သင့်မှာ နှလုံးရောဂါဖြစ်နေပြီလား သိရှိနိုင်အောင် ကိုယ်တိုင်စစ်ဆေးနည်း

ရင်တုန်ပန်းတုန်ဖြစ်တာ၊ အမောမခံနိုင်တာ၊ ရင်ဘတ်အောင့်တာလိုမျိုးခံစား နေရရင် မိမိမှာ နှလုံးရောဂါရှိနေပြီလားလို့ ထင်မှတ်ကြပါတယ်။ အကြောင်းကြောင်း ကြောင့် ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ ခက်ခဲနေရင် မိမိမှာ နှလုံးရောဂါ ရှိ မရှိ သိနိုင် အောင် မိမိကိုယ်တိုင် စစ်ဆေးနိုင်တဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

အိပ်ပျော်နေစဉ် လန့်နိုးခြင်း
သင်က အသက်ရှူရပ်သွားတဲ့အတွက် အိပ်ရာကနေ လန့်နိုးလာတာက သင့်ဦး နှောက်ထဲကို အောက်ဆီဂျင်တွေ လုံလုံလောက်လောက် မရောက်တာကြောင့်ပါ။ ဒီလိုအခြေအနေတွေမှာ ဦးနှောက်က သွေးလှည့်ပတ်မှုကောင်းမွန်ဖို့အတွက် အချက် ပြလိုက်တာကြောင့် သင့်နှလုံးနဲ့ သွေးကြောတွေက ခက်ခက်ခဲခဲ အလုပ်လုပ်ရပါတယ်။ ဒါကြောင့် သွေးတိုးလာတာ၊ နှလုံးခုန်နှုန်းမမှန်တာ၊ လေဖြတ်တာနဲ့ နှလုံးအလုပ်မလုပ် နိုင်ခြေတွေ မြင့်တက်လာနိုင်ပါတယ်။ အိပ်ပျော်စဉ် လန့်နိုးတတ်တာက ကုသလို့ ပျောက်ကင်းနိုင်တဲ့အတွက် ဒီလိုဖြစ်ခဲ့ရင် လျစ်လျူရှုမထားဘဲ ဆရာဝန်နဲ့ ကုသမှု ခံယူလိုက်ပါ။

လိမ္မော်ဝါရောင်အဖုအပိမ့်များထွက်ခြင်း
သင့်သွေးထဲမှာ ထရိုင်ဂလစ်ဆရိုက်အဆီအဆင့်တွေ အလွန်အမင်းမြင့်တက် နေရင် လက်ဆစ်၊ ခြေဆစ်နဲ့ တင်ပါးနေရာတွေမှာ လိမ္မော်ဝါရောင်အဖုအပိမ့်တွေ ထွက်ပေါ်လာနိုင်ပါတယ်။ အဆီဖုတွေပါ။ ဒီလိုမျိုး အဆီတွေက သွေးထဲမှာ အလွန် များလာရင် သွေးကြောတွေ မာကျောလာတာ၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေ အလွန်များလာပါတယ်။

ဆုပ်ကိုင်နိုင်စွမ်း လျော့ကျလာခြင်း
သင့်လက်ရဲ့ ညှစ်အားက သင့်နှလုံးရဲ့စွမ်းအားကို ဖော်ပြနိုင်ပါတယ်။ တစ်စုံတစ် ခုကို သေချာဆုပ်ညှစ်နိုင်ရင် နှလုံးရောဂါဖြစ်နိုင်ခြေနည်းတယ်လို့ သုတေသီတွေက ဖော်ပြထားပါတယ်။ ပစ္စည်းတစ်ခုကို မြဲမြဲဆုပ်ကိုင်ဖို့ ခက်ခဲနေပြီဆိုရင် နှလုံးရောဂါ ဖြစ်နိုင်ခြေ များလာပါပြီ။
လက်သည်းခွံအောက်တွင် အမည်းရောင်အစက်အပြောက်များ ပေါ်လာခြင်း
သင့်လက်ချောင်းတွေ၊ ခြေချောင်းတွေကို ထိခိုက်ဒဏ်ရာရထားတာမရှိဘဲ လက် သည်းခွံအောက်မှာ သွေးခြည်ဥလိုမျိုး ဖြစ်ပေါ်နေရင် နှလုံးအမြှေးပါး ဒါမှမဟုတ် နှလုံးလျှာခင်မှာ ရောဂါပိုးဝင်ရောက်နေတဲ့လက္ခဏာပါ။ ဆီးချိုရောဂါရှိနေသူတွေမှာ လည်း လက်သည်းခွံအောက်မှာ သွေးခြည်ဥတတ်ပါတယ်။ လက်သည်းခွံမှာ သွေး ခြည်ဥတွေရှိနေသူတွေမှာ သာမန်လူတွေထက် နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေက ၂-၄ ဆပိုများပါတယ်။

ခေါင်းမူးခြင်း
ခေါင်းမူးတာက နှလုံးချို့ယွင်းတာနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိပါတယ်။ ဘာကြောင့် လဲဆိုတော့ ဦးနှောက်ထဲကို သွေးလုံလုံလောက်လောက်ရောက်ရှိအောင် မပို့နိုင်တာ ကြောင့်ပါ။ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တာ၊ နှလုံးကြွက်သားတွေအားပျော့တာ၊ နှလုံး အလုပ်မလုပ်နိုင်တာတွေကြောင့် ခေါင်းမူးနိုင်ပါတယ်။

လိင်မှုကိစ္စတွင် ပြဿနာဖြစ်ခြင်း
ပန်းသေပန်းညှိုးဖြစ်နေသူတွေမှာ သွေးတိုးရောဂါနဲ့ ဆက်စပ်နေတဲ့ သွေးလှည့် ပတ်မှုပြဿနာဖြစ်တာ ဒါမှမဟုတ် ကိုလက်စထရောတွေ စုဆောင်းမှုများတာကြောင့် သွေးကြောကျဉ်းတဲ့ပြဿနာတွေ ရှိတတ်ပါတယ်။ သူတို့မှာ နှလုံးရောဂါ၊ နှလုံးတိုက် ခိုက်ခံရတာ ဒါမှမဟုတ် လေဖြတ်နိုင်ခြေ အလွန်မြင့်မားပါတယ်။ သွေးလှည့်ပတ်မှု ပြဿနာကြောင့် အမျိုးသမီးတွေမှာလည်း လိင်စိတ်သားစိတ်ကုန်ခန်းနိုင်ပါတယ်။

အရေပြားအရောင်ပြောင်းလဲခြင်း
လက်ချောင်း၊ ခြေချောင်းတွေက အပြာရောင် ဒါမှမဟုတ် မီးခိုးရောင်ဖြစ်နေတာ က အောက်ဆီဂျင်ပြည့်ဝတဲ့သွေးလှည့်ပတ်မှုမရရှိတာကြောင့်ပါ။ မွေးရာပါနှလုံးချို့ ယွင်းချက် ဒါမှမဟုတ် သွေးကြောကျဉ်းမြောင်းတာ၊ သွေးကြောပိတ်ဆို့တာကြောင့် ဖြစ်နိုင်ပါတယ်။ သင့်လက်ဖဝါးနဲ့ ခြေဖဝါးအောက်မှာ သွေးခြည်ဥခဲတွေ မြင်နေရင် တော့ သင့်နှလုံးမှာ ရောဂါပိုးဝင်ရောက်နေတာ ဖြစ်နိုင်ပါတယ်။

သွားဖုံးသွေးယိုခြင်း
နှလုံးရောဂါနဲ့ သွားဖုံးရောဂါ ဆက်စပ်မှုရှိတယ်ဆိုတာကို သိကြပါရဲ့လား။ သွားဖုံးမှာရှိတဲ့ ဘက်တီးရီးယားတွေက နှလုံးဆီကို ရောက်ရှိပြီး နှလုံးရောင်ရမ်းမှု ဖြစ်လာနိုင်ပါတယ်။ သွားဖုံးရောဂါရှိသူတွေက သွားဆုံးရှုံးနိုင်သလို လေဖြတ်နိုင်ခြေ လည်း မြင့်မားပါတယ်။
မည်းပြောင်သော အရေပြားကွက်များ ဖြစ်ပေါ်နေခြင်း
လည်ပင်း၊ ချိုင်း၊ ပေါင်ခြံလိုမျိုး အရေပြားခေါက်တွန့်တဲ့နေရာတွေမှာ မည်းမည်း ပြောင်ပြောင်အကွက်တွေ ဖြစ်ပေါ်နေတာက ခန္ဓာကိုယ်က အင်ဆူလင်ဟော်မုန်းကို အသုံးပြုဖို့ အခက်အခဲဖြစ်နေတာကြောင့်ပါ။ သင့်အနေနဲ့ ဆီးချိုရောဂါ ဒါမှမဟုတ် မက်တာဘောလစ်ရောဂါတွေကို ကုသခံနေရသူဖြစ်ရင် သင့်သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့နဲ့ နှလုံးကို ကာကွယ်ဖို့အတွက် ဆရာဝန်နဲ့ မဖြစ်မနေ ပြသသင့်ပါပြီ။

အသက်ရှူရခက်ခဲခြင်း
အသက်ရှူမဝတာက နှလုံးအလုပ်မလုပ်တာ၊ နှလုံးခုန်နှုန်းမမှန်တာ၊ နှလုံးတိုက် ခိုက်ခံရတာရဲ့ လက္ခဏာပါ။ အရင်က အသက်ရှူရခက်ခဲမှုမရှိဘဲ လုပ်နိုင်နေကျ ပုံမှန် အလုပ်တွေကို လုပ်လို့မှ အသက်ရှူရခက်ခဲမှုဖြစ်နေရင် ဒါမှမဟုတ် အိပ်နေစဉ် အသက်ရှူရ ခက်ခဲနေရင် ဆရာဝန်နဲ့ ပြသပါ။ ရင်ဘတ်ပါအောင့်နေပြီဆိုရင်တော့ အရေးပေါ်အခြေအနေပါ။

ခြေထောက်အောက်ပိုင်းရောင်ရမ်းခြင်း
အချိန်အကြာကြီးမတ်တတ်ရပ်တာ ဒါမှမဟုတ် အချိန်အကြာကြီးထိုင်နေအပြီး နဲ့ ကိုယ်ဝန်ဆောင်ချိန်ကာလမှာ ခြေထောက်အောက်ပိုင်း ရောင်တတ်တာက ပုံမှန်ပါပဲ။ နှလုံးအလုပ်မလုပ်နိုင်တာ၊ ခြေထောက်ထဲမှာ သွေးလှည့်ပတ်မှုမကောင်းတာ ကြောင့်လည်း ခြေထောက်ဖောရောင်တတ်ပါတယ်။ ခြေထောက်သွေးပြန်ကြောအတွင်း သွေးခဲကြောင့် ပိတ်ဆို့မှုဖြစ်နေရင်လည်း ခြေထောက်ဖောရောင်နိုင်ပါတယ်။ ရုတ်တ ရက် ခြေထောက်ဖောရောင်လာရင်တော့ ဆရာဝန်နဲ့ပြသသင့်ပါတယ်။

မောပန်းခြင်း
အိပ်ရေးမဝတာကြောင့် ပင်ပန်းနွမ်းနယ်တာက သဘာဝပါ။ နှလုံးအလုပ်မလုပ် နိုင်တာကြောင့် ပင်ပန်းမောပန်းနေခဲ့ရင် ချောင်းဆိုးတာ၊ ဖောရောင်တာတွေပါ တွဲပြီး ဖြစ်တတ်ပါတယ်။ သွေးအားနည်းရောဂါ၊ ကင်ဆာရောဂါ၊ စိတ်ကျရောဂါတွေကြောင့် လည်း မောပန်းနိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal