ရောဂါမျိုးစုံအဖုံဖုံ

လူတစ်ဦးတစ်ယောက်၏ သက်တမ်း မည်မျှရှည်မည်၊ အသက်မည်မျှတွင် သေဆုံးရမည်ဟူ၍ ပုံသေကားကျ မရှိပေ။ အမှန် တကယ် လူကြီးရောဂါ သို့မဟုတ် အိုမင်းမစွမ်းဖြစ်၍ သေရသူများမှာ အသက်သေဆုံးသူအားလုံး၏ ၁၀ ရာခိုင်နှုန်းမျှသာဖြစ်၏။ ကျန် ၉၀ ရာခိုင်နှုန်းမှာ ရောဂါအမျိုးမျိုး၊ အန္တရာယ်အသွယ်သွယ်တို့ကြောင့် အသက်ဆုံးရှုံးခြင်းပင်ဖြစ်လေသည်။

သို့ဖြစ်၍လည်း အသက်ရှည်ရှည် နေထိုင်လိုသူများအနေဖြင့် ရောဂါအမျိုးမျိုး အန္တရာယ်အသွယ်သွယ်တို့၏ အကြောင်းကို သိရှိနားလည်ထားကြပြီး အတတ်နိုင်ဆုံး ကြိုတင်ကာကွယ်ဆင်ခြင်နေထိုင်သင့်ပါသည်။

♦ ရောဂါဖြစ်စေသော အကြောင်းရင်းများ

ရောဂါဖြစ်စေသောအကြောင်းရင်း အမျိုးမျိုးအဖုံဖုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ မျိုးရိုးဗီဇလိုက်၍ ရောဂါရခြင်း
ဥပမာ – သွေးမတိတ်ရောဂါ (Haemophilia)

၂။ တစ်ကိုယ်ရေကျန်းမာမှုမရှိခြင်း
ဥပမာ – ကလေးများတွင် ရေမှန်မှန်မချိုးကြ၍၊ ခန္ဓာကိုယ်မသန့်ရှင်းကြ၍ ပွေး၊ ဝဲ၊ ဒက်၊ ယားနာများ ပေါက်ခြင်း

၃။ ကျန်းမာရေးနှင့် မညီညွတ်သော ပတ်ဝန်းကျင်တွင် နေထိုင်ခြင်း
ဥပမာ – သောက်ရေမသန့်ရှင်းခြင်း၊ အိမ်သာညစ်ပတ်ခြင်း၊ ခြင်/ယင်ပေါများ ခြင်း၊ သောက်ရေမသန့်ရှင်းသဖြင့် အူရောင် ငန်းဖျား(တိုက်ဖွိုက်-Typhoid) ရောဂါ ပိုးများပါဝင်နေသောရေကို သောက်မိသူ တွင် အူရောင်ငန်းဖျားရောဂါရရှိနိုင်၏။

၄။ အာဟာရမပြည့်ဝ၍ ရောဂါရခြင်းအာဟာရဓာတ်ပြည့်ပြည့်၀၀မရသ ဖြင့် အာဟာရချို့တဲ့သောရောဂါများဖြစ် နိုင်၏။ ထို့ပြင် အာဟာရမပြည့်ဝခြင်း ကြောင့် ကိုယ်တွင်းခုခံမှုစွမ်းအင်လျော့နည်းလာပြီး ရောဂါအမျိုးမျိုး ဖြစ်ပေါ်ခံ စားရလွယ်ပါသည်။

၅။ လူနေမှုအဆင့်အတန်းနိမ့်ကျခြင်း
စီးပွားရေးအဆင်မပြေ၊ လူနေမှုအဆင့်အတန်း(Living Standard)နိမ့်ကျ ခြင်းဖြင့် ကူးစက်ရောဂါများ၊ စိတ်ရောဂါ များဖြစ်စေနိုင်၏။

၆။ စိတ်ကြောင့် ရောဂါရခြင်း
စိတ်ထောင်းတော့ ကိုယ်ကြေ”၊ “ဥပါဒါန်ကြောင့် ဥပဒ်ရောက်”ဆိုသကဲ့ သို့ စိတ်ကြောင့် ခန္ဓာကိုယ်တွင် ရောင်ပြန် ဟပ်၍ ရောဂါများရစေနိုင်၏။

၇။ မတော်တဆမှုများမှ ရောဂါရခြင်း
ဥပမာ – အဏုမြူဓာတ်ရောင်ခြည်နှင့် မတော်တဆထိတွေ့ခံရခြင်းမှ သွေးကင်ဆာရောဂါဖြစ်လာခြင်းကိုလည်း တစ်ခါတစ်ရံတွေ့ရတတ်ပါသည်။

♦ ရောဂါပေါင်း သောင်းခြောက်ထောင်

မြန်မာတို့၏ အယူအဆတွင် အဓိကအားဖြင့် ရောဂါပေါင်း ၉၆ မျိုး (အနာမျိုး ၉၆ ပါး)ရှိ၏။ ယင်းတို့မှာ သည်းခြေ၊ လေနှင့် သလိပ်တို့ တစ်မျိုးစီကြောင့် ဖြစ်သော ရောဂါ ၃၂ မျိုးစီပင်ဖြစ်၍ စုစုပေါင်းရောဂါ ၉၆ မျိုးဖြစ်လေသည်။

သိပ္ပံနည်းကျလေ့လာလျှင် လွန်ခဲ့သည့် နှစ် ၆၀ ခန့်က ကမ္ဘာပေါ်တွင် ရောဂါအမျိုးအမည်ပေါင်း ၃၀၀၀ မျှသာ ရှိခဲ့ရာမှ ၁၉၇၇ခုနှစ်အထိ ဖော်ထုတ်ပြုစုပြီးစီးသမျှ ရောဂါအမျိုးအမည်ပေါင်းမှာ ၃၀၀၀၀ ခန့်ဖြစ်လာခဲ့လေသည်။ ဆက်လက်၍ နှစ်စဉ် ရောဂါအမျိုးအမည်သစ်များထွက် ပေါ်တွေ့ရှိနေဆဲပင်ဖြစ်ပေသည်။

ဤကဲ့သို့ “ရောဂါပေါင်း သောင်းခြောက်ထောင်”ဟု ခေါ်ဆိုလေ့ရှိကြသော များပြားလှသည့် ရောဂါမျိုးစုံအဖုံဖုံတို့ကို လူတိုင်းအလုံးစုံ သိရှိထားရန် မလိုအပ်ပေ။ ကျွန်ုပ်တို့နိုင်ငံတွင် အဖြစ်များလေ့ရှိသော ရောဂါအချို့၏ သဘာဝကိုမူ ပြည်သူလူထုတစ်ရပ်လုံး သိရှိထားသင့်ပါသည်။

ရောဂါအမျိုးမျိုးကို မွေးရာပါရောဂါများနှင့် မွေးဖွားပြီးမှရသောရောဂါများဟူ၍ အဓိကအားဖြင့် နှစ်မျိုးခွဲခြားနိုင်သည်။

♦ မွေးရာပါရောဂါများ

မွေးရာပါရောဂါ (Congenital Disease) သို့မဟုတ် ဝမ်းတွင်းပါရောဂါတိုင်း မျိုးရိုးမလိုက်ပါ။ ယင်းတို့ကို မျိုးရိုးလိုက်သည့်ရောဂါနှင့် မျိုးရိုးမလိုက်မွေးရာပါရောဂါဟူ၍ ထပ်မံခွဲခြားနိုင်ပါသည်။

၁။ မျိုးရိုးလိုက်သောရောဂါများ
ဥပမာ သွေးမတိတ်ရောဂါ၊ ဝက်ရူးပြန်ရောဂါ၊ ရောင်ကန်းရောဂါ၊ မွေးရာပါ ဆွံ့အ နားမကြားရောဂါ။
သွေးမတိတ်ရောဂါရှိသောသူများတွင် ဒဏ်ရာရလျှင် သွေးတိတ်ခဲ၏။ အသေးအဖွဲဒဏ်ရာအနာတရလေးများမှ သွေးထွက်လွန်၍ သေဆုံးရတတ်သည်။ ဤရောဂါသည် မိန်းမများတွင် မဖြစ်ဘဲ ယောက်ျားများတွင်သာ ဖြစ်၏။
ရောင်ကန်းရောဂါ (Colorblindness)တွင် အရောင်များကို ပုံမှန်အရောင်အဖြစ် မမြင်ရဘဲ အနက်ရောင်အဖြစ်သာ မြင်ရသည်။ အထူးသဖြင့် အနီနှင့်အစိမ်းရောင်တို့ကို အနက်ရောင်နှင့် မှားတတ်ကြ၏။ ယင်းသည်လည်း ယောက်ျားတွင်သာ အဖြစ်များလေသည်။
များသောအားဖြင့် ဆွေမျိုးနီးစပ်သူအချင်းချင်း လက်ထပ်ကြပြီး မွေးဖွားလာသည့် သားသမီးများတွင် မျိုးရိုးလိုက်သောရောဂါများ အဖြစ်များလေ့ရှိသည်။

၂။ မျိုးရိုးမလိုက်သည့်ရောဂါများ
ဥပမာ မွေးရာပါနှလုံးရောဂါ၊ မွေးရာပါဆစ်ဖလစ်ရောဂါ၊ ကိုယ်လက်အင်္ဂါချို့တဲ့ခြင်းများ။
မွေးရာပါနှလုံးရောဂါများသည် မျိုးရိုးလိုက်၍ ဖြစ်ပေါ်ခြင်းမဟုတ်ဘဲ ကလေးငယ်တွင် နှလုံးအနေအထားမူမမှန်မှု၊ နှလုံးအဆို့ရှင် အခန်းအကန့်များချို့ယွင်းမှု စသည်တို့ မွေးဖွားစဉ်ကတည်းက ပါလာ၍ ဖြစ်ရ၏။ များသောအားဖြင့် ယင်းဝေဒနာရှင်ကလေးငယ်များသည် ငယ်ရွယ်စဉ် အသက်ဆုံးရှုံးရလေ့ရှိ၏။ သို့သော် ယခုအခါ တိုးတက်လာသည့် ခွဲစိတ်ပညာရပ်ကြောင့် ယင်းတို့ကို ပြုပြင်ခွဲစိတ်နိုင်လာပေပြီ

♦ မွေးဖွားပြီးမှရသော ရောဂါများ

မွေးဖွားပြီးမှရသော ရောဂါတို့ကား လွန်စွာများပြားလှ၍ အောက်ပါအတိုင်း ထပ်မံခွဲခြားထားပြန်သည်။
၁။ ရောဂါပိုးကြောင့်ဖြစ်သော ကူးစက်တတ်သည့်ရောဂါများ –

ဥပမာ အနာကြီးရောဂါ၊ ကာလဝမ်းရောဂါ၊ အဆုတ်နာရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဆစ်ဖလစ်ရောဂါ၊ ငှက်ဖျားရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်ရောဂါ၊ ဝမ်းဖောဝမ်းရောင်ရောဂါ၊ ကြက်ညှာချောင်းဆိုး ရောဂါ၊ ဆုံဆို့နာရောဂါ၊ သူငယ်နာ အကြောသေရောဂါ၊ ပလိပ်ရောဂါ၊ ဆင်ခြေထောက်ရောဂါ၊ ဝက်သက်ရောဂါ။
ကာလဝမ်းရောဂါ (Cholera)သည် အလွန်ကူးစက်လွယ်၍ ကပ်ရောဂါအသွင်ဖြင့် လူသားတို့အား မကြာခဏ ဒုက္ခပေးလေ့ရှိသည်။ မသန့်ရှင်းသော ရေ၊ အစာတို့နှင့်အတူ ကာလဝမ်းရောဂါပိုး များ အစာလမ်းကြောင်းသို့ ရောက်နိုင်၏။

အူထဲတွင် ရောဂါပိုးများ ပွားများကာ အ ဆိပ်ဖြစ်၍ ရောဂါကိုရစေ၏။ ဦးစွာ ပထမ ဗိုက်နာ၍ ဝမ်းရိုးရိုးသွားသည်။ ထို့နောက် အစာဝမ်းကုန်၍ ဗိုက်မနာဘဲ ဆန်ဆေး ရည်ကဲ့သို့ ဝမ်းများ အဆက်မပြတ်သွားပြီး နောက်ဆုံး၌ ခန္ဓာကိုယ်ရှိ ရေဓာတ်များ ခန်းခြောက်၍ သတိလစ်မေ့မြောရာမှ အသက်ဆုံးရှုံးရတတ်၏။
ရေကို ကျိုချက်၍ သောက်ခြင်း၊ ယင်နားစာနှင့် အမှည့်လွန်သော သစ်သီးများကိုရှောင်ခြင်း၊ သန့်ရှင်းလတ်ဆတ်သော အစာ၊ ပူနွေးသောအစာတို့ကို စားခြင်း တို့ဖြင့် ယင်းရောဂါမှ ကာကွယ်နိုင်ပါသည်။
အနာကြီးရောဂါ (Leprosy)သည် လည်း ကျွန်ုပ်တို့နိုင်ငံတွင် အလွန်အဖြစ်များခဲ့၏။ ယခင်က လူတစ်ထောင်လျှင် လူ ၂၀ ခန့်ဖြစ်ပွားခဲ့၏။ ဤရောဂါနှင့်ပတ်သက်၍ အများထင်နေကြသကဲ့သို့ “ဝဋ်နာ ကံနာ၊ ကု၍မရသောရောဂါ”၊ “မျိုး ရိုးလိုက်သည်”၊ “အပျော်အပါးလိုက်စား ၍ဖြစ်ရသည်”စသည့်အယူအဆများမှာ မမှန်ပေ။ အနာကြီးရောဂါပိုးကြောင့်ဖြစ် သော နာတာရှည်ကူးစက်ရောဂါဖြစ်၏။ ရောဂါရှိသူများနှင့် နှစ်ရှည်လများ နီးနီး ကပ်ကပ်နေရ၍ ကိုယ်တွင်းခုခံအားလည်း လျော့နည်းနေပါမှသာ ဤရောဂါကူးစက် ခံစားရရှိနိုင်ပါသည်။
ဤရောဂါမှာ နှစ်မျိုးရှိ၏။ အခြောက်မျိုးတွင် လက်၊ ခြေထောက်တို့ သိမ်ကာ အရေပြားပေါ်တွင် ထိလျှင် မသိသော၊ ထုံနေသော အရောင်ဖျော့အကွက်ငယ်များဖြစ်နေတတ်၏။ အစိုမျိုးတွင် လက်နှင့် မျက်နှာတို့၌ အဖုအပိမ့်များထွက်ခြင်း၊ မျက်ခုံးမွေး နှုတ်ခမ်းမွေးများ ကျွတ်ခြင်း စသည်တို့ဖြစ်တတ်၏။ ဇွဲရှိရှိဖြင့် ရေရှည် စနစ်တကျ ကုသပါက ပျောက်ကင်းနိုင်ပါသည်။

၂။ ကိုယ်တွင်းဓာတ်သဘာဝမူမမှန် ပျက်စီးချို့ယွင်း၍ ဖြစ်ရသောရောဂါများ
ဥပမာ ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ လည်ပင်းကြီးရောဂါ၊ ဒူလာရောဂါ။ ဆီးချိုသွေးချိုရောဂါသည် ခန္ဓာကိုယ်အတွင်းရှိ ပန်ကရိယအကျိတ် (Pancreas)၏ ကလာပ်စည်း ခေါ် ဆဲလ်(Cells) အချို့ ပျက်စီးယိုယွင်းပြီး အင်ဆူလင်ဟော် မုန်းဓာတ်(Insulin)ချို့တဲ့ခြင်းကြောင့်ဖြစ်ရ၏။ ဆီးမကြာခဏသွားခြင်း၊ ရေငတ်ခြင်း၊ မောပန်းလွယ်ခြင်း၊ အနာများကျက် ခဲခြင်း စသည်တို့ဖြစ်တတ်၏။ နောက်ဆက် တွဲအနေဖြင့် သွေးတိုးရောဂါ၊ နှလုံးရောဂါများ ဝင်လာတတ်သည်။
ထို့ပြင်ရောဂါပိုးများ အလွယ်တကူ ဝင်ရောက်ပေါက်ဖွားပြီး ရောဂါဘယများ ထူပြောစေနိုင်၏။ မိခင်တွင် ဆီးချိုရောဂါရှိပါက ကလေးအဆမတန်ဝနေ၍ မွေးဖွား ရာတွင် ခက်ခဲတတ်၏။ ဤရောဂါရှိသူများ သည် ထိရောက်စွာ

ဆေးကုသရန်နှင့် အစားအသောက်ဆင်ခြင်ရန် လိုအပ်သည်။

၃။ ဆဲလ်များ တိုးပွားများပြားမှု မူမမှန်လွန်ကဲ၍ဖြစ်သောရောဂါများ
ဥပမာ ကင်ဆာရောဂါအမျိုးမျိုး (အဆုတ်၊ အစာမျိုပြွန်၊ အစာအိမ်၊ အူ၊ သား အိမ်၊ သားအိမ်ခေါင်း၊ သားမြတ်၊ အရိုးနှင့် သွေး စသည်တို့ အပါအဝင် ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းအားလုံးလိုလိုတွင် ဖြစ်နိုင်၏)
အဆုတ်ကင်ဆာသည် စီးကရက်အလွန်အကျွံသောက်ခြင်း၊ ညစ်ညမ်းသော လေကို ရှူရှိုက်နေရခြင်း စသည်တို့ကြောင့် အဖြစ်များ၏။ ယင်းသည် စီးကရက်မသောက်တတ်သူ ၂၇၀ တွင် တစ်ယောက်သာဖြစ်ပွားသော်လည်း စီးကရက်သောက်တတ်သူ ရှစ်ယောက်တွင် တစ်ယောက်နှုန်းဖြစ်ပွားနိုင် ၏။ အဆုတ်ကင်ဆာဖြစ်က ချောင်းဆိုးသွေးပါခြင်း၊ ရင်ဘတ်နာခြင်းတို့ဖြစ်၍ ကုသရန်ခက်ခဲ လှပြီး ရောဂါရှင် ၉၀ ရာခိုင်နှုန်းခန့်သည် ဤရောဂါကြောင့် သေဆုံးရတတ်၏။

၄။ ရုပ်အားဖြင့် ထိခိုက်၍ ဖြစ်သော ရောဂါများ
ဥပမာ အပူရှပ်ခြင်း၊ ခဲဆိပ်သင့်ခြင်း။
အလွန်ပူပြင်းသောနေရောင်ခြည်အောက်တွင် ကြာမြင့်စွာ သွားလာလှုပ်ရှားရသောအခါ အပူရှပ်ခြင်းဖြစ်တတ်သည်။ ကိုယ်ပူ၍ မူးလဲမေ့မြောသွားပြီး ကြွက်တက်ခြင်းလည်း ဖြစ်တတ်၏။ ပြင်းထန်လျှင် အသက်ပါ ဆုံးရှုံးသည်။
ဤကဲ့သို့ဖြစ်ရသည်မှာ ခန္ဓာကိုယ်အပူချိန်သည် ပတ်ဝန်းကျင်အပူချိန်ထက် သာမန်အချိန်တွင် မြင့်တက်နေ၍ ခန္ဓာကိုယ်အတွင်းမှ အပူကို အပြင်သို့ ထုတ်နေရသည်။ ချွေးထွက်အငွေ့ပြန်ခြင်းဖြင့်လည်း အပူထွက်စေသည်။

သို့သော် ပတ်ဝန်းကျင်က အလွန်ပူသောအခါ အပူထွက်ခြင်းမဖြစ်နိုင်သဖြင့် ခန္ဓာကိုယ်တွင်း၌ အပူများ စုစည်းပြီး အပူရှပ်ခြင်းဖြစ်ရ၏။

၅။ အသက်ကြီး၍ဖြစ်သောရောဂါများ
ဥပမာ အရိုးအဆစ်ရောင်ရမ်းနာကျင်ခြင်း၊ အမျိုးသားများတွင် ဆီးကျိတ် (Prostate Gland)ကြီးခြင်း၊ နှလုံးနှင့် သွေးကြောများ ချို့ယွင်းခြင်းကြောင့်ဖြစ်သော သွေးတိုးရောဂါနှင့် နှလုံးရောဂါများ။
များသောအားဖြင့် အသက် ၅၀ ကျော်သည့်အရွယ်တွင် အရိုးအဆစ်တို့ရှိ အရိုးနုများဓာတ်သဘာဝပြောင်းလဲလာ၍ အရိုးအဆစ်များ ရောင်ခြင်း၊ နာကျင်ခြင်းတို့ဖြစ်တတ်လေသည်။
အသက် ၅၀ နှစ်အထက် အမျိုးသားများ(အထူးသဖြင့် အသက် ၆၀ နှင့် ၇၀ နှစ်အတွင်းအရွယ်)တွင် အမျိုးသား ဟော်မုန်းဓာတ် (Testosterone) နည်းပါးပြီး ဟော်မုန်းဓာတ်အချိုးအစား မမှန်လာခြင်း၊ ဆဲလ်အချို့ပွားများလာခြင်းတို့ကြောင့် ဆီးကျိတ်ကြီးမားလာခြင်းဖြစ်တတ်၏။ ဆီးကျိတ်ကြီးလာခြင်းဖြင့် ဆီး ခဏခဏ သွားရခြင်း၊ ဆီးသွားရခက်ခဲ ခြင်း၊ ဆီးသွားရာတွင် နာကျင်ခြင်း၊ ဆီး အိမ်တင်းခြင်း၊ ဆီးထဲသွေးပါခြင်း၊ ဆီး သွားခြင်းကို ရပ်လိုက်သော်လည်း တစက်စက်ကျနေခြင်း စသည့်လက္ခဏာများကို ခံစားရလေ့ရှိ၏။
ထို့ပြင် အသက်ကြီးလာသည့်အခါ သွေးကြောနံရံများ ပိုထူလာခြင်း၊ သွေးကြောများ ကျစ်လျစ်မာကျောလာခြင်း စသည်တို့ကြောင့် သွေးဖိအားများနေရပြီး သွေးတိုးရောဂါဖြစ်ပွားလာတတ်သည်။
သွေးဖိအားများနေသည့်အားလျော်စွာ နှလုံးကလည်း ပိုမိုအားစိုက်အလုပ်လုပ်၍ သွေးများကို တွန်းပို့ပေးနေရသဖြင့် နှလုံးပင်ပန်းလာပြီး နှလုံးရောဂါလည်း (အသက်ကြီးသူများတွင်) အဖြစ် များရလေသည်။

၆။ စိတ်ရောဂါအမျိုးမျိုး
(က) စိတ်တုန်လှုပ်ချောက်ချားသည့်ရောဂါများ။ (စိတ်ရောဂါအနုစားများ)
ဥပမာ စိတ်အလိုမကျရောဂါ (Hysteria)၊ စိတ်ပူပင်လွန်ဥပါဒါန်ရော ဂါ(Anxiety Neurosis)။
(ခ) ရူးသွပ်သည့်ရောဂါများ။ (စိတ်ရောဂါအပြင်းစား)
ဥပမာ စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia)၊ အထင်မှားသည့် စိတ်ရောဂါ(Paranoia)။

၇။ လူမှုရေးရောဂါများ
လူနေမှုပေါင်းသင်းဆက်ဆံမှုမမှန်ကန်ခြင်း၊ ပတ်ဝန်းကျင်လူနေမှုအသိုင်းအဝိုင်းနှင့် သဟဇာတမဖြစ်ခြင်း၊ အဆင်မပြေခြင်းတို့မှ ဖြစ်ရသော ရောဂါများ၊ ဥပမာမူးယစ်ဆေးစွဲခြင်း၊ လိင်စိတ်မူမမှန်ဖောက်ပြန်မှုများနှင့် လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါအမျိုးမျိုး။ (ဤရောဂါများသည် ကူးစက်ရောဂါများဖြစ်သကဲ့သို့ လူမှုရေးရောဂါများဟူ၍လည်း ယူဆနိုင်ပါသည်)

♦ လူနေမှုဘ၀ပုံစံနှင့် ရောဂါအမျိုးမျိုး

ဖော်ပြပါ ရောဂါမျိုးစုံတို့သည် များသောအားဖြင့် ကမ္ဘာပေါ်တွင် လူဟူ၍ ဖြစ်ပေါ်လာသည့်အချိန်မှစကာ လူနှင့်အတူ တစ်ပြိုင်နက်တည်းပေါ်ပေါက်လာခဲ့ပေသည်။ သို့သော် ခေတ်တစ်ခေတ်တွင် ဖြစ်ပွားလေ့ရှိသော ရောဂါ အမျိုးအစားတို့မှာ ယင်းခေတ်နေလူသားတို့၏ နေထိုင် သွားလာ စားသောက် လုပ်ကိုင်ကြခြင်းတို့နှင့် ဆက်စပ်လျက်ရှိ၏။

သို့ဖြစ်၍ ကနဦးကာလများနှင့် ယခုခေတ်တွင် ဖြစ်ပေါ်တတ်သော ရောဂါတို့၏ သဘာဝမှာ ကွာခြားလာလေသည်။

အထူးသဖြင့် ၁၉ ရာစုနှစ်နောက်ပိုင်းတွင် လူနေမှုစနစ်များမြင့်မားလာပြီး သိပ္ပံပညာ ပိုမိုထွန်းကားတိုးတက်လာကြသည်နှင့်အမျှ ကူးစက်တတ်သောရောဂါများမှလည်း သိသိသာသာ လျော့နည်းလာပြီး ကူးစက်တတ်ခြင်းမ ရှိသော ရောဂါများ၊ ဥပမာ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ စသည်တို့မှာ ပိုမိုများပြားလာခဲ့ပါသည်။

ရောဂါတို့၏ သဘာဝအခြေအနေတို့မှာ မည်သို့ပင် ပြောင်းလဲလာခဲ့စေကာမူ ရောဂါအမျိုးအစားမခွဲခြားဘဲ ခြုံငုံ၍ လေ့လာသုံးသပ်မည်ဆိုပါက ရောဂါများ၏ စုပေါင်းဖြစ်ပွားနှုန်း၊ သေဆုံးနှုန်းများသည် ယခုအခါ ကမ္ဘာအနှံ့အပြား၌ တစ်စတစ်စ သိသိသာသာ လျော့နည်းလာခဲ့သည်ကို တွေ့ရလေသည်။ ဤသည်မှာ ကျန်းကျန်းမာမာ အသက်ရှည်ရှည်နေထိုင်လို ကြသူများအတွက် အားတက်စရာပင်ဖြစ်ပေသည်။

♥ ဒေါက်တာတင်ထွန်းဦး

Post Author: Good Health Admin