ကိုယ်ဝန်ဆောင်ချိန်မှာ ဘာတွေကို အလေးထား ဂရုစိုက်သင့်လဲ

ကိုယ်ဝန်ဆောင်ချိန်မှာ သာမန်ထက် ကျန်းမာရေးကို ပိုမိုဂရုစိုက်ဖို့ လိုပါတယ်။ မိမိအတွက်သာမကဘဲ သန္ဓေသားအပေါ် မှာပါ ထိခိုက်မှုတွေ ဖြစ်နိုင်တာကြောင့် သာမန်အချိန်မှာထက် ပိုမို ဂရုစိုက်ဖို့ လို အပ်တာဖြစ်ပါတယ်။ စားသင့်တဲ့ အစာ တွေကို လတ်လတ်ဆတ်ဆတ် သန့်သန့် ရှင်းရှင်း စားသင့်သလို၊ မစားသင့်တဲ့အစာ တွေကို ရှောင်ရပါမယ်။

♦ ကိုယ်ဝန်ဆောင်နှင့် ကျန်းမာစေသောအစာ
အမြဲတမ်း ကျန်းမာရေးနဲ့ ညီညွတ် စေတဲ့ အစာတွေကိုသာ စားသုံးသင့်တယ် ဆိုပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ ပိုပြီးလို အပ်ပါတယ်။ မိခင်က ကျန်းမာတဲ့အစာကို စားသုံးမှသာ ရင်သွေးငယ်အတွက် လို အပ်တဲ့ အာဟာရဓာတ်တွေကို ရရှိစေမှာ ဖြစ်ပါတယ်။

♦ ကိုယ်ဝန်ဆောင်နှင့် ရှောင်သင့်သောအစာ
တချို့အစားအသောက်တွေက ရင် သွေးငယ်ကို ထိခိုက်နိုင်လို့ ကိုယ်ဝန် ဆောင်ချိန်မှာ စားသုံးဖို့ မသင့်တော်ပါဘူး။ မစားသုံးသင့်တဲ့အစားအသောက်တွေကို သိရှိပြီး ရှောင်ရှားရမှာ ဖြစ်ပါတယ်။

♦ ကိုယ်ဝန်ဆောင်နှင့် ချင်ချင်းတပ်ခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ သာမန်နဲ့ မတူဘဲ ထူးထူးခြားခြား စားချင်တာမျိုး ဖြစ်တတ်ပါတယ်။ ရေခဲမုန့်၊ ချောကလက် နဲ့ ချိုတဲ့အစားအစာတွေ၊ ငါး၊ နို့နဲ့နို့ထွက် ပစ္စည်း၊ သစ်သီး စတာတွေကို ပုံမှန်အချိန် မှာထက် ကိုယ်ဝန်ဆောင်ချိန်မှာ ပိုစားချင် စိတ်တွေ ဖြစ်နိုင်သလို တချို့အစားအစာ တွေကိုလည်း အနံ့တောင် မခံနိုင်တာမျိုး လည်း ဖြစ်တတ်ပါတယ်။

♦ ကိုယ်ဝန်ဆောင်နှင့် ဗီတာမင်၊ သတ္တုဓာတ်
ကိုယ်ဝန်ဆောင်ချိန်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပိုမိုလိုအပ်ပါတယ်။ အ စားအသောက်တွေကနေရရှိအောင် စား တာနဲ့တင် မလုံလောက်ပါဘူး။ ဗီတာမင်နဲ့ သတ္တုဓာတ်ဖြည့်စွက်ထားတဲ့အားဆေး တွေ ဖြည့်စွက်သောက်သုံးဖို့ လိုပါတယ်။

♦ ကိုယ်ဝန်ဆောင်နှင့် သွားကျန်းမာရေး
ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲမှုတွေကြောင့် သွားဖုံးတွေ ရောင်ရမ်းတာနဲ့ အထိမခံနိုင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ သွားတိုက်တဲ့အခါ သွား ဖုံးသွေးယိုတာ၊ သွားချေးဖတ်တွေ ပိုများ လာတာ ဖြစ်တတ်ပါတယ်။ တစ်နေ့ နှစ် ကြိမ် သွားတိုက်တာ၊ သွားကြားပွတ်ကြိုး တစ်ကြိမ်သုံးပေးတာတွေ ပြုလုပ်ပေးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ သွားနဲ့ခံတွင်းဆရာ ဝန်နဲ့ အနည်းဆုံးတစ်ကြိမ်လောက်တော့ ပြသစစ်ဆေးပါ။

♦ ကိုယ်ဝန်ဆောင်နှင့် ကဖင်းဓာတ်
ကိုယ်ဝန်ဆောင်ချိန်မှာ ကဖင်းဓာတ် တွေများပါက သန္ဓေသားမှာ မွေးရာပါချို့ ယွင်းချက်တွေ ဖြစ်ပေါ်လာနိုင်တယ်ဆို တာ မတွေ့ရပေမယ့် ကိုယ်ဝန်ပျက်ကျ နိုင်ခြေများတာနဲ့ ကလေးပေါင်မပြည့်မွေး တာတွေ ဖြစ်နိုင်ခြေများပါတယ်။ ဒါ ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကော်ဖီ ပမာဏများများ သောက်သုံးတာကို ရှောင် သင့်ပါတယ်။

♦ ကိုယ်ဝန်ဆောင်နှင့် ဆေးလိပ်သောက်ခြင်း
လူကောင်းတစ်ယောက်ဆိုရင်တောင် ဆေးလိပ်သောက်ပါက ခန္ဓာကိုယ်တစ်ခု လုံးရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာဆိုရင်တော့ သင့် ရင်သွေးငယ်ကိုပါ ထိခိုက်နိုင်ပါတယ်။ သင်က ဆေးလိပ်သောက်သူတစ်ယောက် ဖြစ်ရင်လည်း ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားကို ထိခိုက်နိုင်တာကြောင့် ဆေးလိပ်မသောက်သင့်ပါဘူး။

♦ ကိုယ်ဝန်ဆောင်နှင့် အစာအဆိပ်သင့်ခြင်း
အစာအဆိပ်သင့်တယ်ဆိုတာက အစားအသောက်ကနေ ဘက်တီးရီးယား ပိုးတွေ ကူးစက်တာဖြစ်ပါတယ်။ ကိုယ်ဝန် ပျက်ကျနိုင်ခြေများနိုင်ပြီး မမွေးရသေးတဲ့ ကလေးငယ်ကိုလည်း ကူးစက်နိုင်ပါ တယ်။ အစာအဆိပ်သင့်တာ မဖြစ်အောင် သန့်ရှင်းလတ်ဆတ်တဲ့အစာတွေကို ပူပူ နွေးနွေး စားသုံးဖို့ လိုပါတယ်။

♦ ကိုယ်ဝန်ဆောင်နှင့် လေ့ကျင့်ခန်း
ကိုယ်ဝန်ဆောင်ချိန် ကျန်းမာစေဖို့၊ ကိုယ်အလေးချိန်ထိန်းဖို့၊ စိတ်ဖိစီးမှုတွေ လျော့နည်းစေဖို့၊ သွေးစီးဆင်းမှု ကောင်း စေဖို့ လေ့ကျင့်ခန်းပြုလုပ်သင့်ပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် မလုပ်ဘဲ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ လုပ်ဖို့တော့ လိုပါတယ်။

♦ ကိုယ်ဝန်ဆောင်နှင့် ဖောလိတ်
ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလိတ် ဓာတ်ရရှိဖို့ ပိုမိုလိုအပ်ပါတယ်။ ရင်သွေး ငယ်မှာ မွေးရာပါချို့ယွင်းချက်တွေ မဖြစ် အောင် ဖောလိတ်ဓာတ်ကြွယ်ဝတဲ့အစာ တွေကို စားသုံးရမှာဖြစ်ပါတယ်။ ဆရာဝန် ညွှန်ကြားပါက ဖြည့်စွက်သောက်သုံးရမှာ ဖြစ်ပါတယ်။

♥ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal