ပျိုမေတို့အတွက် လေဒီရှူး …

ဖိနပ်လှလှလေးတွေက သင်ရဲ့ အိမ်မက်တွေဆီ ခေါ်ဆောင်သွားနိုင်တယ်လို့ တင်စားကြတာ သင်ကြားဖူးမှာပါ။ ယောကျာ်းလေးတွေအတွက်ကတော့ ဖိနပ်နှစ်စုံ၊ သုံးစုံ အပြင် ပိုမရှိတတ်ကြပေမဲ့ မိန်းကလေးအတော်များများမှာတော့ ဖိနပ်ငါးရံ၊ ခြောက်ရံလောက် အနည်းဆုံး ရှိတတ်ကြပါတယ်။

ပွဲသွားတဲ့ဖိနပ်မှာကို ညစာစားပွဲ၊ ပါတီပွဲ၊ အလှူအတန်း၊ မွေးနေ့ပွဲ စသဖြင့် ပွဲအလိုက် ဖိနပ်အမျိုးအစား ခွဲထားတာ ရှိပါတယ်။ ဘယ်လို အင်္ကျီပုံစံအတွက် ဘယ်လို ဖိနပ်မျိုးဝတ်မယ်၊ အင်္ကျီအရောင်နဲ့လိုက်ပြီး ဖိနပ်အရောင်ရွေးဝတ်မယ်ဆိုတာတွေလည်း ရှိပါတယ်။ တချို့ဆို ဖိနပ်ကို စုဆောင်းရတာ ဝါသနာပါတတ်ပါသေးတယ်။ တစ်ကယ်တမ်းစီးတဲ့ ဖိနပ်က တစ်စုံ၊ နှစ်စုံပဲဖြစ်ပြီး ဘီဒိုထဲမှာ သိမ်းထားတာက အစုံ တစ်ရာလောက် ရှိချင် ရှိနေနိုင်ပါတယ်။
ဒီတစ်ပတ်မှာတော့ ပျိုမေတို့အတွက် လေဒီရှူးဆိုတဲ့ခေါင်းစဉ်နဲ့ လေဒီတို့ ဖိနပ်ဝယ်တဲ့အခါ ကိုယ်နဲ့ အံကိုက် ဖြစ်၊ မဖြစ် ဘယ်လိုရွေးဝယ်မလဲ၊ ဒေါက်မြင့်ဖိနပ်တွေချည်းပဲ အစီးများရင် ကျန်းမာရေးအတွက် ဘယ်လို ထိခိုက်နိုင်လဲ၊ ဖိနပ်တွေကို ဘယ်လို ထိန်းသိမ်းစောင့် ရှောင့်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
အံကိုက်ဖြစ်မယ့် ဖိနပ်တစ်စုံ ရွေးမယ်ဆိုရင် –
 သင်ရဲ့ ခြေဖဝါးအတိုင်းကို သေချာသိအောင်လုပ်ပါ။ စက္ကူအဖြူပေါ်မှာ ခြေရာကို တိုင်းဆွဲထားပြီး ဝယ်မယ့်ဖိနပ်ကို အပေါ်ကနေ ထပ်ပြီးတိုင်းကြည့်ပါ။ ဖိနပ်က ခြေရာထက် ပိုကျဉ်းနေတာ၊ တိုနေတာ မျိုးဆိုရင် အံကိုက်မဖြစ်လို့ပါ။
 သင် ဖိနပ်ထဲ ခြေထောက်ထည့်ပြီးပြီဆိုတာနဲ့ သင့်ခြေထောက်ရဲ့ အရှည်ဆုံး ခြေချောင်းနဲ့ ဖိနပ်ရဲ့ထိပ်ကြားမှာ လက်မဝက်လောက် နေရာကျန်နေပါစေ။ သင့်ခြေချောင်းနေရာကိုသိဖို့ ဖိနပ်စီးထားပြီးရင် ဖိနပ်ထိပ်ကို ဖိကြည့်ပါ။ ခြေချောင်းထိပ်နဲ့ ဖိနပ်ထိပ် လက်မဝက်လောက် လွတ်တာကို ရွေးဝယ်ပါ။
 ဖိနပ်စီးထားပြီးရင် သင့်ခြေချောင်းလေးတွေကို အနည်းငယ် လှုပ်ရှားကြည့်ပါ။ သင့်ခြေချောင်းလေးတွေ လုံးဝလှုပ်လို့ မရဘဲ ကြပ်နေတာကို မဝယ်ပါနဲ့။
 ဖိနပ်ရဲ့ အကျယ်ကလည်း ခြေဖဝါးရဲ့
အကျယ်နဲ့ လိုက်လျောညီထွေဖြစ်ရပါမယ်။
 ဖိနပ်စီးပြီး ခဏလောက် ပတ်လျှောက်ကြည့်ပါ။ ဖိနပ်အနောက်က ချောင်ပြီး ချော်ထွက်နေတာမျိုးလည်း မဖြစ်ရပါဘူး။
 ဖိနပ်ရဲ့ ခြေနင်းပြား Sole ကလည်း ခြေထောက်ကို သက်သောင့်သက်သာ ဖြစ်စေတဲ့ အထောက်အပံ့မျိုး ပေးရပါမယ်၊ ခြေထောက်ကို ချောမထွက်စေရပါဘူး၊ Sole ပြားက ပြောင်ချောလွန်း နေရင်လည်း ခြေချော်တတ်ပါတယ်။
 ဖိနပ်ရဲ့ကော်လာ (Heel Collar) က ခြေမျက်စိအောက်မှာ ရှိရပါမယ်။ ခြေဖနောင့်မနာအောင် ခုခံတဲ့ padding တွေ ထည့်ပေးရင်လည်း ခြေထောက်ပေါက်တာ၊ အရည်ကြည်ဖုထတာတွေ သက်သာစေပါတယ်။
 ဖိနပ်က စီးတာကြာရင် သူ့အလိုလို အံကိုက်ဖြစ်သွားမယ်လို့ မတွေးပါနဲ့၊ ဝယ်ကတည်းက အံကိုက်ဖြစ်မယ့် ဖိနပ်ကို တစ်ခါတည်း သေချာရွေးပါ။
ဒေါက်မြင့်ဖိနပ် စီးမယ်ဆိုရင် –  
မိန်းကလေးအတော်များများက ဒေါက်မြင့်တဲ့ ဖိနပ်တွေကို နှစ်သက်ကြပါတယ်။ ဒေါက်မြင့်ဖိနပ်တွေက အရပ် ပိုရှည်တယ်လို့ ထင်စေပြီး ပိုပြီး ပိန်သွယ်တယ်လို့လည်း ထင်ရစေပါတယ်။ တကယ်တော့ ဒေါက်ပါတဲ့ဖိနပ် ရွေးတဲ့အခါ ရှူးဖိနပ်ရဲ့ဒေါက်အခြေကျယ်တာမျိုးဖြစ်သင့်ပြီး လေးစင်တီမီတာထက် ပိုမမြင့်ရပါဘူး။ ဒါက ခြေထောက်မနာ စေဖို့ စံသတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ ရှစ်လက်မ ဒေါက်တွေတောင် စီးနေကြတာ တွေ့ရပါတယ်။ လှလို့ အနာခံပြီး စီးတယ်ဆိုတာတွေပဲ ကြားနေရတာ ပိုများပါတယ်။ ဒါပေမဲ့ ဒေါက်မြင့်ဖိနပ်တွေ စီးတာက ဘာ ဆိုးကျိုးတွေ ပေးနိုင်လဲဆိုတော့ –
 ဒေါက်မြင့်ဖိနပ်တွေက ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို ညီမျှအောင် မထိန်းညှိ နိုင်ပါဘူး။ ဒီအခါ ခါးရိုး ရောင်ရမ်းတာ၊ နာကျင်တာ ဖြစ်လာစေနိုင်ပါတယ်။
 ခြေထောက်ကြွက်သားတွေကို နာကျင်စေပြီး သွေးကြောဖောင်းပွတဲ့ ရောဂါ (Varicose Vein) ကို ဖြစ်စေနိုင်ပါတယ်။
 တစ်နေ့တာစီးပြီး အိမ်ပြန်ရောက်လို့ ဖိနပ်ချွတ်လိုက်တဲ့အခါ ခြေထောက် တစ်ချောင်းလုံး နာကျင်ခံစားရစေပါ တယ်။
 ဒူးခေါင်း၊ ခြေဆစ်၊ ခြေချောင်း၊ ခြေဖဝါး ရောင်ရမ်းတာဖြစ်တတ်ပြီး အဆိုးဆုံးက ခြေဆစ်လွဲပြီး ခြေထောက်ပုံစံ ပျက်ယွင်းတာ ဖြစ်လာနိုင်ပါတယ်။
ရောဂါရှိတယ်ဆိုရင် –
တချို့ရောဂါအခြေအနေက ခြေ ထောက်အပေါ်မှာ များစွာအကျိုးသက် ရောက်နိုင်ပါတယ်။ ဒီအခါ ဖိနပ်ရွေးချယ်တဲ့အခါ သေချာဆန်းစစ်ရပါမယ်။
 ဆီးချိုသွေးချိုရောဂါ (Diabetes)
သင်ဟာ ဆီးချိုရောဂါ ရှိသူဆိုရင် သင့်ခြေထောက်ကို ဂရုစိုက်ဖို့ အထူးလို အပ်ပါတယ်။ ဒေါက်မြင့်ဖိနပ်တွေကို ရှောင်တာအကောင်းဆုံးဖြစ်ပါတယ်။ အရမ်းကြပ်တဲ့ဖိနပ်တွေ မစီးပါနဲ့။ သင်စီးတဲ့ဖိနပ်က သင့်ခြေထောက်ကို သက်သောင့်သက်သာ ဖြစ်စေဖို့ အထူးလိုအပ်ပါတယ်။
 အဆစ်အမျက်ရောင်ရောဂါ (Arthritis)
သင်ဟာ အဆစ်အမျက်ရောင် ရောဂါရှိသူဆိုရင် သင့်အတွက် သက်သောင့် သက်သာရှိတဲ့ဖိနပ်တစ်စုံကို အတော်ရှာဖွေရခက်နိုင်ပါတယ်။ ခြေနင်းပြား ပျော့ပြီး အလေးချိန်ပေါ့မယ်၊ ခြေထောက်ကို ဒဏ်မပိစေတဲ့ ဖိနပ်မျိုး ရွေးချယ်ပါ။
 Swollen Feet
သင့်ခြေထောက်၊ သင့်ခန္ဓာကိုယ် အောက်ပိုင်းက ဖောရောင်တတ်သူဆိုရင် သင့်ခြေထောက်နဲ့ Fit ဖြစ်မယ့် ဖိနပ် တစ်စုံ ရှာဖို့မလွယ်ပါဘူး။ ဖိနပ်စီးတဲ့အခါလည်းခက်၊ ပြန်ချွတ်ရင်လည်း ခက်ခဲ တတ်ပါတယ်။ ခြေကုပ်မြဲစေတဲ့ အထိန်း ကြိုးသိုင်းပါတဲ့ ဖိနပ်မျိုးကို ရွေးချယ်ပါ။  ချော်မလဲစေနိုင်တဲ့ ဖိနပ်မျိုး ဖြစ်ဖို့လိုပါတယ်။
 Sensitive Feet
တချို့လူတွေမှာတော့ ဖိနပ်လုပ်တဲ့သားရေနဲ့ မတည့်တာမျိုးဖြစ်တဲ့အခါ အလာဂျီတွေ ထလာစေပါတယ်။ ဒီလိုဖြစ်လာရင် ခြေထောက်နဲ့ ထိတွေ့တဲ့နေရာက သားရေမဟုတ်တဲ့ ဖိနပ်မျိုး ရွေးပါ။ အလာဂျီက အရမ်းမဆိုးဝါးရင် ခြေအိတ်ကို တစ်ထပ်ခံပြီး ဝတ်ကြည့်ပါ။ ခြေထောက်အရေပြား ခြောက်တဲ့အခါလည်း အလာဂျီဖြစ်တတ်ပါတယ်။ ညအိပ်ရာ ဝင်ခါနီးတိုင်း ခြေထောက်ကို သန့်စင်ပြီး အစိုဓာတ်ထိန်းခရင်မ်လိမ်းအိပ်ပါ
ဖိနပ်တွေကို ထိန်းသိမ်းဖို့ ဆိုရင် –
ဖိနပ်တွေက ဈေးမသက်သာလှပါဘူး။ သင်ဟာ ဈေးကြီးတဲ့ ဖိနပ်တစ်စုံ ဝယ်ထားတယ်ဆိုရင် ပိုလို့တောင် ပျက်စီးမှာ စိတ်ပူမိမှာပါ။ ဒီအတွက် ဖိနပ်တွေကို ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေ ဖော်ပြပေးလိုက်ပါတယ်။
 သင့်ဖိနပ်က သားရေနဲ့ ပြုလုပ်ထားတာဆိုရင် ထိန်းသိမ်းပေးဖို့ လိုပါတယ်။ မစီးဘဲ သိမ်းထားရင်တောင် သိမ်းထားတာ ကြာတဲ့အခါ သားရေအသားက အက်ကွဲပြီး ကွာကျလာတတ်ပါတယ်။ ဒီလိုမဖြစ်အောင်ဆိုရင် ဖိနပ် Conditioner ထည့်ပေးရပါမယ်။ Conditioner မထည့်ခင် ဖုန်တွေ ပြောင်အောင် အရင် သုတ်သင်ပါ။  Conditioner ထည့်ပြီး မိနစ်အနည်းငယ်စောင့်ပါ။ သားရေက သူစုပ်ယူနိုင်သလောက် စုပ်ယူပါစေ။ တင်ကျန်နေတဲ့ Conditioner တွေကို အဝတ်အသန့်နဲ့ ပြန်လည်သုတ်ပေးပါ။ ခြောက်လတစ်ကြိမ်အနည်းဆုံးလုပ်ရမှာ ဖြစ်ပြီး တစ်နှစ်ကို သုံး၊ လေးကြိမ်လောက် လုပ်ပေးပါ။
 သင့်ဖိနပ်ကို ထိန်းသိမ်းတဲ့နေရာကလည်း အရေးကြီးပါတယ်။ ဘီဒိုထဲကို ဖိနပ်တွေ ဒီတိုင်း ပစ်ထည့်တာမျိုး လုံးဝမလုပ်ပါနဲ့။ နေရောင်နဲ့လည်း တိုက်ရိုက်ထိတွေ့တဲ့နေရာမှာ မသိမ်းပါနဲ့။ အရောင်မှိန်ပြီး ပျက်စီးလွယ်စေပါတယ်။ Linen အသားနဲ့ လုပ်ထားတဲ့ အိတ်တွေက ဖိနပ်ကောင်းတွေသိမ်းဖို့ အသင့်တော်ဆုံးပါ။ ဖိနပ်တစ်ရံနဲ့ တစ်ရံကြားမှာလည်း နေရာအလွတ် အနည်းငယ် ထားရှိပါ။
♥ #Darliko (Mahidol University) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *