လေ့လာသင်ယူခြင်းအနုပညာ

လူတွေဟာ ငယ်စဉ်ကတည်းက စာသင်သားတွေဖြစ်ခဲ့ကြပြီး ဘ၀တစ် လျှောက်လုံးလည်း သင်ယူစရာ၊ လေ့လာ စရာတွေ အဆက်မပြတ် အများကြီးရှိ နေတာမို့ ရာသက်ပန် စာသင်သားတွေလို့ ဆိုနိုင်ပါတယ်။ လေ့လာသင်ယူတာဟာ သင်ရဲ့အတွေးအမြင်ကျယ်စေပြီး ဘ၀ကို တိုးတက်အောင်မြင်အောင် စွမ်းဆောင် စေနိုင်ပါတယ်။
ပညာရဲရင့် ပွဲလယ်တင့် ဆိုတဲ့အ တိုင်း ပညာပြည့်ဝတဲ့အခါ နှလုံးလှနေပြီး ဘယ်နေရာသွားသွား တင့်တယ်နေမှာပါ။ ဘ၀ပျက်စီးရာပျက်စီးကြောင်း လမ်းမှား ပေါ် အလွယ်တကူမရောက်တော့သလို လူမှုကျင့်ဝတ်နဲ့ ဥပဒေဖောက်ဖျက်တာ တွေလည်း လုပ်မှာမဟုတ်ပါဘူး။ ပညာ တတ်လာတဲ့အခါ ထက်မြက်လာသလို ဆုံးဖြတ်ချက်အမှားတွေ လုပ်မိဖို့လည်း နည်းသွားပါတယ်။
သင်ယူလေ့လာနိုင်စွမ်းအား ကောင်း လေ၊ အသိပညာတိုးတက်လေဖြစ်ပေ မယ့် အလုပ်ခွင်ထဲရောက်သွားတဲ့အခါ တချို့တွေအတွက်ကတော့ သင်ယူ လေ့လာဖို့အချိန်ဆိုတာ မရှိသလောက် ရှားသွားတတ်ပါတယ်။ သင့်အတွက် ဘာမှ သင်ယူစရာ မရှိ၊ လေ့လာခွင့်မရှိ၊ အသိပညာတိုးပွားစေဖို့ အခွင့်အလမ်း မရှိတဲ့လုပ်ငန်းခွင်မှာ တစ်ပတ် နာရီလေး ဆယ် ဖြုန်းနေဖို့ကိုတော့ မစဉ်းစားပါနဲ့။
တစ်နေ့ကို ရေတစ်စက်နှုန်းနဲ့ ရေခံ ထားရင်တောင် တစ်လ၊ တစ်နှစ်ကြာတဲ့ အခါ အပြောင်းလဲကြီး ပြောင်းလဲသွားပြီ ဖြစ်ပါတယ်။ မိုးရွာတုန်းရေခံဆိုသလို မျက်စိတွေကောင်းနေတုန်း ဖတ်မှတ် လေ့လာထားသင့်ပါတယ်။ အဓိကက တော့ သင်ကိုယ်တိုင်ကလည်း သင်ယူ လေ့လာချင်စိတ်ရှိဖို့လိုပါတယ်။ သင်ပြန် အသုံးချလို့ရမယ့် အတတ်ပညာတွေကို အရင်ဆုံး လေ့လာလိုက်စားပါ။ ဒါက ဘ၀အတွက် အခြေခံအုတ်မြစ်ကောင်း တစ်ခု တည်ထောင်လိုက်တာပဲ ဖြစ်ပါတယ်။
နောက် သင်မလုပ်တတ်တဲ့အရာ တွေကို လုပ်ရမှာ မကြောက်ပါနဲ့။ သင် ဟာ ပန်းချီဆွဲညံ့တယ်ဆိုရင် ပန်းချီဆွဲ ကြည့်ပါ၊ ကွန်ပျူတာမသုံးတတ်ဘူးဆိုရင် စမ်းသုံးကြည့်ပါ။ အပြည့်ဖြည့်ထားတဲ့ ရေခွက်ထဲကို ရေထပ်ဖြည့်လို့မရနိုင်သ လို သင်လေ့လာတဲ့အခါမှာလည်း သင် သိထားတာတွေက ဆက်လေ့လာဖို့ ခက် ခဲစေတတ်ပါတယ်။ ဒါကြောင့် သင်သိ ထားတာ၊ လေ့လာထားတာတွေက အမြဲ မမှန်နိုင်ဘူးဆိုတာရယ်၊ အတွေးအမြင် သစ်တွေ တွေးခေါ်တတ်ဖို့ ကြိုးစားပါ။
ရာသက်ပန်လေ့လာလိုက်စားနိုင်ဖို့ ဆိုတာကလည်း သင်တစ်ယောက်တည်း စာအုပ်တွေဆယ်ဒါဇင်လောက်နဲ့ အခန်း တံခါးပိတ်ပြီး ထိုင်ဖတ်နေဖို့မဆိုလိုပါဘူး။ ကျွမ်းကျင်မှုဆိုင်ရာမျိုးစုံ သင်ကြားပေး တဲ့ အဖွဲ့အစည်းတွေမှာ အသင်းဝင် ထားနိုင်ပါတယ်။ အတူတူလေ့လာနိုင်တဲ့ Workshops လေးတွေက သင့်ကို ပျော် ပျော်ရွှင်ရွှင်နဲ့ လေ့လာစေနိုင်ပါတယ်။
နောက်ပြီး အတွေးအမြင်ရှိတဲ့ သူ တွေ၊ အတွေးအခေါ်ကောင်းသူတွေ၊ ၀ါသနာတစ်ခုခုနောက်ကို အားသွန်ခွန် စိုက်လိုက်နေသူတွေနဲ့ မိတ်ဆွေဖွဲ့ထား ပါ။ သူတို့ဆီက ဗဟုသုတတွေ ရနိုင်ပြီး အတွေးအမြင်သစ်တွေ ဖလှယ်ပါ။ သင် လေ့လာချင်တဲ့အတတ်ပညာတစ်ခုခု၊ ဖတ်ချင်တဲ့ စာအုပ်တစ်မျိုးမျိုး၊ ဗဟုသုတ တိုးစေတဲ့ အရာတစ်ခုခု၊ သင်ချင်တဲ့ ဘာသာစကားအသစ်တစ်ခုခုကို လုပ် ဆောင်နိုင်ဖို့ list လုပ်ထားပါ။ ဒါဆို သင် ရဲ့ဘ၀မှာ အလဟဿ ကုန်ဆုံးဖို့ အချိန် တွေမရှိတာရယ်၊ လုပ်စရာ၊ သင်ယူစရာ အလုပ်တွေ ကျန်ရှိနေသေးတာကို သင် သတိရစေမှာပါ။ ဒီလိုနဲ့ပဲ တိုတောင်းတဲ့ လူ့ဘ၀မှာ သင်ယူရင်း၊ လေ့လာရင်းနဲ့ အချိန်ကုန်ဆုံးစေတာက ဘ၀အတွက် အကျိုးရှိစေမှာပါ။ 

◘ ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published.