“V” Shape လိုချင်လား

ခေတ်တစ်ခေတ်နဲ့ တစ်ခေတ်မှာ အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်မှုတွေဟာ ပြောင်းလဲလာပါတယ်။ လူ့အလို နတ်မလိုက်နိုင်ဆိုပေမဲ့
ယနေ့ခေတ်မှာတော့ သင်လိုချင်တဲ့ ပုံစံကို ခေါင်းစ ခြေဆုံး ပြောင်းလဲနိုင်နေပြီဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာတော့ မိန်းကလေးတွေ
ကြားရေပန်းစားနေတာက “V” Shape မျက်နှာပါ။ ဒီ စကားအသုံးအနှုန်းက ကိုရီးယားကနေ စတင်ခေတ်စားလာတာ ဖြစ်ပြီး
တရုတ်ပြည်မှာတော့ “Melong Seed Face” (ဖရဲသီးစေ့ မျက်နှာ) လို့ ခေါ်ကြပါတယ်။

“V” Shape က ဘာလဲ
ဗွီပုံသဏ္ဍန် မျက်နှာကျက asians အမျိုးသမီးတွေ ကြိုက်ကြတာများပါတယ်။ မျက်နှာပြင်က အချိုးညီညီနဲ့ ပြေပြစ်မှုရှိတာကို လှတယ်လို့
သတ်မှတ် ကြပါတယ်။ ဥပမာ – နှုတ်ခမ်းနဲ့ မေးစေ့ကြား အကွာအဝေးက နဖူးနဲ့ မျက်လုံးကြား အကွာအဝေး ညီရမယ် ဆိုတာလိုပေါ့။ ဗွီပုံသဏ္ဍန်
မျက်နှာကျက သွယ်သွယ်လေးနဲ့ မိန်းကလေးပီသတယ်၊ လှပသပ်ရပ်တယ်၊ နုပျိုတဲ့အသွင်ပေး တယ်လို့ ယူဆကြပါတယ်။ လေးထောင့်
ကျတဲ့မျက်နှာ ဒါမှမဟုတ် မျက်နှာပြင် ကျယ်တယ်ဆိုရင် ဒါဟာ ယောကျာ်းဆန် တယ်၊ ရုပ်ရင့်စေတယ်လို့ ထင်မှတ်ကြပါတယ်။

ယနေ့ခေတ်မှာတော့ အမျိုးသမီးတွေသာမကဘဲ အမျိုးသားတွေမှာပါ ဗွီပုံသဏ္ဍန် မျက်နှာကျကို ရူးသွပ်လာကြတာတွေ့ရပါတယ်။ အထူးသဖြင့်
ကိုရီးယား ကေပေါ့ အဆိုတော်၊ မင်းသားတွေ၊ ထိုင်း ဆယ်လီဘရစ်တီတွေမှာ ဗွီ မျက်နှာကျကို တွေ့ရပါတယ်။ တီဗီဖန်သားပြင်ပေါ်မှာ
တွေ့နေရတဲ့ လူငယ်တွေ ကြားရေပန်းစားနေတဲ့ အနုပညာရှင်တွေ ကိုယ်တိုင်က ဗွီ မျက်နှာကျနဲ့ ချောမောလှပနေကြတာ တွေ့တော့
လူအတော်များများကပါ သဘောတွေ့ကြပြီး အတုယူကြတာများပါတယ်။

“V” Shape ရဖို့ ဘာလုပ်ရမလဲ
မျက်နှာသွယ်တဲ့အသွင်ရဖို့ဆိုရင် ခွဲစိတ်ပြုပြင်တာ ဒါမှမဟုတ် ဓာတုပစ္စည်းတွေသုံးတာတွေ ရှိပါတယ်။ ဗွီ ပုံဏ္ဍန် မျက်နှာကျရဖို့ ဆာဂျရီလုပ်စရာ
မလိုတဲ့ သဘာဝနည်းလမ်းတွေလည်း ရှိပါတယ်။

“V” Line Surgery
ဗွီလိုင်းဆာဂျရီမှာ နှစ်မျိုးရှိပါတယ်။ ပထမတစ်ခုက မေးရိုးဆာဂျရီပါ။ ခွဲစိတ်ဆရာဝန်က မို့နေတဲ့မေးရိုးကို ပိုပြီးသွယ်သွားအောင် ပါးမယ်၊
လိုချင်တဲ့ပုံစံရအောင် ဖြည်းဖြည်းချင်းအရိုးကို ရိတ်သွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကိုရီးယား အမျိုးသမီးတွေဟာ မျက်နှာကျကားကားနဲ့
ပါးရိုးမို့တတ်ကြပါတယ်။ ဒါကြောင့်လည်း ကိုရီးယားမှာ ဗွီ ပုံသဏ္ဍန် မျက်နှာ ခွဲစိတ်မှုသူဦးရေက နှစ်စဉ်တိုးနေပါတယ်။ ဒုတိယနည်းကတော့
မေးစေ့ကို ပြုပြင်မှာပါ။ မျက်နှာကျရဲ့ အဓိက အစိတ်အပိုင်း သုံးခုမှာ မျက်လုံး၊ နှာခေါင်း၊ မေးစေ့ ပါဝင်ပါတယ်။ မေးစေ့က အရမ်းကြီးနေတာ၊
ကျယ်နေတာဆိုရင် ဒါကို သေးအောင် ပြုပြင်ပြီး ဗွီပုံသဏ္ဍန် မျက်နှာကျ ဖန်တီးနိုင်သလို မေးစေ့က အရမ်းတိုနေရင် ရှည်အောင်ဆက်ပြီး
ဗွီပုံသဏ္ဍန် မျက်နှာကျ ဖန်တီးနိုင်ပါတယ်။ မေးစေ့ ရှည်ဖို့ဆက်တဲ့အခါမှာ အသုံးပြုတာကတော့ ဆီလီကွန် ဒါမှမဟုတ်
ပိုလီအီသိုင်လင်းဒြပ်ပေါင်းကို သုံးပါတယ်။ နောက်တစ်နည်းကတော့ လူရဲ့ခန္ဓာကိုယ် နံရိုး ဒါမှမဟုတ် တင်ပဆုံရိုးကနေ အရိုးကို ယူပြီး
ဆက်တာဖြစ်ပါတယ်။

ဆာဂျရီလုပ်တာကတော့ ပိုပြီး တာရှည်ခံတဲ့ ရလဒ်ကိုရနိုင်ပါတယ်။ ရနိုင်တဲ့ Risks တွေကလည်းများပါတယ်။ ခွဲစိတ်မှုဒဏ်ကနေ
ပြန်ကောင်းဖို့က တစ်လလောက်အချိန်ယူရမှာဖြစ်ပြီး ရှောင်ရန်၊ ဆောင်ရန်တွေကိုလည်း အထူးဂရုစိုက်ရမှာဖြစ်ပါတယ်။ မျက်နှာကျ ပုံသေ
အသားကျဖို့ကတော့ သုံးလကနေ ခြောက်လလောက်ထိ ကြာနိုင်ပါတယ်။ “V” Line Surgery ရဲ့ ကုန်ကျစရိတ်က နိုင်ငံအလိုက်
ဈေးနှုန်းကွာနိုင်ပြီး ကိုရီးယားမှာဆိုရင်တော့ ဒေါ်လာ လေးထောင်ကနေ ခြောက်ထောင်ထိ ကုန်ကျနိုင်ပါတယ်။

Neurotoxins
နယူရိုတော့ဆင်တွေနဲ့လည်း ဗွီ ပုံသဏ္ဍန်မျက်နှာကျကို ရယူဖို့ ကြိုးစားနိုင်ပါတယ်။ အသုံးများတာကတော့ လူအတော်များများ ကြားဖူးနေတဲ့
ဘိုတော့စ် (Botox) ပါ။ သူက ကြွက်သားတွေကို ပြေလျော့ပြီး ကျုံ့နိုင် စွမ်းရှိပါတယ်။ မျက်နှာရဲ့ မေးရိုးကြွက်သားတွေက အစားစားတဲ့အခါ
ဝါးရတဲ့ အလုပ် လုပ်ရတာကြောင့် ကြာတဲ့အခါ ကြီးလာနိုင်ပါတယ်။ ဘိုတော့စ်ကို ဒီကြွက်သားတွေထဲ ထိုးဆေးအနေနဲ့ ထိုးပေးရပါတယ်။ ဆေးရဲ့
အာနိသင်က ပုံသေတော့ မဟုတ်ပါဘူး။ လအနည်းငယ်ထိပဲ ခံမှာ ဖြစ်ပြီး သင်လိုချင်တဲ့ ပုံစံကို ထိန်းနိုင်ဖို့ ဆက်ထိုးသွားရမှာ ဖြစ်ပါတယ်။
မေးရိုးထဲကို ဘိုတော့စ်ထိုးပြီး ဗွီ ပုံသဏ္ဍန် မျက်နှာကျရဖို့ ဖန်တီးတာက ဆာဂျရီ လုပ်စရာမလိုတဲ့ အမြန်ဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

ဆာဂျရီမလိုတဲ့ နည်းလမ်းတွေက ဘာတွေလဲ
(၁) Skincare
ဗွီ ပုံသဏ္ဍန် မျက်နှာကျ ခေတ်စားလာတာနဲ့အမျှ မျက်နှာတင်းရင်းဖို့ အလှကုန်ပစ္စည်းတွေကလည်း ဈေးကွက်မှာ နေရာရလာကြပါတယ်။
နိုင်ငံတကာက အမှတ်တံဆိပ်မျိုးစုံနဲ့ အလှကုန်တွေကို ပြည်တွင်းမှာတင် ဝယ်ယူနေနိုင်ပါပြီ။ ဒီတော့ သင့်အရေပြားနဲ့ တည့်မယ့်၊ အကျိုး ရှိမယ့်
အလှကုန်ကို ရွေးချယ်ရပါမယ်။ ဗွီ ပုံသဏ္ဍန်ဖြစ်တယ်ပြောတိုင်း အယုံတော့ မလွယ်ပါနဲ့။ ဖြစ်နိုင်၊ မဖြစ်နိုင်ကို ခြင့်ချိန် စဉ်းစားသင့်ပါတယ်။
မျက်နှာအရေပြား ကို ထိခိုက်စေတဲ့ နေရောင်ခြည်ကို ရှောင်တာ၊ နေလောင်ကာ ခရင်ခ်လိမ်းတာကလည်း အထောက်အကူ ပြုပါတယ်။
(၂) အစားအစာ
မျက်နှာအရေပြား ကျုံ့နိုင်ဆန့်နိုင်အားကို ကောင်းစေမယ်၊ တင်းရင်း စေမယ်၊ အရေးကြောင်းတွေ ကင်းစေဖို့ အထောက်အကူပြုတဲ့
အရာတွေကတော့ ဗီတာမင် အေ၊ ဗီတာမင် ဘီ၊ ဗီတာမင် စီ၊ ဗီတာမင် အီး၊ ဗီတာမင် ကေ နဲ့ ကိုလာဂျင်တွေက အဓိက ဖြစ်ပါတယ်။
အရေးကြောင်းတွေ ဖြစ်စေတဲ့ အဆီအအိမ့်၊ အငန်စာ၊ ရယ်ဒီမိတ် အစားအစာ၊ အရက်၊ ဆေးလိပ်တွေ ရှောင်တာပြီး ဓာတ်တိုးမှုကို ဆန့်ကျင်
ပေးနိုင်တဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံ စားတာတွေက အကျိုးများစေပါတယ်။
(၃) မျက်နှာလေ့ကျင့်ခန်း


မျက်နှာသွယ်စေတဲ့ Facial Exercise/Facial Yoga တွေလည်း ရှိပါတယ်။ သင့်မျက်နှာက ကြွက်သားတွေကို လေ့ကျင့်ပေးပြီး
မျက်အိတ်ဖောင်းတာ၊ အသားအရေ လျော့တွဲလာတာတွေ အတွက် ကောင်းပါတယ်။ မျက်နှာကျ သွယ်ဖို့ လေ့ကျင့်ခန်းကို ဘယ်နေရာ၊
ဘယ်အချိန်မှာ ဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ တစ်ခါ လုပ်ရင် ၃ – ၅ မိနစ်လောက်ပဲ ကြာမှာ ဖြစ်ပြီး နေ့တိုင်းလုပ်ပေးပါ။ ဘယ်လိုလုပ်ရမလဲဆိုရင် –
– သင့်လျှာကို အပြင်ကိုတည့်တည့်ထုတ် ပြီး အပေါ်ကို ရသလောက် မြှောက်ထားပါ။
– ပြီးရင် ဦးခေါင်းကို ဖြည်းဖြည်းချင်း နောက်ကို လှန်ချပါ။ မေးရိုးနဲ့ လည်ပင်းက ထောင့်မှန်ကျနေပါစေ။
– ဒီပုံစံအတိုင်း ဆယ်စက္ကန့်လောက် နေပေးပါ။ ဒါက ပန်ကရိယဂလင်းကနေ အိုမင်းရင့်ရော်မှုကို ဟန့်တားပေးနိုင်တဲ့
ဟော်မုန်းထွက်စေပါတယ်။ တစ်ခါလုပ်ရင် နှစ်ကြိမ်လုပ်ပေးပါ။
(၄) နှိပ်နယ်ခြင်း
မျက်နှာကျ သွယ်ဖို့ နှိပ်နယ်တဲ့ နည်းလမ်း (Facial Slimming Massage) ကိုလည်း အသုံးပြုနိုင်ပါတယ်။ ဒါကလည်း မျက်နှာပြင်က
ကြွက်သားတွေ ပြေလျော့စေပြီး အဆီတွေ ကျစေပါတယ်။
(၅) မိတ်ကပ်
ဆာဂျရီမလိုဘဲ မျက်နှာသွယ်ဖို့ အတွက် အမြန်ဆုံးနည်းလမ်းတစ်ခုပါ။ မိတ်ကပ်ကို အရောင် အနု၊ အရင့် အသုံးပြုပြီး Highlighter နဲ့
Shadow ကို ကစားလို့ ရပါတယ်။ မေးရိုးချတယ်၊ ပါးရိုးချတယ်လို့ ခေါ်ကြတာ ကြားဖူးမှာပါ။ ဒါက မျက်နှာကျကို သွယ်တယ်ထင်ရအောင်၊
ပါးရိုးတစ်လျှောက်၊ မေးရိုးတစ်လျှောက်မှာ အသားရောင်ထက်ရင့်တဲ့အရောင်နဲ့ ခပ်ပါးပါးလေး အရိပ်လိုက်ပေးတာ ဖြစ်ပါတယ်။

ဘယ်နည်းလမ်းရွေးရမလဲ
ဗွီ ပုံသဏ္ဍန် မျက်နှာကျရဖို့က ယေဘုယျအနေနဲ့ ခြုံပြောရမယ်ဆိုရင် ကြွက်သားတွေကို ကျုံ့စေမယ်၊ လျော့တွဲလာတဲ့
အရေပြားကို တင်းရင်းစေမယ်၊ သွယ်တဲ့ အသွင်ရဖို့ ဖြည့်ရမယ့်နေရာ ဖြည့်ပြီး ပိုနေတဲ့နေရာတွေ လျော့ချဖို့ဖြစ်ပါတယ်။
ဆာဂျရီနည်းလမ်းတွေ၊ လေဆာ၊ ဓာတုပစ္စည်းသုံးတဲ့နည်းလမ်းတွေ အမျိုးမျိုးရှိတာမှာ သင်နဲ့ ကိုက်ညီမယ့်၊ သင့်တော်မယ့်နည်းလမ်းကို
လေ့လာရမှာပါ။ အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်တဲ့ ဆာဂျရီတိုင်းမှာတော့ ဆိုးကျိုး၊ ကောင်းကျိုးတွေ ဒွန်တွဲနေမှာ ဖြစ်ပါတယ်။ နောက်ပြီး
ရေရှည်အတွက် ပြုပြင်ထိန်းသိမ်းဖို့ ကုန်ကျစရိတ်နဲ့ သင် အသက်အရွယ် ဘယ်လောက်ထိ ဆက်ထိန်းသွားနိုင်မှာလဲ ဆိုတာကိုပါ
ထည့်စဉ်းစားထားရမှာ ဖြစ်ပါတယ်။ ဇရာကို ဘယ်သူမှ မလွန်ဆန်နိုင်တာမို့ တစ်သက်လုံး ဒီအတိုင်းပဲ ဆက်ထိန်းသွားဖို့ကတော့ မဖြစ်နိုင်ပါဘူး။

♥ ထူးဒါလီကိုကို (M. Sc. in Pharm) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *