ချောကလက်ကို လူအတော်များများ ကြိုက်နှစ်သက်ပါတယ်။ ချောကလက်မကြိုက်တဲ့သူဆိုတာ ခပ်ရှားရှားပါ။
မြန်မာနိုင်ငံမှာတော့ ချောကလက်ပင်တွေ တွေ့ဖို့ခဲယဉ်းပြီး ထုတ်လုပ်တာ မတွေ့ရပါဘူး။ အရင်ခေတ်က ဘိလပ်သွားမှ စားရတဲ့ ချောကလက်တွေကို ယနေ့ခေတ်မှာတော့ နိုင်ငံတကာက ချောကလက်ထုတ်ကုန်တွေ ပြည်တွင်းမှာတင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။ ချောကလက်နဲ့ ပေါင်းတင်ဖို့ကော စဉ်းစားဖူးပါသလား။ တစ်ခါလောက်စမ်းလုပ်ကြည့်နိုင်ဖို့ လွယ်ကူတဲ့ နည်းလမ်းလေးကို ဒီတစ်ပတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။ ဒီ Chocolate Facial Mask လေးက အရေပြားအတွက် အထောက်အကူပြုမယ့် ingredients တွေကို ရွေးသုံးထားတာဖြစ်လို့ မတည့်တာ မဖြစ်စေပါဘူး။ စိတ်မထိန်းနိုင်လို့ စားမယ်ဆိုရင်လည်း စားလို့ရပါတယ်။
ပါဝင်ပစ္စည်းတွေက –
(၁) ချောကလက်မှုန့် (Cocoa Powder)
ချောကလက်မှုန့် (ကိုကိုးပေါင်ဒါ) မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ မဂ္ဂနီစီယမ်၊ ဆီလီနီယမ်၊ မဂ္ဂနိစ်၊ ဇင့်၊ ကော့ပါး၊ ပိုတက်စီယမ်၊ ဖော့စဖရပ်၊ သံဓာတ်၊ ကယ်လ်စီယမ်၊ ဖောလိတ်၊ ဘီစစ်၊ နိုင်ယာ စင်၊ ရိုင်ဘိုဖလေဗင်၊ သီရိုဘရိုမင်း စတဲ့ ဒြပ်ပေါင်းတွေပါဝင်ပြီး ဆဲလ်တွေ ကျန်းမာဖို့ အားဖြည့်ပေးပြီး ပျက်စီးနေတဲ့ အသားအရေကို ပြုပြင်ထိန်းသိမ်းပေးနိုင်ပါတယ်။
(၂) ငှက်ပျောသီး (Banana)
ငှက်ပျောသီးမှာဆိုရင်လည်း ဆဲလ်တွေ ကျန်းမာ၊ ကြံ့ခိုင်ဖို့ အထောက်အကူပြုမယ့် ဓာတ်တိုးဆန့်ကျင်ဒြပ်ပေါင်းတွေ ဖြစ်တဲ့ ဒိုပါမင်းနဲ့ ပိုလီဖီနောတွေ ပါဝင်ပါတယ်။
(၃) ဒိန်ချဉ် (Yogurt)
အော်ဂဲနစ်စနစ်နဲ့ရတဲ့ ဒိန်ချဉ်မှာ ရောင်ရမ်းမှုကို ကျစေတဲ့ အိုမီဂါ သရီး နဲ့ လီနိုလင်းနစ် အက်စစ် ပါဝင်ပါတယ်။ သူတို့က ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုဖြစ်စဉ်ကို တားပေးပြီး အရေးကြောင်းတွေ ဖြစ်စေတဲ့ ဖရီးရယ်ဒီကယ်တွေကို လျှော့ချပေးနိုင်ပါတယ်။
(၄) ပျားရည် (Honey)
ပျားရည်မှာက ပိုးသတ်နိုင်တဲ့ အစွမ်းရှိတာကြောင့် ဝက်ခြံထွက်တတ်တဲ့ အသားအရေအတွက်ပါ အဆင်ပြေပါတယ်။ သူက အရေပြားရောင်ရမ်းတာ ကျစေမယ်၊ pH ကို ညီမျှအောင် ထိန်းပေးမယ်၊ ချွေးပေါက်တွေကို သန့်စင်ပေးပါမယ်။ အစိုဓာတ်ကိုလည်း ထိန်းပေးပြီး အိုမင်းရင့်ရော်တာကို နှေးစေနိုင်ပါတယ်။
ဘယ်လိုစလုပ်မလဲ –
ချောကလက်မှုန့် စားပွဲစားဇွန်း ၂ ဇွန်း၊ ဒိန်ချဉ် စားပွဲစားဇွန်း ၁ ဇွန်း၊ ပျားရည် စားပွဲစားဇွန်း ၁ ဇွန်း၊ ငှက်ပျောသီး လေး ပုံ တစ်ပုံ လိုပါတယ်။ ငှက်ပျောသီးကို ခက်ရင်းနဲ့ အရင်ခြေပြီးမှ ကျန်တဲ့ပစ္စည်းတွေ အကုန်ထည့်မွှေပါ။ ရလာတဲ့ အနှစ်ကို မျက်နှာနဲ့လည်ပင်းတွေမှာ လိမ်းပါ။ မိနစ် ၂၀ လောက်ထားပြီးရင် ရေဆေးချလို့ ရပါပြီ။
♥ Darliko (Mahidol University) ♥