နှစ်သစ်ကူးညမှာ လူအတော်များများ အပျော်လွန်တတ်ကြပါတယ်။ နှစ်ကူးတဲ့ အထိမ်းအမှတ်အနေနဲ့ ပျော်ပွဲ ရွှင်ပွဲတွေကလည်း မြို့အနှံ့မှာ စည်စည်ကားကား ကျင်းပကြတာ မဟုတ်လား။ နှစ်ကူးမှာ အယ်လ်ကိုဟောကို ဆေးဖြစ် ဝါးဖြစ် သောက်ရင်း များသွားခဲ့ရင် Hangover ခေါ် အရက်နာကျ ဖြစ်နိုင်ပါတယ်။ ဒါကို သက်သာစေဖို့ သိထားသင့်တဲ့ အချက်တွေကို စောစောစီးစီး ဖော်ပြပေးလိုက်ပါတယ်။
အယ်လ်ကိုဟောဆိုတာ –
အီသနော ဒြပ်ပေါင်းပါဝင်တဲ့ အရည်တွေကို အယ်လ်ကိုဟော (ခေါ်) အရက်လို့ ခေါ်ပါတယ်။ အယ်လ်ကိုဟောကို အခြေခံအားဖြင့် တဆေးနဲ့ သကြားကနေ ကစော်ဖောက်ပြီး ထုတ်လုပ်တာ ဖြစ်ပါတယ်။ သကြားအမျိုးအစားကိုလိုက်ပြီး အယ်လ်ကိုဟောအမျိုးအစားတွေလည်း ကွဲပြားသွားတာ ဖြစ်ပါတယ်။ ဥပမာ – ဘီယာထုတ်ဖို့ဆိုရင် သူ့မှာသုံးတာက ဘာလီသကြားမျိုး ဖြစ်ပြီး ဝိုင်နီ၊ ဝိုင်ဖြူထုတ်ဖို့ဆိုရင် စပျစ်သီးကရတဲ့ သကြားကို သုံးထားတာပါ။
ဦးနှောက်အပေါ် ဘယ်လိုသက်ရောက်မှုပေးလဲ –
အယ်လ်ကိုဟောက ဦးနှောက်ထဲက နယူရိုထရန်စမစ်တာတွေဖြစ်တဲ့ GABA၊ ဂလူတာမိတ်၊ ဒိုပါမင်းတွေအပေါ်ကို သက်ရောက်မှု ပေးပါတယ်။ GABA နဲ့ ဂလူတာမိတ် အပေါ်သက်ရောက်တဲ့အခါ ရွေ့လျားတာနဲ့ စကားပြောနှေးလာတာ ဖြစ်စေပါတယ်။ ဒိုပါမင်းက ဦးနှောက်ရဲ့ Reward Center ဖြစ်ပြီး ကျေနပ်အားရမှုကို ဖြစ်စေတဲ့ ခံစားချက်ပေးနိုင်ပါတယ်။ ဒီအချက်ကြောင့် လူအတော်များများ အရက်ကို သောက်မိကြတာများပါတယ်။ အယ်လ်ကိုဟောက လူတစ်ယောက်ရဲ့ လှုပ်ရှားမှု၊ စိတ်နေစိတ်ထား၊ အမူအကျင့်ကို သက်ရောက်မှုပေးတာက သွေးတွင်း အယ်လ်ကိုဟော အတက်၊ အကျပေါ် မူတည်ပါတယ်။ Blood Alcohol Content (BAC) လို့ ခေါ်ပါတယ်။ BAC က ဘယ်ပေါ်မှာမူတည်လဲဆိုတော့ သောက်တဲ့အယ်လ်ကိုဟော ပမာဏ၊ သောက်တဲ့အကြိမ်ရေ၊ သောက်တဲ့သူရဲ့ အသက်၊ မျိုးရိုးဗီဇ၊ ကျန်းမာရေး အခြေအနေတွေပေါ် မူတည်ပါတယ်။ ယေဘုယျအားဖြင့် အယ်လ်ကိုဟောက စစချင်း မှာ Stimulant Effect (လှုံ့ဆော်မှု) ကို ပေးမှာဖြစ်ပြီး နောက်ပိုင်းမှာ Sedative Effect (ငြိမ်သက်မှိန်းမောမှု) ကို ဖြစ်စေပါတယ်။
Hangover မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ
– Hangover ဖြစ်တဲ့အခါ ခန္ဓာကိုယ်တွင်းမှာ ရေဓာတ်ခမ်းခြောက်လာပြီး ရောင်ရမ်းတာနဲ့ Oxidative Stress တွေ ဖြစ်လာစေပါတယ်။
– ဒီအတွက် အရက်မသောက်ခင်မှာ ဗီတာမင်ဓာတ် စုံစုံလင်လင်ပါတဲ့ Multivitamin နဲ့ Antioxidants တွေ သောက်ထားဖို့ လိုပါတယ်။
– အရက်မသောက်ခင်မှာ အသီးအရွက် အစား Carb၊ ပရိုတင်း နဲ့ Fat တွေ စားထားပေးတာက Hangover ဆိုးဆိုး ဝါးဝါး မဖြစ်စေပါဘူး။
– ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကို ကောင်းမွန်အောင် အရက်မသောက်ခင် တစ်ညအလိုကတည်းက အိပ်ချိန် အနည်းဆုံး ၈ နာရီ ရှိအောင် အိပ်စက်အနားယူပါ။
– အရက်မသောက်ခင် ဝိုင်သောက်ထားတာမျိုးလည်း မလုပ်ပါနဲ့။ ဝိုင်က အရက်ကို ခန္ဓာကိုယ်ကနေ ပိုပြီးစုပ်ယူစေလို့ပါ။
– Hangover ကြောင့် ခေါင်းမူးတာ မဖြစ်အောင်ဆိုရင် အရက်သောက်တဲ့အခါ ကြားထဲမှာ Sport Drinks ဖြစ်ဖြစ်၊ အုန်းရည်ဖြစ်ဖြစ် Electrolyte ပြည့်ဝတဲ့ ဖျော်ရည်တွေ သောက်သောက်ပေးပါ။
– သစ်သီးဖျော်ရည်တွေက ဗီတာမင်တွေ ပါဝင်တာကြောင့် ဆိုဒါပါတဲ့ အချိုရည်တွေထက် ပိုပြီး သင့်တော်ပါတယ်။
– အယ်လ်ကိုဟောတွေထဲမှာ အရောင်ဖျော့လေ Toxins နဲ့ Impurities တွေ ပါဝင်တာ နည်းလေ ဖြစ်ပါတယ်။
– အယ်လ်ကိုဟောသောက်တဲ့အခါ ဆေးလိပ်နဲ့ပါ တွဲမသောက်ပါနဲ့။ ဆေးလိပ် က Hangover ကို ပြင်းပြင်းထန်ထန် ပိုဆိုးစေပါတယ်။
– အယ်လ်ကိုဟောသောက်ပြီး ညအိပ်ရာဝင်ခါနီးမှာ ရေတစ်ခွက်သောက်ပါ။ မနက်မိုးလင်းတဲ့အခါ ရေတန်းသောက်နိုင်အောင်လည်း အိပ်ရာနားမှာ ရေအဆင်သင့်ထားရှိပါ။
-နံနက်စာစားတဲ့အခါ ကြက်ဥပါအောင် စားပါ။ ကြက်ဥမှာပါတဲ့ Cysteine က အရက်ကို ခြေဖျက်တဲ့အခါ ကူညီပေးပြီး ခေါင်းမူးတာကို သက်သာစေပါတယ်။
– Herbal Teas တွေ သောက်တာကို ရှောင်ပါ။ သူတို့က အရက်ခြေဖျက်တဲ့စနစ်ကို နှေးစေပြီး Hangover အချိန်ကြာကြာ ဖြစ်နေစေပါတယ်။
– Acetaminophen ခေါ် ပါရာစီတမော လုံးဝ မသောက်ပါနဲ့။ အယ်လ်ကိုဟောနဲ့ ပါရာစီတမော နှစ်မျိုးပေါင်းဟာ သင့်ရဲ့ အသည်းကို ပိုပြီး ထိခိုက်စေပါတယ်။
♥ #ထူးဒါလီကိုကို (M. Sc. in Pharm) ♥