အမျိုးသားတွေမှာ တက်စထရိုစတီရုန်း လျော့နည်းပြီး အီစထရိုဂျင်များလာတဲ့အခါ

Happy mid adult man receiving a medicine from his doctor.

အမျိုးသားတွေမှာ အီစထရိုဂျင်ဟော်မုန်းတွေများလာပြီး တက်စထရိုစတီရုန်းဟော်မုန်း လျော့နည်းပါက ဆီးကျိတ်ကြီးတာ၊ ဆီးကျိတ်ကင်ဆာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ အမျိုးသားတွေရဲ့သွေးထဲမှာ တက်စထရိုစတီရုန်း ဟော်မုန်းလျော့နည်းနေပြီး အီစထရိုဂျင်ဟော်မုန်းများနေတာကြောင့် ဖြစ်လာနိုင်တာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Aromatase Enzyme
အမျိုးသားတွေဟာ အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်ထဲကနေ Arom-atase အင်ဇိုင်းတွေကို အမြောက်အမြား ထုတ်လုပ်ပါတယ်။ ဒီအင်ဇိုင်းတွေက တက်စထရိုစတီရုန်းဟော်မုန်းတွေကို အီစထရိုဂျင်ဟော်မုန်းတွေအဖြစ် ပြောင်းလဲစေပါတယ်။

အသည်းအင်ဇိုင်း
သာမန်လူကောင်းတစ်ယောက်ရဲ့ အသည်းကနေ အီစထရိုဂျင်ဟော်မုန်းနဲ့ လိင်မှုဆိုင်ရာဟော်မုန်းတွေကို ထုတ်လုပ် ပေးပါတယ်။ အရက်အလွန် အကျွံသောက်တာ၊ အသည်းကို ထိခိုက်စေတဲ့ ဆေးတွေသောက်နေရတာ၊ ပတ်ဝန်းကျင်မှ အဆိပ်အတောက်နဲ့ ညစ်ညမ်းမှု တွေကြောင့် အသည်းရဲ့လုပ်ငန်းတွေ မညီမမျှဖြစ်ကာ ဟော်မုန်းမညီမျှမှု ဖြစ်လာပါတယ်။ အရက်သောက်သုံးတာကြောင့် အမျိုးသားတွေသာမကဘဲ အမျိုးသမီးတွေမှာပါ ဟော်မုန်းမညီမျှမှု ကို ဖြစ်လာစေပါတယ်။

ဇင့်ဓာတ်ချို့တဲ့ခြင်း
ဇင့်ဓာတ်က ခန္ဓာကိုယ်ကနေ Aro-matase အင်ဇိုင်းထုတ်လုပ်တာကို ပိတ်ပင်တားဆီးနိုင်တဲ့ သဘာဝဓာတ်တစ်ခုပါ။ လုံလောက်တဲ့ ဇင့်ဓာတ်ပမာဏရရှိပါက တက်စထရိုစတီရုန်း ဟော်မုန်းကနေ အီစထရိုဂျင်ဟော်မုန်းအဖြစ် ပြောင်းလဲမှုကို ဟန့်တားပေးနိုင်ပါတယ်။ နေ့စဉ် သွပ်ဓာတ်ကို ၃၀-၉၀ မီလီဂရမ်ရရှိဖို့ လိုအပ်ပါတယ်။

အဝလွန်ခြင်း
ဗိုက်ရွှဲတာဟာ ဝမ်းဗိုက်မှာ အဆီတွေ စုလာတာကြောင့် သင့်ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ လက္ခဏာတစ်ရပ်လို့ ဆိုနိုင်ပါတယ်။ အဆီဆဲလ်တွေက Aromatase အင်ဇိုင်းတွေကို ထုတ်လုပ်ပြီး ဝမ်းဗိုက်အဆီတွေကို ပိုမိုဖြစ်စေပါတယ်။ တက်စထရိုစတီရုန်းဟော်မုန်း လျော့နည်းတာကလည်း ဝမ်းဗိုက်အဆီကို ပိုမိုဖြစ်စေပြီး အဆီဆဲလ်တွေ Aromatase အင်ဇိုင်းကို ထုတ်လုပ်ပေးပြန် ပါတယ်။ ဒီလိုနဲ့ သံသရာလည်ပြီး များပြားလာတဲ့ Aromatase အင်ဇိုင်းတွေက တက်စထရိုစတီရုန်းဟော်မုန်းတွေကို အီစထရိုဂျင်ဟော်မုန်းတွေအဖြစ် ပြောင်း လဲပေးပြန်ပါတယ်။

အမျိုးသားတွေမှာလည်း လိုအပ်တဲ့ အီစထရိုဂျင်
အမျိုးသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ အီစထရိုဂျင်ဟော်မုန်းတွေ များပြားလာတဲ့အခါ လိင်ဟော်မုန်းတွေဖြစ်တဲ့ တက်စထရိုစတီရုန်းနဲ့ အီစထရိုဂျင်တွေကိုပေါင်းမယ့် ဂလိုဗျူလင်ဖြစ်တဲ့SHBG (Sex Hormone-Binding Globulin) တွေကို ထွက်ရှိစေပါတယ်။ ဒီဂလိုဗျူလင်တွေက တက်စထရိုစတီရုန်းအလွတ်တွေကို ပေါင်းလိုက်တာကြောင့် တက်စထရိုစတီရုန်းအလွတ်တွေ သွေးထဲမှာနည်းသွားစေပါတယ်။ ဒီလိုနည်းသွားတာကြောင့် အမျိုးသားတွေမှာ လိင်စိတ်ဆန္ဒအားနည်းတာ၊ ပန်းသေပန်းညှိုးတာတွေ ဖြစ်လာစေပါတယ်။ အီစထရိုဂျင်ဟော်မုန်း များပြားပါကလည်း ဦးနှောက်နဲ့ အမျိုးသားအင်္ဂါတို့မှာ တက်စထရိုစတီရုန်းရဲ့နေရာကို အီစထရိုဂျင်ဟော်မုန်းက ဝင်ရောက်နေရာယူပြီး တက်စထရိုစတီရုန်းရဲ့ အာနိသင်ကို ပျောက်ကွယ်စေပါတယ်။ အမျိုးသားတွေ မှာ အီစထရိုဂျင်ဟော်မုန်း လုံးဝမလိုအပ်တာတော့ မဟုတ်ပါဘူး။ အရိုးပါးရောဂါ မဖြစ်အောင် ထိန်းသိမ်းဖို့ အီစထရိုဂျင် ဟော်မုန်းအနည်းငယ် လိုအပ်ပါတယ်။ ပုံမမှန် အီစထရိုဂျင်ဟော်မုန်းလျော့နည်း တာက ဆီးကျိတ်ကင်ဆာဖြစ်ပွားဖို့ အခွင့်အလမ်းများပါတယ်။

စစ်ဆေးထားပါ
အမျိုးသားတွေမှာ ဟော်မုန်းမညီမျှတာကို မကုသခင် အရင်ဆုံးလုပ်သင့်တာက ဆီးကျိတ်ကင်ဆာရှိ၊ မရှိ သိနိုင်အောင် PSA နဲ့ စအိုတွင်း စမ်းသပ်စစ်ဆေးမှုတွေလုပ်ထားဖို့ လိုပါတယ်။ လျော့နည်းနေတဲ့ ဟော်မုန်းကို ပြန်လည်ဖြည့်စွက်ပါ။

အမျိုးသားတွေ ဟော်မုန်းမညီမျှတာကို ဘယ်လိုလျှော့ချနိုင်မလဲ
အမျိုးသားတွေအနေနဲ့ ခန္ဓာကိုယ်မှာ ဟော်မုန်းပမာဏတွေမညီမျှဘဲ ဖြစ် နေတဲ့အခါ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

၁။ သောက်နေသောဆေးများ
သင်သောက်နေတဲ့ဆေးတွေက အသည်းရဲ့ ပုံမှန်လုပ်ဆောင်ချက်တွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အသည်းကို ထိခိုက်စေတဲ့ဆေးတွေက ပါရာစီတမော၊ အက်စပရင်၊ အိုင်ဗျူပရိုဖန်၊ ကိုလက်စထရောလျော့ကျစေတဲ့ စတက်တင်ဆေးတွေ၊ နှလုံးရောဂါအတွက် ကုသဆေးများ၊ သွေးပေါင်ကျ ဆေးနဲ့ စိတ်ကျရောဂါကုဆေးတွေပဲ ဖြစ်ပါတယ်။

၂။ ကိုယ်အလေးချိန်လျှော့ချပါ
အဆီဆဲလ်တွေ အထူးသဖြင့် ဝမ်းဗိုက်မှာစုနေတဲ့ အဆီတွေက Aromatase အင်ဇိုင်းကိုထုတ်လုပ်ပြီး တက်စထရိုစတီရုန်းဟော်မုန်းကို အီစထရိုဂျင်ဟော်မုန်းအဖြစ် ပြောင်းလဲစေပါတယ်။

၃။ ဇင့်ဓာတ်ဖြည့်စွက်ပါ
တစ်နေ့ကို ဇင့်ဓာတ် ၃၀-၉၀ မီလီဂရမ် ဖြည့်စွက်သောက်သုံးပေးပါ။ တချို့အမျိုးသားတွေမှာ ဇင့်ဓာတ်က Aromatase အင်ဇိုင်း ဖြစ်ပေါ်မှုကို တားဆီးပေးနိုင်ပါတယ်။

၄။ ဆေးထန်းပင်
တစ်နေ့ကို ဆေးထန်းပင် ၃၂၀ မီလီဂရမ်လောက်နဲ့ Nettle 240  မီလီဂရမ်ပေါင်းသောက်ပေးပါ။

၅။ Indole 3 Carbinol
ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်စတာတွေမှာIndole 3 Carbinol ကြွယ်ဝစွာ ပါဝင်ပါတယ်။ တစ်နေ့ကို Indole 3 Carbinol 400mg သောက်သုံးပေးပါ။

၆။ Chrysin, Piperine
ဖြည့်စွက်စာအနေနဲ့ ဖလေဗိုနွိုက်တွေဖြစ်တဲ့ Chrysin 1000mg နဲ့ Piperine 10mg ကို နေ့စဉ်သောက်ပေးပါ။ Aromatase အင်ဇိုင်းကို ဟန့်တားပေးနိုင်ပါတယ်။

၇။ ဆီလီနီယမ်
ဆီးကျိတ်ရောင်တဲ့လူနာနဲ့ လိင်စိတ်ဆန္ဒလျော့နည်းနေသူတွေကို ဆရာဝန်က ညွှန်ကြားပေးလေ့ရှိပါတယ်။

လုပ်ဆောင်ပါ
ဒါတွေအပြင် လေ့ကျင့်ခန်းပုံမှန် လုပ်ဆောင်တာ၊ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်တာ၊ မှန်ကန်တဲ့ လူနေမှုဘဝဟန်ပန်တွေ ကျင့်သုံးတာ၊ စိတ်ဖိစီးမှုကို လျှော့ချတာတွေကလည်း သင့်ကိုဟော်မုန်း မညီမမျှဖြစ်တာကနေ ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ ကြာ၊ တစ်ပတ် ၅ ရက်ကြာ လေ့ကျင့်ခန်းလုပ်ဆောင်မယ်ဆိုရင် ဟော်မုန်းတွေညီမျှစေဖို့ အထောက်အကူ အများကြီး ဖြစ်စေပါတယ်။

အလင်း (ဆေးဝါး)

Post Author: Good Health Journal