မွေးရာပါလည်ပင်းစောင်းခြင်း ( ဒေါက်တာနေဝင်း – အရိုးအထူးကုဆရာဝန်ကြီး)

မွေးရာပါလည်ပင်းစောင်းတာ ဘာကြောင့် ဖြစ်ရပါတာပါလဲ ဆရာ။

လည်ပင်း ရှေ့မှာရှိတဲ့ ကြွက်သား (sternocleidomastoidmuscle) က ဘယ်ဘက်တစ်ခု၊ ညာဘက်တစ်ခုရှိပြီး ရင်ညွန့် ရိုးနဲ့ ညှပ်ရိုး ကြားထဲကနေ ထွက် လာတယ်။ ဒီကြွက်သားက နှစ်ဖက်စလုံးအပြိုင်ညီတယ် ဆိုရင်တော့ ခေါင်းပုံစံက ပုံမှန်ပဲရှိတယ်။ မညီဘူးဆိုရင် ခေါင်းက တစ်ဖက်ကို စောင်း သွားတဲ့ အနေအထားကြောင့် လည်ပင်းစောင်းသွားတာပါ။ ဒီမွေးဖွားချိန်မှာကလေး လည်ပင်းက လည်သွားတာ၊ လိမ်သွားတာတွေ ဖြစ်တဲ့အတွက် ကြောင့် အဲ့ဒီကြွက်သားထဲက သွေးကြောတွေကို ထိမိခိုက်မိ သွားလို့ကြွက်သားက ဒဏ်ရာရသွားတဲ့အတွက် ကြွက်သားက အနာရွတ်သဘော မျိုးဖြစ်ပြီး ရှုံ့သွားတာ၊ ကျုံ့သွားတာကြောင့် တိုသွားတယ်၊ အဲ့ဒီအခါ ဆွဲတင်းလိုက် သလိုဖြစ်သွားပြီး လည်ပင်း စောင်းသွားတယ်။ ရောဂါနာမည် အပြည့်အစုံကတော့မွေးရာပါ လည်ပင်း စောင်းတာ (Congenital Muscular Torticollis) လို့ ခေါ်တယ်။

မွေးရာပါလည်ပင်းစောင်းတာက ဖြစ်ပွားနှုန်း ဘယ်လောက်ရာခိုင်နှုန်းရှိပါသလဲ ဆရာ။

ဖြစ်ပွားနှုန်းကတော့ ကလေးတွေမှာ အရိုးအဆစ်နဲ့ ပတ်သက်ပြီး မွေးရာပါရောဂါ အနေနဲ့ အဖြစ်များတဲ့ ပေါင်အဆစ်တွဲတာ၊ ခြေထောက်ခွင်တာစတာတွေ ပြီးရင် အခုပြောတဲ့ မွေးရာပါလည်ပင်းစောင်းတာက အဖြစ်အများဆုံးလို့ပြောတယ်။

ရောဂါလက္ခဏာကိုပြောပြပေးပါဆရာ။

လက္ခဏာတွေက ကလေးမွေးပြီးပြီးချင်း နှစ်လ အကြာမှာ လည်ပင်း အရှေ့မှာရှိတဲ့ကြွက်သားမှာ အလုံးလေး ဖြစ်နေတတ်တယ်၊ အဲ့ဒီအလုံးလေးက တစ် ခါတလေမှာ နှစ်လသုံးလလောက်အထိ ရှိ နေတတ်တယ်၊ လေးငါးခြောက်လ အကြာမှာ သူ့အလိုလိုပျောက်သွားတာမျိုးလည်း ရှိတယ်။ အလုံးလေး ပျောက်သွားရင်တော့ လည်ပင်း စောင်းတာက ပျောက်သွားတယ်၊ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။

 

 

ဘယ်ဘက်နဲ့ ညာဘက် ဘယ်နေရာအဖြစ် များပါသလဲဆရာ။

ညာဘက်ကြွက်သား ဘက်ခြမ်းမှာအဖြစ် များတယ်၊ မျက်နှာက လှုပ်ရှားရတဲ့အခါမှာ သာမန်ကလေးတွေလိုမျိုးမလှုပ်ရှားနိုင်ဘူး။ ကလေးက လည်ပင်းနည်းနည်းစောင်းနေ တယ်၊ အလုံးလေးလည်း တွေ့တယ်ဆိုရင် တော့ ဆရာဝန်နဲ့ ပြသသင့်တယ်။မပျောက်ရင်တော့ လည်ပင်းကြွက်သားအရွတ်က ဆွဲပြီး လည်ပင်းစောင်းတဲ့ ပြဿနာဖြစ်လာတယ်။

 

 

ကုသမှုအပိုင်းကပြောပြပေးပါဆရာ။

ဆရာဝန်ကိုပြတဲ့အခါ လည်ပင်းစောင်း နေတာက မွေးရာပါလည်ပင်းရောဂါတွေ ကြောင့် စောင်းနေတာလား၊ တခြားအာရုံ ကြော နဲ့ ပတ်သက်တဲ့ ရောဂါတွေကြောင့် ဖြစ်တာလား၊ လည်ပင်းပတ်ဝန်းကျင်မှာ ကင်ဆာအကျိတ် ရှိလို့ ဒါမှမဟုတ် အာခေါင် ထဲမှာ ပိုးဝင်လို့ ဖြစ်တာလား အစရှိသဖြင့် ရောဂါရင်းမြစ်ကို ရှာပေးရတယ်။ လိုအပ်ရင် အာထရာဆောင်းရိုက်တာ ၊စီတီစကင်ဆွဲတာ စသဖြင့်လိုအပ်သလို လုပ်ပေးရတယ်။လည်ပင်းစောင်းတဲ့ရောဂါနဲ့ အတူတူ တခြားပူးတွဲ ပါရောဂါတွေ ဖြစ်မဖြစ် ဆိုတာ လည်း ကြည့်ပေးရတယ်။ မွေးရာပါ အဆစ်ပြုတ်တာ၊ ခြေထောက်ခွင်တဲ့ရောဂါ၊ မွေးရာပါပေါင် အဆစ်ပြုတ်တဲ့ရောဂါ တွေလည်း တွဲလျက် ဖြစ်နေတတ်တယ်။ အဲ့ဒါတွေ ဖြစ်မဖြစ်ကို ဆရာဝန်က သေချာကြည့်ပေးရတယ်။

ပထမတစ်နှစ် အတွင်းမှာ ကုသမှုစရင် ကလေးရဲ့ လည်ပင်း ကို ပုံမှန်ပြန်ဖြစ်အောင် တင်း နေတဲ့တိုနေတဲ့ကြွက်သားကို ဆန့်အောင် ဖြည်းဖြည်းချင်းစီ လေ့ကျင့်ခန်းတွေ လုပ်ရတယ်။ အဲ့ဒါကို လေ့ကျင့်ခန်း လုပ်ပေးတဲ့ ဆရာမတွေက လုပ်ပေးလို့ ရတယ်။ဒါမှမဟုတ် မိဘတွေကို သင်ပေးအိမ်မှာကလေးကို လေ့ကျင့်ခန်း လုပ်ပေး လို့ရတယ်၊ သေချာလေ့ကျင့်ခန်း လုပ်ပေးမယ် ဆိုရင် လည်ပင်း ကတဖြေးဖြေး ပုံမှန်လေး ပြန်တည့်သွား မှာပေါ့။ စောစောစီးစီးလည်း တွေ့တယ်၊ လေ့ကျင့်ခန်းတွေလည်း သေချာ လုပ်နိုင် တယ်ဆိုရင် ပြန်ပြီးကောင်းသွားတယ်။လည်ပင်းစောင်းနေလို့ လာပြရင်တော့ သူ့ကိုတစ်နှစ်ပြည့်အောင်အထိတော့ စောင့်မနေဘူး၊ လာပြတဲ့အချိန် ငယ်ငယ်လေးတည်းက စကုတယ်။

 

 

တကယ်လို့ ကလေးက လည်ပင်းစောင်း နေတယ်ဆိုရင် ငယ်ငယ် တည်းက ဂရုစိုက် သင့်တယ်။ ဒီမှာ ထုံးစံက ကလေးမို့ လည်ပင်းမခိုင်သေးလို့ဖြစ်တာ ဆိုပြီး ရောပြီး တော့ ဂရုစိုက်ရကောင်း မှန်းလည်း မသိဘဲ နေလိုက်ကြတယ်။ဒီလိုလည်ပင်းစောင်း နေရင် ဆရာဝန်နဲ့ ပြရမယ်ဆိုတာကိုလည်း သတိမထားမိဘူး။ လာပြတာနောက်ကျတဲ့ အခါကျတော့ ရိုးရိုးတန်းတန်း မခွဲမစိတ်ဘဲ လေ့ကျင့်ခန်း လေးလုပ်ရုံနဲ့ ပျောက်ရမှာက အသက်ကြီးလာ လို့ ဆရာတို့ဆီရောက်လာ မှ ခွဲစိတ်ရ တဲ့အဖြစ် ရောက်သွားတယ်။ ဒီမှာ ဖြစ်နေတာက ခွဲစိတ်ရတဲ့ အခြေအနေ အထိကိုရောက် နေကြတယ်။

အသက်ကြီးမှဆိုရင် ဘယ်လိုကုသလို့ရပါ သလဲဆရာ။

အသက်ကြီး ကာမှ ဒီရောဂါကိုပြရမယ်ဆိုရင် ခွဲစိတ်ရမယ့် အပိုင်းတွေပါဖြစ်လာပြီ။ ကြာသွားတဲ့အခါ မှာ ခေါင်းရဲ့ ပုံသဏ္ဍာန်လည်း ပြောင်းသွားတယ်။မျက်စိကလည်း စွေလာတယ်။ မျက်နှာက လည်း တစ်ခြမ်းကတိုပြီး တစ်ခြမ်းကရှည်လာတယ်။ အရိုးတွေကြီးထွားမှုကိုပါ ထိခိုက် လာတဲ့အတွက်ကြောင့် အသက်ကြီးသွားရင်ပြန်မကောင်းနိုင် တော့ဘူး။ ကိုယ်ခန္ဓာ ဖွံ့ဖြိုး မှုအသက်က ၁၆နှစ်၊ ၁၈နှစ်အထိ ဖွံ့ဖြိုးနေ တာဆိုတော့ အဲ့ဒီအရွယ်တွေ မရောက်ခင် အသက် ၁၀နှစ်၊ ၁၂နှစ်မတိုင်မီ ကုနိုင်ရင်တော့ မျက်နှာတွေ ခေါင်းရိုးတွေ ပုံ မမှန်တဲ့ အနေအထားကနေပြီးတော့ ပြန်ကောင်းနိုင်သေးတယ်။ ဆရာတို့နိုင်ငံမှာတော့ တစ်နှစ်အ တွင်း မှာ လည်ပင်း စောင်းနေလို့ ဆိုပြီးလာ ပြတဲ့သူမရှိဘူး။ဆရာ တို့ဆီလာပြတာက ငါးနှစ်၊ခြောက်နှစ် လောက်ကြာမှ လာပြကြ တယ်အသက် ၂၀ကျော် သွား ရင်တော့ ကုရတာအဆင်မပြေတော့ဘူး။ ပြန်ကောင်းဖို့ အလား အလာနည်းတယ်။ အသက်ကြီး တဲ့သူကို ခွဲစိတ်မယ်ဆိုရင် တိုနေတဲ့အရှေ့ လည်ပင်း ကြွက်သား( stern ocleidomasto idmuscle ) ကိုပြန်ရှည်လာ အောင် အောက် ဘက်နား ကညှပ်ရိုးနဲ့ ဆက်နေတဲ့ ကြွက်သားအရွတ် ကြောကိုဖြတ် လိုက်တယ်။ သိပ်မဆိုးသေး ဘူးဆိုရင် ဒီအရွတ်ကြော တစ်ခုတည်း ကိုပဲဖြတ် လိုက်လို့ ရတယ်။ ဒါမှမဟုတ် အခြေအနေက ပိုဆိုးတယ်၊ အသက်ကလည်း ပိုကြီးလာပြီ ဆိုရင် အောက်ဘက်ညှပ်ရိုးနဲ့ ဆက်စပ်နေတဲ့ အရွတ်ကြောအပြင် အပေါ်ဘက် နားထင် နောက်နားမှာရှိတဲ့ အပေါ်ပိုင်းကြွက်သား အရွတ်ကြောကိုပါ ဖြတ်လိုက်ရတယ်။

 

 

ခွဲစိတ်မှုအပိုင်းမှာဘယ်လိုဘေးထွက်ဆိုးကျိုး တွေရလာနိုင်ပါသလဲ ဆရာ။

ခွဲစိတ်ရင်တော့ဖြစ်လေ့ဖြစ်ထရှိတဲ့ မေ့ဆေးအန္တရာယ်၊ ခွဲစိတ်အန္တရာယ် ၊ လည်ပင်းနားမှာရှိတဲ့ အာ ရုံကြောသွေးကြောတွေလည်း ထိခိုက်နာလိုမျိုး တော့ရှိတယ်။ ဒါကလည်း သေချာပေါက်ဖြစ် မယ်ပြောတာ မဟုတ်ဘူး၊ ဖြစ်နိုင်ခြေရှိ တယ်လို့ပဲ ပြောတာ။ခွဲစိတ်ပြီးကျောက်ပတ် တီးစည်းပေးလိုက်တယ် ။ တစ်လ ခြောက်ပတ်ကြာတဲ့အခါမှာ ပြန်ကြည့်ပြီး ကျောက်ပတ်တီးကို ဖြုတ်ပေး လိုက်တယ်။ အဲ့ဒီအခါပုံမှန်ဖြစ်သွားပြီ၊ နောက်ပိုင်းတော့ ပုံမှန်အနေအထားမှာ ပိုပြီးတော့ ကောင်းသွားအောင် ပြန်မဖြစ် အောင် လေ့ကျင့်ခန်းဆက်လုပ်ဖို့ သင်ပေး လိုက်ရတယ်။

 

 

ကုသပြီးရင်ပြန်ဖြစ်နိုင်ခြေရှိပါသလားဆရာ။

လေ့ကျင့်ခန်းသေချာမလုပ်ရင် ပုံမှန် အနေ အထားကို မထိန်းထားနိုင်ရင် ပြန်ပြီး လည် ပင်းစောင်းနိုင်ခြေရှိတယ်။ လည်ပင်း စောင်း တာကို အဓိကက ကြွက်သား ကြောင့်စောင်း နေတာ တခြားကြွက်သားတွေ အရွတ်တွေ အများကြီးပါတာပေါ့။ ဆရာတို့က ခေါင်းကို ပြန်တည့်အောင် လုပ်ပေးလိုက်ပြီးရင်တောင် ပြန်ဖြစ်ချင်တဲ့ သဘောတရားက ရှိနေသေး တယ်။ ဒါကြောင့် ခွဲစိတ်ပြီးတဲ့နောက်ပိုင်း ပုံမှန်အနေအထားမျိုးဖြစ် အောင် နေပုံထိုင်ပုံ၊ လေ့ကျင့်ခန်းစတာနဲ့ ထိန်းထား ပေးဖို့လိုတယ်။ မထိန်းထားနိုင်ရင် တော့ ပြန်ဖြစ်တတ်တယ်။ ဆက်ထိန်းထားပြီး ခြောက်လ၊ တစ်နှစ်လောက်ကြာတဲ့အခါ လည်ပင်းပြန်စောင်းတာမျိုး မဖြစ်တော့ဘူး။

 

မွေးရာပါလည်ပင်းစောင်းခြင်းနဲ့ ပတ်သက်ပြီး အကြံပြုစကားပြောပေးပါဆရာ။

လည်ပင်းစောင်းတာမှမဟုတ်ဘူး တစ်ခုခု ပုံမမှန်ဖြစ်ရင် ဒါကတော့ဘာမှမ ဟုတ်ပါဘူး ဆိုပြီး အတွေးနဲ့ မနေပါနဲ့။ ကလေးက ပုံမှန် မဟုတ်ရင် ဂရုတစိုက် အလေးထားရမယ်။ ဆရာဝန်ကိုပြပြီး ဘာမှမဖြစ်ဘူးဆိုရင် ဒီတိုင်းနေလိုက်ရတာ ကိစ္စမရှိဘူး။ အဲ့လို မဟုတ်ဘဲ နောက်ကျ သွားရင် ကုရတာလည်း ခက်တယ်၊ ပုံမှန်ပြန် ဖြစ်ဖို့ အခြေနေက နည်းသွားမယ်။

 

#သဇင်ဖြူဖြူထွေး တွေ့ဆုံမေးမြန်းသည်။

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *