သွေးတွင်းသကြားဓာတ် မြင့်မားတာကို လျှော့ချပေးနိုင်မယ့် အကြံပြုချက်တွေ

သွေးတွင်းမှာ သကြားဓာတ် တွေ မြင့်မားနေတဲ့အခါ ဆီးချိုသွေးချို၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ စတာတွေ ဖြစ်ပွားနိုင်ပြီး ခန္ဓာကိုယ်ရဲ့ တခြား အင်္ဂါ အစိတ်အပိုင်းတွေကိုလည်း ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်တဲ့ အကြံပြုချက်တချို့ကို ရေးသား လိုက်ပါတယ်။

အိမ်မှုကိစ္စတွေ ပြုလုပ်ပါ
အချိန်ရရင်ရသလို အိမ်မှာ တံမြက်စည်းလှည်းတာ၊ ခြံဝင်းထဲမှာ ပေါင်းသင်ရှင်းလင်းရေးလုပ်တာဟာ သွေးချိုဆီးချို ရောဂါရှိတဲ့သူတွေအတွက် သွေးတွင်း သကြားဓာတ်လျှော့ချပေးနိုင်မယ့် အကောင်းဆုံးအလေ့အကျင့်တွေ ဖြစ်ပါတယ်။ လမ်းများများလျှောက်ပေးတာ၊ စက်ဘီးစီးတာ၊ မနှေးမမြန်ပြေးတာ စတာတွေကလည်း သွေးတွင်းသကြား ဓာတ်မတက်နိုင် ကူညီပေးနိုင်တဲ့ လေ့ကျင့်ခန်းတွေဖြစ်တာကြောင့် တစ်ယောက်တည်းဖြစ်စေ၊ အဖော်တွေနဲ့ဖြစ်စေ ပြုလုပ်နိုင်ပါတယ်။

ဒိန်ချဉ်သောက်ပါ
အကျိုးပြု ဗတ်တီးရီးယားများစွာပါဝင်တဲ့ ဒိန်ချဉ်ဟာ အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် သွေးတွင်း ဂလူးကိုစ့်ဓာတ်များမသွားအောင်လည်း ကာ ကွယ်ပေးနိုင်ပါတယ်။ တချို့ ဒိန်ချဉ် တွေကတော့ သကြားနဲ့ သစ်သီးတွေ ပါဝင်တာကြောင့် ကာဗိုဟိုက်ဒရိတ်ဓာတ် ရရှိနှုန်းမြင့်တက်စေတဲ့အတွက် ဖြစ်နိုင်ရင် ဒိန်ချဉ်စားတဲ့အခါ ဒီအတိုင်း ရိုးရိုးဒိန်ချဉ်ကိုပဲ ဒီအတိုင်းစားတာ ဒါမှမဟုတ် အရသာမရှိမှာစိုးရင် သကြားအနည်းငယ်ဖြူးပြီး စားသင့်ပါတယ်။

သက်သတ်လွတ် စားပါ
မကြာသေးခင်က လေ့လာတွေ့ရှိ ချက်တစ်ခုမှာ အမျိုးအစား-၂ ဆီးချို သွေးချိုရောဂါရှိတဲ့သူတွေဟာ သက်သတ်လွတ်စားတဲ့အလေ့အကျင့်ကို ပြုလုပ်လိုက်တဲ့အခါ ဆီးချိုရောဂါကို အတော်လေးထိန်းနိုင်ပြီး ကျန်းကျန်းမာ မာနေနိုင်တာကို တွေ့ရတယ်လို့ သိရပါတယ်။ ဟင်းသီးဟင်းရွက် သစ်သီး၀ လံတွေဟာ အမျှင်ဓာတ်ကြွယ်ဝပြီး ကာဗို ဟိုက်ဒရိတ်ဓာတ်မျှတကာ ပရိုတင်းဓာတ်လည်း အသင့်အတင့်ရှိတာကြောင့် အသားတွေထက် များများစားသင့်တဲ့ အစာတွေ ဖြစ်ပါတယ်။ ဒီတော့ မိမိ ဆွေးနွေးနေကျ ကျွမ်းကျင်သူတွေနဲ့ တိုင် ပင်ပြီး အစားအသောက်ပုံစံပြောင်းလဲစားသောက်တာမျိုး ပြုလုပ်သင့်ပါတယ်။

နေအပူချိန်ပြင်းကျရောက်နေတဲ့ နေရာ မျိုးရှောင်ပါ
နေအပူချိန်ပြင်းတဲ့ဒဏ်ကို ခံရတဲ့ အခါမျိုးမှာလည်း သွေးတွင်းသကြား ဓာတ်မြင့်တက်တာ၊ ထိန်းချုပ်ရခက်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီတော့ အပူချိန်များတဲ့နေရာမျိုးသွားရတဲ့အခါ ရေများများသောက်ပါ။ ရေဓာတ်ခန်း ခြောက်တာမျိုး လုံးဝမဖြစ်ပါစေနဲ့။ နောက်ပြီး နေအပူချိန်က ဆီးချိုသွေးချိုတိုင်းတဲ့ ဂလူးကိုစ့်မီတာနဲ့Strips ပြား တွေကို ရလဒ်မမှန်တာမျိုး ဖြစ်စေတာကြောင့် နေပူတဲ့နေရာမျိုးမှာ ရပ်ထားတဲ့ ကားထဲမှာ အကြာကြီးထားခဲ့တာမျိုး မလုပ်ပါနဲ့။

 

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

 

Post Author: Good Health Journal