သင်စားမယ့် အစားအစာပေါ်မှာ ယင်ကောင်နားနေလျှင်

အစားအစာပေါ်မှာ ယင်ကောင်နားနေတာကို မြင်တွေ့ရရင် ဒါကိုတုံ့ပြန်တာက တစ်ယောက်နဲ့ တစ်ယောက် တူညီကြမှာ မဟုတ်ပါဘူး။ တချို့ကတော့ ယင်နားထားတဲ့ အစားအစာကို အမှိုက်ပုံးထဲကို လွှင့်ပစ်လိုက်ကြပါတယ်။ တချို့ကျတော့လည်း ယင်နားနေတဲ့ နေရာကို ကွက်ယူပြီး လွှင့်ပစ်လိုက်ပါတယ်။ တချို့ကျတော့လည်း ယင်နားထားတဲ့ အစားအစာကို ဘာမှ မဖြစ်သလို ဆက်လက်ပြီး စားသောက်ကြပါတယ်။

အစားအစာကို ယင်ကောင်နားထားတာက ယင်ကောင် နောက်ဆုံးစားထားတဲ့ အစားအသောက်ကနေ ရောဂါကို ကူးစက်နိုင်ရုံသာမကပါဘူး၊ သူက အကောင်သေးသလောက် အောက်ပါအတိုင်းလည်း သင့်ကို အများကြီး အနှောင့်အယှက် ပေးနိုင်ပါတယ်။

♦ ယင်ကောင်က သင့်အစာပေါ်ကို အန်ချနိုင်ခြင်း
ယင်ကောင်တွေက သူတို့ရဲ့ ပြွန်ပါးစပ်ကနေ အစာကို စုပ်ယူပါတယ်။ သူတို့ရဲ့ပါးစပ်ပုံစံကြောင့် သူတို့စားမယ့် အစားအစာအားလုံးကို အရည်အဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။ ဒီလိုပြောင်းလဲနိုင်ဖို့ သူတို့က အစားအစာပေါ်ကို တံတွေးထွေးပြီးအန်ချလိုက်ကြပါတယ်။ သူတို့ရဲ့တံထွေးနဲ့အတူတူ သူတို့ အရင်က စားထားတဲ့အစားအစာ (ဥပမာ အသားအပုပ်အသိုး၊ မစင်) တွေအားလုံးပါဝင်သွားပါတယ်။

♦ အစားအစာပေါ် ယင်ကောင်က ဥချခြင်း
သင်နောက်နေ့တွေစားဖို့အတွက်အတွက် ချန်ရစ်ထားတဲ့ စားကြွင်းစားကျန်တွေက ယင်ကောင်ဥပြီး အသိုက်အမြုံ ပြုလုပ်ဖို့ နေရာကောင်း ဖြစ်သွားပါတယ်။ အချိန် တစ်ခုအကြာမှ ဥကနေ ယင်ကောင်ငယ်တွေ ပေါက်ဖွားလာပြီး သင့်အတွက် အစာအဆိပ် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ချန်ထားတဲ့ အစားအစာတွေကို ယင်မနားအောင် ဖုံးအုပ်ထားရပါမယ်။

♦ ယင်ကောင်ရဲ့ခြေထောက်နဲ့ တောင်ပံတွေကလည်းအစားအစာပေါ်မှာ ဘက်တီးရီးယားအသိုက်အမြုံကြီးဖြစ်အောင်တည်ဆောက်နိုင်ပါတယ်
ယင်ကောင်ရဲ့ကိုယ်ထဲမှာ ဘက်တီးရီးယားတွေ ပြည့်နှက်လို့နေပါတယ်။ သူရဲ့ခန္ဓာကိုယ်ပြင်ပ နေရာမှာလည်း ပိုးမွှားတွေ အပြည့်ရှိနေကြတာပါပဲ။ ဒါကြောင့် အစားအစာပေါ် ယင်တစ်ကောင်နားလိုက်တာနဲ့ သူတို့က ပိုးမွှားအသိုက်အမြုံကြီးကို ချန်ထားခဲ့တတ် ကြပါတယ်။ ယင်ကောင် နားထားတဲ့ အစားအစာ အားလုံးက သင့်ကို ရောဂါရစေနိုင်တယ်လို့ ဆိုလိုတာပါ။

♦ ယင်ကောင်တွေက ရောဂါပေါင်း ၆၀ ကျော်ကို သယ်ဆောင်ပေးနိုင်ပါတယ်
ယင်ကောင်တွေက အမှိုက်ပုံးတွေနဲ့ အစားအစာတွေပေါ် လျှောက်သွားပြီး အဲဒီကတစ်ဆင့် လူတွေကို ရောဂါပေါင်း အနည်းဆုံး ၆၅ မျိုးခန့်ကို ကူးစက်နိုင်တယ် လို့ သိရပါတယ်။ ဝမ်းကိုက်ရောဂါ၊ ဝမ်းပျက်ရောဂါ၊ ကာလသားဝမ်းရောဂါ အစရှိတာတွေအပြင် အနာကြီးရောဂါတောင် ပါဝင်တယ်လို့ဆိုပါတယ်။ ယင်ကောင်က လူတွေကိုသာ ဒုက္ခပေးနိုင်တာ မကပါဘူး။ ကြက် ဒါမှမဟုတ် ဝက်တွေကလည်း ယင်ကောင် မှတစ်ဆင့် ရောဂါ ကူးစက်ခံရနိုင်ပါတယ်။

ကဲ . . . အခုဆိုရင်တော့ သင်စားမယ့်အစားအစာပေါ်မှာ ယင်ကောင်နားထားရင် ဘာလုပ်ရမယ် ဆိုတာကို သင်သိလောက်ပါပြီ။

♥ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal