ကျန်းမာခြင်းဆိုသည်မှာ

ကျန်းမာခြင်းဆိုသည်ကား အဘယ်နည်း။

အနာရောဂါကင်းရှင်းရုံမျှဖြင့် ကျန်းမာပြီဟုဆိုနိုင်ပြီလော။

♦ လူတိုင်း၊ လူတိုင်း ကျန်းမာခြင်းကို အလိုရှိကြ၏။ ကျန်းမာခြင်း၏တန်ဖိုးကို မကျန်းမာသည့်အခါမှ ပို၍သိလာတတ်ကြ၏။
♦ လူတိုင်းလူတိုင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာနိုင်ကြစေရန် ဦးစွာ ကျန်းမာခြင်း၏ အဓိပ္ပာယ်၊ ကျန်းမာခြင်းနှင့် မကျန်းမာခြင်းတို့၏ သဘာဝဖြစ်စဉ် စသည်တို့ကို စေ့စေ့ငုငု နားလည်သဘောပေါက်ထားကြရန် လိုအပ်ပါသည်။

ကျန်းမာခြင်းဆိုသည်မှာ . . .

♦ ကျန်းမာခြင်းဆိုသည်ကား အဘယ်နည်း။ အနာရောဂါကင်းရှင်းရုံမျှဖြင့် ကျန်းမာပြီဟုဆိုနိုင်ပြီလော။ ခန္ဓာကိုယ်ကောင်းစွာ ကျန်းမာသော်လည်း စိတ်ရွှင်လန်းချမ်းမြေ့မှုကင်း၍ လူ့ပတ်ဝန်းကျင်နှင့် ပေါင်းသင်းဆက်ဆံနေထိုင်ရာတွင် အဆင်မ ပြေဖြစ်နေလျှင်လည်း ကျန်းမာခြင်းသုခဖြင့် ပြည့်ဝနေသည်ဟု ဆိုနိုင်ပါမည်လား။ စသည်ဖြင့် ကျန်းမာခြင်းနှင့်ပတ်သက်၍ စဉ်းစားဖွယ်ရာများ ရှိနိုင်ပါသည်။

♦ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO- World Health Organization)က သတ်မှတ်ထားသည့် ကျန်းမာခြင်း၏ တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်အရ “ကျန်းမာခြင်းဆိုသည်မှာ ရောဂါဝေဒနာကင်းရှင်း၍ ကိုယ်အင်္ဂါချို့ယွင်းမှုမရှိရုံသာမက ကိုယ်ကျန်းမာခြင်းနှင့်ပြည့်စုံခြင်း၊ စိတ်ချမ်းသာမှုရှိခြင်း၊ ပတ်ဝန်းကျင်နှင့် ပေါင်းသင်းဆက်ဆံမှုအဆင်ပြေကောင်းမွန်ခြင်း” တို့ပင် ဖြစ်လေသည်။

♦ တစ်နည်းအားဖြင့်ဆိုရသော် ကာယသုခ၊ စိတ္တသုခ၊ မိတ္တသုခ စသည်တို့ဖြင့် ပြည့်စုံနေရမည်ဟူလို။

♦ သို့ဖြစ်၍ စစ်မှန်သော ကျန်းမာခြင်းနှင့် ပြည့်ဝနေစေရေးအတွက် အနာရောဂါကင်းရှင်းရုံသာမက စိတ်ရွှင်လန်းချမ်းမြေ့နေရန်၊ ပူပင်သောက ဗျာပါဒကင်းရှင်းနေရန် လိုအပ်လှ၏။

♦ ထိုနည်းတူ မိမိပတ်ဝန်းကျင်ရှိ လူနေမှုအသိုင်းအဝိုင်းနှင့် သဟဇာဖြစ်ကာ လူ့လောက၌ ဝင်ဆံ့နိုင်ရန်လည်း လိုအပ်ပေသည်။

♦ ခန္ဓာကိုယ်ကို တည်ဆောက်ထားသည့် အင်္ဂါအစိတ်အပိုင်းအသီးသီးတို့သည် ချို့ယွင်းချက် လုံးဝကင်းရှင်း၍ ပုံမှန်အတိုင်း ဆောင်ရွက်နေနိုင်မှ ခန္ဓာကိုယ်တစ်ခုလုံး ကိုယ်ကျန်းမာမှုရှိသည်ဟု ယူဆနိုင်၏။

♦ စိတ်၏ ကျန်းမာခြင်းဆိုသည်မှာ စိတ်ညစ်ညူးခြင်း၊ ပူပင်သောကဗျာပါဒများခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ဖောက်ပြန်ခြင်း၊ မူမမှန်ခြင်း၊ ရူးသွပ်ခြင်း စသော စိတ်ဝေဒနာအမျိုးမျိုးမှ ကင်းနေရုံသာမက လူတိုင်းလူတိုင်း မိမိလုပ်ကိုင်ဆောင် ရွက်နေသမျှကို စိတ်ပါဝင်စားမှုရှိ၍ ကျေနပ်နှစ်သိမ့် ပျော်ရွှင်ချမ်းမြေ့စွာ နေနိုင်ရေး ပင်ဖြစ်၏။

♦ ထို့ပြင် လူတစ်ယောက်၏ ကျန်းမာခြင်းတွင် သူ၏ လူမှုရေးသဟဇာတဖြစ်မှု၊ ပတ်ဝန်းကျင်လူနေမှုအသိုင်းအဝိုင်းနှင့် ပေါင်းသင်းဆက်ဆံရေး အဆင်ပြေမှု၊ လွတ်လပ်စွာ နေထိုင်နိုင်မှု စသည့်အချက်များလည်း ပါဝင်နေလေသည်။

♦ လူတစ်ဦးတစ်ယောက်တည်း ကျန်း မာနေ၍ မပြီးပေ။ ထိုသူ၏ ပတ်ဝန်းကျင် လူနေမှုအသိုင်းအဝိုင်းသည်လည်း ကျန်း မာရန် လိုအပ်ပါ၏။ အကြောင်းမူကား လူ တစ်ဦးစီ၏ ကျန်းမာခြင်းမှာ သူ၏ ပတ် ဝန်းကျင်လူထုတစ်ရပ်လုံး၏ ရောဂါဘ ယကင်းဝေးမှု၊ ကျန်းမာမှုတို့အပေါ်တွင် လည်းမူတည်နေ၍ပင် ဖြစ်လေသည်။
“ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ” ဆိုသကဲ့သို့ပင်။

♦ လူတစ်ယောက်၏ ကျန်းမာခြင်းသည် သူ၏မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေကျန်းမာခြင်းတို့အပေါ်တွင် အဓိကအားဖြင့် မူတည်နေ၏။

♦ ရောဂါဘယတစ်ခုခုသည် သူ့အလိုအလျောက် ခန္ဓာကိုယ်တွင် ပေါ်ပေါက်လာသည် မဟုတ်ပေ။ လူ့ပတ်ဝန်းကျင်ရှိ အရာရာအကြောင်းကြောင်းတို့၏ ဖြစ်ပျက်ပြောင်းလဲတည်ရှိနေမှုကြောင့် ခန္ဓာကိုယ်တွင် ရောင်ပြန်ဟပ်ခြင်းသာလျှင် ဖြစ်ချေသည်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် ကျန်းမာရေးနှင့် မညီညွတ်သော မူမမှန် ဖောက်ပြန်မှုတစ်ခုခုရှိနေလျှင် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်တွင် ရောဂါတစ်မျိုးမျိုး ရရှိလာနိုင်ပေသည်။

♦ ဤနေရာတွင် ပတ်ဝန်းကျင်ဆိုသည်မှာ မိမိဘဝနှင့် ကြီးထွားပြောင်းလဲ တိုးတက်မှုကို လွှမ်းမိုးနိုင်သော ပြင်ပအခြေအနေအချက်အလက်အားလုံးကို ဆို လိုသည်။

 

♦ အရေးကြီးသော ပတ်ဝန်းကျင်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ဇီဝ ပတ်ဝန်းကျင်
၂။ မိတ္တ ပတ်ဝန်းကျင်
၃။ ရူပ ပတ်ဝန်းကျင်
၄။ ဓာတု ပတ်ဝန်းကျင်

ဇီဝပတ်ဝန်းကျင်ဆိုသည်မှာ

♦ မိမိပတ်ဝန်းကျင်ရှိ သက်ရှိသတ္တဝါ၊ အပင် စသည့် သက်ရှိအရာအားလုံးပင် ဖြစ်၏။

မိတ္တပတ်ဝန်းကျင်ဆိုသည်မှာ

♦ မိမိပတ်ဝန်းကျင်ရှိ လူအများနှင့် လူ မှုရေး၊ စီးပွားရေး စသည်တို့အရ ပေါင်း သင်းဆက်ဆံနေထိုင်ရခြင်းပင်ဖြစ်ချေသည်။

ရူပပတ်ဝန်းကျင်ဆိုသည်မှာ

♦ မိမိပတ်ဝန်းကျင်ရှိ လေ၊ ရေ၊ အပူ၊ အအေး၊ ရာသီဥတု၊ အလင်းရောင်၊ အသံ၊ လေဝင်လေထွက်၊ နေရာဒေသ စသည့် သက်မဲ့အရာအားလုံးပင်ဖြစ်၏။

ဓာတုပတ်ဝန်းကျင်ဆိုသည်မှာ
♦ မိမိပတ်ဝန်းကျင်ရှိ ဓာတ်ပစ္စည်းအမျိုးမျိုးပင်ဖြစ်လေသည်။

♦ သို့ဖြစ်၍ လူတိုင်းလူတိုင်း ကျန်းမာ ခြင်းသုခကို ပြည့်ပြည့်ဝဝရရှိကြစေရေး အတွက် မိမိပတ်ဝန်းကျင်ကို ကျန်းမာ ရေးနှင့်ညီညွတ်စေရန် ပြုပြင်လုပ်ဆောင် ပြီး မိမိအနေဖြင့်လည်း ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေရန် ကျင့်ကြံဆင်ခြင်နေ ထိုင်သင့်လှပေသည်။

 

♦ ကျန်းမာခြင်းနှင့် မကျန်းမာခြင်းတို့၏ သဘာဝဖြစ်စဉ်အဆင့်ဆင့်မှာ အောက်ပါအစဉ်လိုက်အတိုင်း ဖြစ်ပေသည်။
၁။ အလွန်ကောင်းသော ကျန်းမာခြင်း
၂။ အသင့်အတင့် ကျန်းမာခြင်း
၃။ ရောဂါကင်းသည့် ကျန်းမာခြင်း
၄။ ရောဂါကင်းသည့် မကျန်းမာခြင်း
၅။ ရောဂါရရှိခြင်း
(က) ရောဂါနုစဉ်ကာလ
(ခ) ရောဂါရင့်စဉ်ကာလ
(ဂ) ရောဂါအပြင်းအထန်ဖြစ်ခြင်း

♦ အမှတ်စဉ် (၁) မှ (၃) အထိကို ကျန်းမာခြင်း ဟူ၍လည်းကောင်း၊ အမှတ် စဉ် (၄)မှ (၅)အထိကို မကျန်းမာခြင်းဟူ၍ လည်းကောင်း သတ်မှတ်လေသည်။

♦ ရောဂါကင်းသည့် ကျန်းမာခြင်းနှင့် ရောဂါကင်းသည့် မကျန်းမာခြင်းတို့ကို တစ်ခါတစ်ရံ ခွဲခြားရန် ခက်ခဲလှသည်။ စိတ်မကျန်းမာခြင်းများသည် ကိုယ်မကျန်းမာခြင်းထက်ပင် ခွဲခြားရန် ပို၍ ခက်ခဲလှ ၏။ ရောဂါရခြင်းကမူ ကျန်းမာခြင်းနှင့် လုံးဝဆန့်ကျင်ဘက် ဝိရောဓိပင်ဖြစ်ချေ သည်။

 

♦ မကျန်းမာခြင်းနှင့် ရောဂါရခြင်းတို့သည် ထပ်တူထပ်မျှ တူညီကြသည်မဟုတ်။ ရောဂါခံစားရလျှင် မကျန်းမာခြင်းဖြစ်နေသည်ဟု ဆိုနိုင်သော်လည်း မကျန်းမာ တိုင်း ရောဂါဘယခံစားနေရသည်ဟူ၍ ကား မဆိုသာချေ။
♦ မကျန်းမာခြင်းဆိုသည်မှာ ကျန်းမာ ခြင်းကင်းသော အခြေအနေအမျိုးမျိုးပင် ဖြစ်နိုင်၏။ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အိပ်မပျော်ခြင်း၊ မော ပန်းလွယ်ခြင်း စသည့် မသိသာလှသော ခံစားမှုများမှအစ ဖျားခြင်း၊ တက်ခြင်း၊ ရူး သွပ်ခြင်း၊ ရောဂါဆိုးအမျိုးမျိုးကို ခံစားရ ခြင်း စသည်အထိ အားလုံးသော အခြေ အနေတို့မှာ မကျန်းမာခြင်းဖြစ်စဉ်တွင် ပါဝင်၏။
♦ ကျန်းမာခြင်းဆိုသည်မှာ သူ့အလိုလိုအမြဲတည်တံ့နေသော အခြေအနေ တစ်ရပ်မဟုတ်ပေ။
♦ ကျန်းမာခြင်း မကျန်းမာခြင်း၊ ရော ဂါဖြစ်ခြင်းတို့သည် တစ်မျိုးနှင့်တစ်မျိုး အလွန်အမင်းကွာခြားလှသည် မဟုတ် ကြပေ။ ကျန်းမာခြင်းမှ မကျန်းမာခြင်း သို့၊ မကျန်းမာခြင်းမှ ရောဂါရခြင်းသို့ အ လွယ်တကူ ပြောင်းလဲသွားနိုင်လေသည်။
♦ ကျန်းမာခြင်းမှ မကျန်းမာခြင်းသို့ ကူးပြောင်းတော့မည်ဆိုလျှင် ကိုယ်စိတ်သွက်လက်ရွှင်လန်းမှုလျော့နည်းလာ ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ စိတ် လေးလံထိုင်းမှိုင်းခြင်း၊ မောပန်းလွယ်ခြင်း စသည်တို့ ဖြစ်ပေါ်လာလေ့ရှိသည်ကို သ တိပြုသင့်ပေသည်။ ယင်းတို့သည် မကျန်း မာခြင်း၏ ရှေ့ပြေးလက္ခဏာများပါပေ။

 

♦ ရောဂါဘယတစ်ခုခုကို စတင်ခံစား လာရသည့်အတိုင်း ဖြစ်ပေါ်လေ့ရှိသော ရောဂါဖြစ်စဉ်အဆင့်ဆင့်တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ရောဂါကင်းဝေးနေချိန်
၂။ ရောဂါဝင်စအချိန် (ရောဂါလက္ခဏာများမပြသေးသော်လည်း ရောဂါအ စပျိုးချိန်)
၃။ ရောဂါရချိန် (ရောဂါလက္ခဏာများ ပြချိန်)
၄။ ရောဂါပျံ့နှံ့ချိန်
၅။ ပြန်လည်နာလန်ထူလာချိန် သို့မ ဟုတ် ရောဂါပြင်းထန်ချိန်
၆။ နေကောင်းသွားခြင်း သို့မဟုတ် အင်္ဂါချို့ယွင်းသွားခြင်း သို့မဟုတ် အ သက်သေဆုံးသွားခြင်း

♦ ရောဂါဝင်စအချိန်သည် သိသာရန် ခဲယဉ်းသော်လည်း ရောဂါရချိန်ကိုမူ သတိပြုလျှင် ကောင်းစွာ သိရှိ၍ အချိန်မီ ကာကွယ်ကုသနိုင်လေသည်။ ရောဂါအမျိုးမျိုး ဖြစ်လာပြီဆိုလျှင် ပုံသေရောဂါလက္ခဏာများ အစဉ်ထာဝရ ခံစားနေရ သည်မဟုတ်ပေ။ ဦးစွာ ခံစားတွေ့ကြံရသည်မှာ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုး ခြင်း၊ နှလုံးတုန်ရင်ခုန်ခြင်း၊ မောပန်းလွယ် ခြင်း၊ အော့အန်ခြင်း၊ ယားယံခြင်း စသည့် ရောဂါလက္ခဏာအမျိုးမျိုးအဖုံဖုံပင် ဖြစ် လေသည်။

♦ ဤကဲ့သို့ ကျန်းမာခြင်း မကျန်းမာ ခြင်း၊ ရောဂါဘယဖြစ်ခြင်း စသည်တို့၏ သဘာဝဖြစ်စဉ်ကို နားလည်သိရှိလာကြ ခြင်းဖြင့် ထာဝစဉ်ကျန်းမာခြင်းနှင့် ပြည့်စုံ နေစေရန် ကျွန်ုပ်တို့ ပြုမူ ကျင့်ကြံနေထိုင် ကြရာတွင် အထောက်အကူပြုမည် ဖြစ်ပေသည်။

♥ ဒေါက်တာတင်ထွန်းဦး ♥

 

Post Author: Good Health Journal