သုတေသနတစ်ခုမှာ အမျိုးသမီးတွေက သူတို့ရဲ့ အလှကုန်တွေ ဒိတ်လွန်ပြီး နောက်ခြောက်နှစ်လောက်ထိ သိမ်းထားတတ်ကြတယ်လို့ ဆိုပါတယ်။ နောက်ပြီး အမျိုးသမီး ၇၀ ရာခိုင်နှုန်းလောက်က သူတို့ မိတ်ကပ်ခြယ်သတဲ့အခါ အသုံးပြုတဲ့ မိတ်ကပ်ဘရပ်ရှ်တွေကို လုံးဝ ဆေးကြောသန့်စင်တာမလုပ်ဘူးလို့ ဆိုပါတယ်။ ဒိတ်ကျော်နေတဲ့ အလှကုန် Cosmetics တွေကို သုံးစွဲတာဟာ အန္တရာယ် ဖြစ်စေတဲ့ Toxins တွေနဲ့ ပိုပြီး ထိတွေ့စေပါတယ်။
မိတ်ကပ်ဖောင်ဒေးရှင်းနဲ့ ကွန်စီလာတွေ ဘယ်အခါမှာ သက်တမ်းကုန်လဲ
♥ မိတ်ကပ်ဖောင်ဒေးရှင်းရဲ့ သက်တမ်းက သူ့မှာပါဝင်တဲ့ ဒြပ်ပေါင်းတွေပေါ်မှာ မူတည်ပါတယ်။ Water-based နဲ့ Oil-based ဆိုပြီး နှစ်မျိုးရှိတဲ့ အခါမှာ ပုံမှန်အားဖြင့် မိတ်ကပ်က ၁၂ လထိ ကြာရှည်ခံပြီး Oil-based မိတ်ကပ်က ၁၈ လထိ ကြာရှည်ခံပါတယ်။
♥ သက်တမ်းကုန်သွားတဲ့ မိတ်ကပ်တွေမှာ အဆီလွှာက အပေါ်ကို ရောက်လာမှာ ဖြစ်ပြီး မိတ်ကပ်သားထူသွားတာ၊ လိမ်းတဲ့အခါ မညီညာတာတွေ ဖြစ်လာပါမယ်။
♥ မိတ်ကပ်တွေကို နေရောင် တိုက်ရိုက်ထိတဲ့နေရာမှာထားတာတွေ ရှောင်ပါ။ အေးအေးလူလူရှိတဲ့နေရာမှာထားပြီး မကြာမကြာ ခလောက်ပြီး လှုပ်ရမ်းပေးပါ။
ပေါင်ဒါ၊ ပါးနီ၊ ရှဲဒိုးတွေ ဘယ်အခါမှာ သက်တမ်းကုန်လဲ
♥ ပေါင်ဒါပစ္စည်းတွေက ရေမပါဝင်တဲ့ အတွက် ဘက်တီးရီးယား ပေါက်ဖွားနိုင်ဖို့ ခက်ခဲပါတယ်။ ပုံမှန်အားဖြင့် ၁၈ လထိ တာရှည်ထားခံပါတယ်။
♥ သတိပြုရမှာက ပေါင်ဒါတွေ၊ ပါးနီ၊ ရှဲဒိုး တွေကို ဘရပ်ရှ်နဲ့ ယူလိုက် မျက်နှာပေါ်လိမ်းလိုက် လုပ်တဲ့အခါမှာ မျက်နှာပေါ်က အဆီတွေ ရောက်သွားနိုင်ပါတယ်။ ဒီလိုနဲ့ ကြာလာတဲ့အခါမှာ ဓာတ်တိုးသွားပြီး မာခဲလာတာတွေ ဖြစ်လာနိုင်ပါတယ်။
♥ ပေါင်ဒါတွေ၊ ပါးနီ၊ ရှဲဒိုးတွေ တာရှည်အထားခံဖို့ဆိုရင် ခြောက်ခြောက်သွေ့သွေ့နဲ့ လေလုံအောင်ပိတ်ထားဖို့ လိုပါတယ်။
♥ ထိတွေ့မယ့် ဘရပ်ရှ်တွေကလည်း သန့်ရှင်းခြောက်သွေ့နေဖို့ လိုပါတယ်။
မိတ်ကပ်ဘရပ်ရှ်တွေ ဘယ်အခါမှာ သက်တမ်းကုန်လဲ
♥ မိတ်ကပ်ဘရပ်ရှ်တွေရဲ့ သက်တမ်းက သင်ရဲ့ ထိန်းသိမ်းစောင့်ရှောက်နိုင်မှု အပေါ် မူတည်ပါတယ်။
♥ မိတ်ကပ်ဘရပ်ရှ်ရဲ့ အမွေးတွေ ကျွတ်ထွက်လာပြီဆိုရင်တော့ သူ့သက်တမ်း ကုန်တော့မှာ ဖြစ်ပါတယ်။
♥ မိတ်ကပ်ဘရပ်ရှ်တွေကို အနည်းဆုံး နှစ်ပတ်တစ်ခါ သန့်ရှင်းရေးလုပ်ပေးရပါမယ်။
♥ အလွယ်ဆုံးနဲ့ ဘေးအကင်းဆုံး နည်းလမ်းကတော့ ရေနွေးထဲမှာ Shampoo အပျော့စားရယ် သံလွင်ဆီအနည်းငယ် ရယ်ထည့်ပြီး မိတ်ကပ်ဘရပ်ရှ်တွေကို နှစ်ဆေးပြီး ရေနဲ့ ပြန်ဆေးချပေးပါ။
♥ ဘရပ်ရှ်ရဲ့ အမွေးတွေ ကြမ်းသွားတာမျိုးဖြစ်လာရင် Conditioner အနည်းငယ် ထည့်သုံးပေးလို့ ရပါတယ်။
♥ ထူးဒါလီကိုကို (MPharm)