ဘဝအာမခံ

“အာမခံတယ်” ဆိုတဲ့ စကားလုံးကို သင်ကိုယ် တိုင် တခြားသူကို ပြောဖူးနိုင်သလို၊ တခြားသူကလည်း သင့်ကို ပြောတာကြားဖူးမှာပါ။ အရာအတော်များများမှာ လူတွေက “အာမခံတယ်” ဆိုတဲ့စကားလုံးကို အလွဲ သုံးစားလုပ်မိတာကိုတော့ သတိမထားမိတတ်ကြတာ များပါတယ်။ ဘယ်အရာတွေကို လူသားတွေ အာမခံ နေကြပါသနည်း။

သက်မဲ့ပစ္စည်းတွေကိုအာမခံထားကြသလို၊ သက်ရှိ လူသားတွေအတွက်လည်း အသက်အာမခံဆိုတဲ့ ဝန် ဆောင်မှုတွေရှိပါတယ်။ စီးပွားရေးရှုထောင့်ကကြည့်ရင် တော့ နှစ်ဦးနှစ်ဖက်အကျိုးအမြတ်ရှိလို့ ဒီလိုဝန်ဆောင်မှု တွေရပ်တည်နေနိုင်တာပါ။ တကယ်တော့ လောကမှာ ဘယ်အရာမှ ရာနှုန်းပြည့်အာမခံနိုင်တယ်ဆိုတာမရှိပါဘူး။

လူတိုင်းဘဝမှာ မသေချာမရေရာမှုတွေနဲ့ နေ့စဉ် ဘဝမှာ ကြုံတွေ့နေကြရပါတယ်။ မရေမရာဝိုးတဝါး အချိန်တွေအများကြီး ဘဝမှာဖြတ်သန်းဖူးကြပါတယ်။ တင်းတိမ်ရောင့်ရဲမှု မရှိတတ်တာဟာ လူ့သဘာဝပဲဖြစ် ပြီး ဒီအတွက် စိတ်လုံခြုံမှုရရှိအောင် ဘဝအတွက် အာ မခံချက်တွေကို ရှာဖွေနေကြတာပါ။ ဥပမာ-တောင် တက်သမားတစ်ဦးအတွက်ဆိုရင် တောင်ထိပ်ပေါ် ရောက်ဖို့က သူရဲ့ရည်မှန်းချက်ပါ၊ တကယ်တမ်းတောင် ထိပ်ပေါ်ရောက်တဲ့အခါ ဒီထက်ပိုလှတဲ့တောင်၊ ဒီထက် ပိုမြင့်တဲ့တောင် ထပ်တက်မယ်လို့ ဆုံးဖြတ်ဦးမှာပါ။ ဒါဟာ သဘာဝပါပဲ။

ဘဝအတွက် အာမခံချက်ကို နေရာတကာလိုက် ရှာရင်း ရလေ လိုလေနဲ့ သံသရာလည်နေတာပါ။ လူ တိုင်းဟာ ရည်မှန်းချက် အိပ်မက်တွေ တစ်ပုံကြီးထမ်း ပြီး ဘဝအတွက် အာမခံချက်ကို ရှာဖွေနေကြတဲ့ ခရီး သည်တွေချည်းပါပဲ။

ပထမအရွယ်မှာလည်း ကြိုးစား ခဲ့ရတယ်၊ ဒုတိယအရွယ်မှာလည်း ကြိုးစားနေရတုန်းပဲ၊ တတိယအရွယ်ထဲရောက်နေတဲ့သူတွေတောင်မှ ဘဝ အတွက် အာမခံချက်ရပြီလားလို့ မေးကြည့်ရင် ဇဝေ ဇဝါဖြစ်နေအုံးမှာပါ။ ဘယ်လောက်ပဲ စည်းစိမ်ဥစ္စာ ကြွယ်ဝတဲ့သူဖြစ်ပါစေ လောကီအလုပ်တွေကို မစွန့် လွှတ်နိုင်သေးတဲ့သူမှန်သမျှ ဘဝမှာဘယ်တော့မှ ပြီး ပြည့်စုံတယ်လို့ကိုရှိမှာမဟုတ်ပါဘူး။ လောကမှာဘယ် လို ဘဝမျိုးမှ ဘဝအာမခံချက်အပြည့်အဝမရှိပါဘူး။ ပိုင်ဆိုင်မှုတွေ များရင်များသလိုထိန်းသိမ်းစောင့်ရှောက်ရတဲ့အလုပ်၊ တိုးပွားအောင်ကြံစည်ရတဲ့အလုပ်တွေဆိုတာ အမြဲရှိနေပါတယ်။

ဒီတော့ လောကမှာ ဘယ်လို ဘဝမျိုးကများ အာမခံချက်ရှိပါသေးသလဲ၊ ဘာသာရေးရှုထောင့်က ကြည့်မယ်ဆိုရင် ၃၁ ဘုံလုံးမှာ အာမခံချက်အခိုင်အမာ ရှိတဲ့ ဘဝမျိုးတစ်ခုမှမရှိပါဘူး။ ရှာဖွေနေတဲ့ စည်းစိမ် ဥစ္စာတွေဆိုတာမမြဲသလို၊ ရရှိထားတဲ့ ခန္ဓာကြီးဆိုတာ ကလည်း မမြဲလို့ပါ။ တင်းတိမ်ရောင့်ရဲနိုင်တဲ့ စိတ်ဓာတ် ရှိမှသာလျှင် ဘဝတစ်လျှောက်မှာ စိတ်ချမ်းသာစေဖို့ အာမခံချက်ပေးနိုင်ပါလိမ့်မယ်။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal