မြောင်းပိုက်ဆေးရည် သောက်ချမိသည့်ကလေးငယ် စကားပြောနိုင်စွမ်းကင်းမဲ့သွားခဲ့ရ

မန်ချက်စတာမြို့က ဆာဖာစူပါစတိုးဆိုင်တစ်ဆိုင်မှာ အသက်နှစ်နှစ်အရွယ်ကလေးငယ်တစ်ဦးက မြောင်းပိုက်ဆေးရည်ကို သောက်လိုက်မိတာကြောင့် အဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး ပါးစပ်ပြာနှမ်းကာ သွေးတွေထွက်လာခဲ့တာကြောင့် ဆေးရုံကို အရေးပေါ်ပို့ဆောင်ကာ ကုသမှုခံယူခဲ့ရပါတယ်။ ကော့စတစ်ဆိုဒါပါတဲ့ ဒီဆေးရည်က မြောင်းပိုက်တွေထဲမှာ ပိတ်ဆို့နေတာတွေကို ရှင်းလင်းသွားစေဖို့ အသုံးပြုရတဲ့ ဓာတုပါဝင်မှုများပြားတဲ့ ဆေးရည်ဖြစ်ပြီး ဒီဆေးရည်ပုလင်းကို ကလေးငယ်အိုင်မန်က သွားကိုင်ပြီး အဖုံးကို အလွယ်တကူပဲဖွင့်လိုက်နိုင်ခဲ့ကာ သောက်မိခဲ့တာကြောင့် ကလေးရဲ့ပါးစပ်နဲ့လက်တွေ၊ ခြေတွေမှာပါ ဓာတုလောင်ကျွမ်းမှုတွေနဲ့ ဆိုးဆိုးရွားရွားထိခိုက်ဒဏ်ရာရစေခဲ့တာဖြစ်ပါတယ်။ မိခင်ဖြစ်သူက ဈေးဆိုင်မှာဈေးဝယ်နေတုန်း ကလေးက အိမ်သုံးဓာတုဆေးရည်ပုလင်းတွေဘက်ဆီရောက်သွားခဲ့ကာ ခုလိုမတော်တဆဖြစ်ခဲ့တာဖြစ်ပါတယ်။ ရွိုင်ရယ်မန်ချက်စတာဆေးရုံက အတွင်းလူနာဌာနမှာ တစ်လကြာကုသမှုခံယူခဲ့ရပြီး နောက်ထပ်ခြောက်လကြာအောင် ဆေးရုံမှာနေခဲ့ရသေးတယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။ အိုင်မန်လိုကလေးငယ်လေးကတောင် အလွယ်တကူဖွင့်လိုက်နိုင်လောက်အောင် ဘေးကင်းစိတ်ချမှုမရှိ အောင်ထုတ်လုပ်ထားတဲ့ ဆေးရည် ကုမ္ပဏီကို မိခင်ဖြစ်သူက တရားစွဲဆို ထားခဲ့တယ်လို့သိရပါတယ်။

◘ (DM,7.6.18) သံသာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published.