင်တန်းတွေ တက်ပါ
သင်မတတ်မြောက်သေးတဲ့ ဘာသာစကားအသစ်တစ်ခုခုကို လေ့လာလိုက်တာကလည်း စိတ်ဖိစီးမှုကို လျော့နည်းသွားစေနိုင်တဲ့ အကြောင်းတစ်ခုဖြစ် ပါတယ်။ ဘာသာစကားအသစ်ရဲ့ စကားလုံးပေါင်းများစွာကို ဦးနှောက်က လိုက်မှတ်နေရတာကြောင့် စိတ်ဖိစီးတဲ့ အကြောင်းအရာတွေ ခေါင်းထဲ မရောက်လာ နိုင်တော့ပါဘူး။

သင့်နှလုံးကို ကြင်နာပါ
ပုံမှန်ကျန်းမာရေးစစ်ဆေးမှုကို ခံယူ မယ်ဆိုရင် သင့်နှလုံးရဲ့အခြေအနေကို မပြတ်သိရှိနိုင်ပါတယ်။ သင့်မှာ နာတာ ရှည် ဆီးချိုသွေးချိုရောဂါရှိတယ်ဆိုရင် နှလုံးကို ဂရုတစိုက် စောင့်ရှောက်ဖို့ လိုပါတယ်။

နှလုံးမှာ ပြဿနာရှိနေလား
နှလုံးခုန်မြန်တာ၊ နှလုံးခုန်နှုန်း မမှန်တာ၊ အားနည်းနေသလို ခံစားနေရတာ၊ အသက်ရှူမြန်တာ စတာတွေက နှလုံးမှာ ပြဿနာရှိနေတဲ့လက္ခဏာရပ်တွေ ဖြစ် နေနိုင်တာကြောင့် ပေါ့ပေါ့ဆဆ သဘောထားနေလို့ မရပါဘူး။

ပေါ့ဆနေမယ်ဆိုရင်
နှလုံးမှာ ပြဿနာတစ်စုံတစ်ရာ ရှိနေပြီဆိုရင် လက္ခဏာရပ်တွေ သင်ခံစားနေရပြီဆိုရင်တော့ ပေါ့ပေါ့ဆဆမနေသင့်တော့ပါဘူး။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ပြသပြီး စစ်ဆေးကုသမှုတွေ ခံယူသင့်ပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ မေ့မေ့လျော့လျော့နေမယ်ဆိုရင်တော့ နှလုံးပျက်စီးတဲ့အဆင့်ကို ရောက်သွားနိုင်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal