ဆရာဝန်ညွှန်ကြားတဲ့ဆေးဝါးတွေကို သောက်တော့မယ်ဆိုရင်

ဆေးဝါးတွေမှာ ဆရာဝန်ညွှန်ကြားလိုဘဲ ဝယ်ယူသုံးစွဲလို့ရတဲ့ ဆေးဝါးတွေရှိသလို၊ ဆရာဝန်ရဲ့ ညွှန်ကြားချက်မပါဘဲ ဝယ်ယူသောက်သုံးလို့ မရတဲ့ ဆေးဝါးတွေလည်းရှိပါတယ်။ ဆရာဝန်ညွှန်ကြားချက်လိုတဲ့ ဆေးဝါးတွေကို သောက်သုံးမယ်ဆိုရင် ပိုပြီးဂရုစိုက်ဖို့ လိုအပ်တဲ့အကြောင်းအရာတွေ ရှိနေတာကြောင့်ပါ။

ဆေးဝါးတွေကို သတ်မှတ်ချိန်ပြည့်တဲ့အထိ သောက်ပါ
ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကို ဆရာဝန်က သောက်ရမယ်ဆိုတဲ့ရက်အထိ တိတိကျကျသောက်သုံးပါ။ ရောဂါသက်သာလာတယ်ဆိုပြီး ကိုယ့်သဘောနဲ့ ကိုယ် မရပ်လိုက်ပါနဲ့။ ပိုးသတ်ဆေးလို တချို့ဆေးတွေက ဆေးပတ်လည်အောင် သောက်ရတာမျိုး ရှိသလို၊ တချို့ဆေးတွေက သောက်နေတာကနေ ချက်ချင်း ဖြတ်လိုက်လို့မရတဲ့ဆေးမျိုးတွေလည်း ရှိနိုင်တာကြောင့်ပါ။

ဆေးကို တိတိကျကျ မှန်မှန်ကန်ကန် သောက်ပါ
ဆေးသောက်ချိန်တွေကို ဆရာဝန်သတ်မှတ်ပေးလိုက်တဲ့အချိန်တွေအတိုင်း အချိန်မှန်မှန်နဲ့ တိတိကျကျ သောက်ပေးရပါမယ်။ အထူးသဖြင့် ပိုးသတ်ဆေးတွေဟာ အချိန်တိတိကျကျနဲ့ ဆေးပတ်လည် အောင်သောက်ဖို့လိုအပ်ပါတယ်။ ဆီး ချိုကျဆေးတွေဆိုရင်လည်း အစာမစား ခင်ဆေးသောက်ထားပြီးမှ အစာစားရတာမျိုးပါ။ တချို့ဆေးတွေက အစာအိမ်ထဲမှာ အစာတွေရှိနေရင် ဆေးအာနိသင် ကောင်းကောင်းမရနိုင်တာမျိုးကြောင့် ဆေးကို အစာမရှိတဲ့အချိန် ဒါမှမဟုတ် အစာနဲ့အချိန်ခွာပြီးမှ သောက်ရပြီး တချို့ဆေးတွေက အစာအိမ်ထဲမှာ အစာမရှိရင် အစာအိမ်ကို ဒုက္ခပေးနိုင်တာ ကြောင့် အစာစားပြီး အစာရှိနေချိန်မှာ သောက်ရတာမျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့် ဆေးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း တိတိကျကျ မှန်မှန်ကန်ကန်သောက်ဖို့ အရေးကြီးပါတယ်။

ဆေးဝါးတွေကို သေချာစွာသိမ်းဆည်းပါ
ဆေးဝါးတွေကို ကလေးတွေ လက်လှမ်းမမီနိုင်တဲ့နေရာမျိုးတွေမှာ သေချာလုံခြုံစွာသိမ်းဆည်းဖို့ လိုအပ်ပါတယ်။ ဒါ့ပြင် နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တဲ့နေရာ၊ အစိုဓာတ်ရှိတဲ့နေရာ (မီးဖိုခန်း၊ ရေချိုးခန်း) မျိုးတွေလည်း မဖြစ်ရပါဘူး။ အေးမြပြီး ခြောက်သွေ့တဲ့နေရာမျိုးမှာ ဆေးတွေကို သိမ်းဆည်းတာ အကောင်း ဆုံးပါ။

ဒိတ်လွန်ဆေးဝါးတွေနဲ့ မသုံးတော့တဲ့ ဆေးဝါးတွေကို စနစ်တကျ စွန့်ပစ်ပါ
ဒိတ်လွန်ဆေးဝါးတွေကို အိမ်သာထဲ လောင်းထည့်တာမျိုးတွေ မလုပ်သင့်ပါဘူးလို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။ အကြောင်းရင်းကတော့ ရေလမ်းကြောင်းစနစ်ကို ညစ်ညမ်းမှုတွေ ဖြစ်စေနိုင်တာကြောင့်လို့ သိရပါတယ်။ မသောက်သုံးဖြစ်တော့တဲ့ ဆေးအဟောင်းတွေ၊ ဒိတ်လွန်ပျက်စီးဆေးဝါးတွေကို အိတ်တစ်လုံးထဲ သေချာစွာ ထည့်ပြီးမှ စနစ်တကျ လွှင့်ပစ်ရပါမယ်။ ကလေးတွေကိုလည်း မသုံးတော့တဲ့ ဒိတ်လွန်ဆေးဝါးတွေနဲ့ ဆော့ကစားစေတာမျိုးတွေလည်း တင်းတင်းကျပ်ကျပ်တားမြစ်ရပါမယ်။

ဆယ်ကျော်သက်အရွယ်တွေရဲ့ ဆေးဝါး သုံးစွဲမှုကို ဂရုပြုပါ
ဆယ်ကျော်သက်အရွယ်တွေက ဆေးဝါးတချို့ကို လူကြီးမိဘတွေကို အသိမပေးဘဲ သူတို့ဘာသာ သုံးစွဲနေတာမျိုးတွေ ရှိတတ်ကြပါတယ်။ လူကြီးမိဘတွေကို အသိမပေးဘဲ သောက်လို့ရပါ တယ်ဆိုတဲ့အထင်နဲ့ သုံးစွဲနေတတ်ကြ ပါတယ်။ ဒါကို မိဘအုပ်ထိန်းသူတွေအနေနဲ့ သတိထားပြီး ကြည့်ရှုဖို့၊ အလေးဂရုပြုဖို့ လိုအပ်ပါတယ်။ သူတို့သဘောနဲ့ သူတို့သောက်တဲ့အခါ ဆေးပမာဏများ သွားတာမျိုး၊ ဆေးကို ရပ်သင့်တဲ့အချိန်မှာ မရပ်ဘဲ ဆက်သောက်နေတာမျိုးတွေ ဖြစ်ပြီး ဒုက္ခရောက်နိုင်တာကြောင့် ကလေးတွေကို လူကြီးမိဘတွေကို အသိမပေးဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆေးတွေ မသောက်မိစေဖို့ တင်းတင်းကျပ်ကျပ် ပြောဆိုဆုံးမ ပညာပေးထားကြဖို့လည်း လိုအပ်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကအသိုလ်)

Post Author: Good Health Journal