“ဘီပိုး၊ စီပိုး၊ HIV ပိုးရှိတဲ့သူရဲ့သွေးနဲ့ ထိတွေ့မိရင် – ဒေါက်တာစိမ့်”

ဒီရက်ပိုင်း ကျမကို ကျန်းမာရေးနဲ့ပတ်သက်ပြီး မေးမြန်းအကူညီတောင်းကြတဲ့ထဲမှာ တူညီတဲ့ အကြောင်းအရာတစ်ခုကိုပဲ သုံးယောက်လောက် လာမေးတာကို ကြုံရပါတယ်။ လာမေးတဲ့သူတွေကတော့ အခြေနေအမှန်ကို သိနားလည်သွားကြပေမယ့် မေးရကောင်းမှန်းမသိတဲ့သူတွေ၊ မမေးဖြစ်တဲ့သူတွေဟာ မှားယွင်းတဲ့အယူအဆတွေနဲ့ လမ်းလွဲသွားမှာ စိုးမိပါတယ်။ ဒါနဲ့ပဲ ကျမ ဒီဆောင်းပါးကို ရေးဖြစ်ခဲ့ပါတယ်။

အကြောင်းအရာကိုသိရအောင် မေးခွန်းလေးတွေကို ဖတ်ကြည့်ရအောင်။

၁။ ကျနော် ART ဆေးအကြောင်းကို google မှာရှာပါတယ်။
ပြီးတော့ facebook မှာရိုက်ကြည့်တော့ ဆရာမရေးထားတဲ့စာ ဖတ်ရပါတယ်။
ကျနော် အခုအဲ့ဆေးသုံးဖို့ လိုအပ်နေပါတယ်။
ရန်ကုန်ဆေးရုံကြီးကိုသွားမေးကြည့်တော့ ဝေဘာဂီဆေးရုံမှာအရင်သွားပြပါတဲ့။
မနက်ဖြန်သွားပီး ဆွေးနွေးပါမယ်။
ဒါပေမယ့် ဆယ်သိန်းလောက်ရှိနိုင်တယ်လဲပြောတယ်
အတုအစစ်တွေလဲရှိနိုင်တယ်ပြောပါတယ်။
မနက်ဖြန်ဒီစာကိုတွေရင့် ဆရာမတုန်းက ဘယ်ကနေ ဆေးဝယ်တယ်ဆိုတာဖြေထားပေးပါခင်ဗျာ့ ။
ကျေးဇူးတင်ပါတယ်။

၂။ အမရေ တခုလောက်မေးချင်လို့ပါ။
မနေ့ည ၈နာရီလောက်က အိမ်ကိုလာလည်ကြတဲ့ မိသားစုသုံးယောက်မှာ ကလေးအဖေနဲ့အမေက AIDS ရှိနေတယ်  လို့ သိထားတယ်။
ကလေးအဖေက ကွမ်းစားပြီးပလုတ်ကျင်းပြီးတော့ အဲ့ရေခွက်ကို ဘေစင်ပေါ်တင်ထားတယ်။ ညီမလည်း ရေခွက်ကို ဆေးလိုက်တယ်။
ညီမလက်မှာလဲ အနာသေးသေးလေးရှိနေတယ်။
သူ့တံတွေးကနေကူးနိုင်လားဟင်။
အနာက မကျက်သေးဘူးဆိုတော့ စိုးရိမ်လို့။
အမရေးတဲ့စာထဲကလို ၇၂နာရီအတွင်း သောက်ဖို့လိုမယ်ဆို ဘယ်မှာသွားလုပ်ရမလဲဟင်။

 

၃။ ဘယ်ကမှန်းမသိတဲ့ ဖောရိန်နာတစ်ယောက် လမ်းမှာ လဲကျတာတွေ့လို့ ဆေးရုံပို့ပေးဖို့ကူညီပါတယ်။ သူက သွေးတွေအန်တော့ ဆရာဝန်က ကျနော့်ကို ဝိုင်းသုတ်ပေးဖို့ပြောတာနဲ့ ဂွမ်းတစ်ခုနဲ့ သုတ်ပေးလိုက်ပါတယ်။ အဲဒီမှာ သူ့သွေးတွေက ကျနော့်လက်သည်းအောက်ထဲထိ ဝင်ကုန်ပါတယ်။ သူ့မှာ ဘာပိုးတွေရှိမှန်းလဲမသိဘူး။ သွေးစစ်ဖို့ပြောတာကိုလည်း လက်မခံဘူး။ ကျနော်ဘယ်လိုလုပ်ရမလဲ။ ကျနော့်မှာ ရောဂါပိုးကူးနိုင်ခြေရှိလား။

 

မေးခွန်းတွေဖတ်ကြည့်တော့ အားလုံးဟာ ကျန်းမာရေးဝန်ထမ်းတွေမဟုတ်ဘဲ ပြည်သူတွေထဲကပဲဆို တာတွေ့ရပါတယ်။ များသောအားဖြင့် ဒီလို မတော်တဆဖြစ်ရပ်ကနေ ရောဂါကူးခံရတာတွေက ကျန်းမာရေးဝန်ထမ်း တွေမှာပဲ အဖြစ်များပါတယ်။

  • လူနာကိုထိုးထားတဲ့ အပ်စူးတာ၊ ဒါမှမဟုတ် တခြားချွန်ထက်တဲ့ ကိရိယာတစ်ခုခုနဲ့ထိုးမိတာ
  • လူနာရဲ့သွေးတွေ မျက်စိထဲစင်တာ၊ ပါးစပ်၊ နှာခေါင်းထဲရောက်တာ
  • ပေါက်ပြဲနေတဲ့၊ အနာရှိတဲ့ အရေပြားပေါ် လူနာရဲ့သွေးနဲ့ ခနာကိုယ်ကထွက်တဲ့ အရည်တွေ ထိတွေ့တာ

ဒါတွေက တွေ့ရတဲ့မတော်တဆမှုတွေပေါ့။ ဒါပေမယ့် ဒီလို ဖြစ်တိုင်းလည်း ရောဂါမကူးသေးပါဘူး။ ရောဂါကူးဖို့ဆိုရင် –

  • ဘယ်လိုပုံစံထိတွေ့တာလဲ
  • ထိတွေ့တဲ့သွေးပမာဏက ဘယ်လောက်လဲ
  • ထိတွေ့တဲ့အချိန်မှာ လူနာရဲ့သွေးထဲမှာ ဗိုင်းရပ်စ်ပိုးက ဘယ်လောက်ရှိနေလဲ

ဆိုတာတွေအပေါ် မူတည်နေပါသေးတယ်။ များသောအားဖြင့် လူတွေကြောက်ကြတာကတော့ BCR လို့ ကျမတို့အတိုကောင်ခေါ်တဲ့ ဘီပိုး၊ စီပိုး၊ HIV ပိုးပဲဖြစ်ပါတယ်။ ဒါတွေဟာ ကူးနိုင်ခြေဘယ်လောက်ရှိလဲ။

 

အသည်းရောင်အသားဝါ ဘီပိုး

 

တကယ်လို့ ကျမတို့ဟာ ဘီပိုးကာကွယ်ဆေးထိုးထားတယ်ဆိုရင်တော့ စိတ်မပူပါနဲ့။ လုံးဝမကူးနိုင်ပါဘူး။ ဒါကြောင့် ကျန်းမာရေးဝန်ထမ်းတွေဟာ မဖြစ်မနေထိုးထားသင့်တယ် ပြောတာပေါ့။ ကာကွယ်ဆေးမထိုးထားဘူးဆိုရင်လည်း အပ်စူးတာ၊ ရှရာဒဏ်ရာတစ်ခုခုကနေ ဘီပိုးရှိတဲ့သွေးနဲ့ထိမိမယ်ဆို ကူးစက်နှုန်းက ၆ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း လောက်အထိရှိပါတယ်။ ဒါတောင်မှ HBsAg ထက် HBeAg ဆိုတဲ့ အသည်းရောင်ဘီပိုးပမာဏရှိမှ ကူးတာပါ။ HBeAg ဆိုတာ ဗိုင်းရပ်စ်ပွားနေပြီး တခြားလူကို ကူးစက်နိုင်တဲ့အနေထားမှာရှိတယ်ဆိုတာကို ပြတာပါ။ HBsAg က ဒီလူနာမှာ ရောဂါရှိနေတယ်ဆိုတာကိုပြပြီး ကူးစက်နိုင်ခြေကိုတော့ မညွန်းပါဘူး။

Mucous Membrane လို့ခေါ်တဲ့ ကိုယ်တွင်းအရေပြားနဲ့ ပွန်းရာ၊ ဒဏ်ရာတွေကို သွေးနဲ့ ခနာကိုယ်ကထွက်တဲ့အရည်တွေ ထိတွေ့မိတဲ့အခါ ကူးစက်နိုင်ပေမယ့် ပုံမှန်ဘာဒဏ်ရာမှ မရှိတဲ့အရေပြားဆိုရင်တော့ ဘာမှမဖြစ်ပါဘူး။

 

အသည်းရောင်အသားဝါ စီပိုး

 

စီပိုးကတော့ ဒီလိုအပ်စူးတာ၊ သွေးပေတာတွေကနေ ကူးစက်နှုန်း ၁.၈ ရာခိုင်နှုန်းပဲရှိပါတယ်။ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်ထဲဝင်တာကတော့ စီပိုးကူးစက်နှုန်းဘယ်လောက်ရှိတယ်ဆိုတာ အတိအကျမသိသေးပေမယ့် ကူးနိုင်ခြေ အင်မတန်နည်းတယ်ဆိုပါတယ်။ သူဟာလည်း အရေပြားမှာ ပေါက်ပြဲနေမှ ကူးစက်နိုင်တာမျိုးပါပဲ။

 

နောက်ဆုံးတစ်ခုကတော့ HIV ပိုးပါ။

 

HIV ပိုးဟာ အပ်စူးတာ၊ သွေးပေတာကနေ ကူးစက်နိုင်နှုန်းဟာ ပျှမ်းမျှအားဖြင့် ၀.၃ ရာခိုင်နှုန်းပဲရှိပါတယ်။ အယောက် ၃၀၀ မှာ တစ်ယောက်နှုန်းပေါ့။ ၉၉.၇ ရာခိုင်နှုန်းကတော့ ဘာရောဂါပိုးမှ မကူးစက်ခံရပါဘူး။ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တွေထဲဝင်လို့ ကူးစက်နိုင်ခြေကတော့ ၀.၁ ရာခိုင်နှုန်းပါ။ တစ်ထောင်မှာ တစ်ယောက်ပေါ့။ ပေါက်ပြဲနေတဲ့ဒဏ်ရာပေါ်ကို ထိတွေ့မိရင် ကူးစက်နိုင်ခြေကတော့ ၀.၁ ရာခိုင်နှုန်းထက်တောင် လျော့နည်းပါသေးတယ်။ ပုံမှန်အရေပြားပေါ်ကိုထိတွေ့မိရင်တော့ ကူးစက်မှာ မဟုတ်ပါဘူး။ ပေကျံတဲ့သွေးပမာဏကလည်း နည်းတယ်၊ ပေတဲ့အချိန်ကလည်း ခဏလေးပဲကြာတယ် ချက်ချင်းဆေးပစ်လိုက်တယ်ဆိုရင် ဘာမှ စိုးရိမ်စရာမရှိပါဘူး။

 

ဒါဆို မတော်တဆ သွေးပေတာ၊ အပ်စူးတာ၊ ခနာကိုယ်ကအရည်တွေနဲ့ ထိတွေ့မိတာတွေ ဖြစ်လာရင် ဘယ်လိုလုပ်ရမလဲ

  • အပ်စူးတဲ့နေရာ၊ သွေးပေတဲ့နေရာကို ရေနဲ့ ဆပ်ပြာနဲ့ ပြောင်စင်အောင် သေချာဆေးပါ။ ဒဏ်ရာကို မညှစ်ပါနဲ့။
  • ပြီးရင် အဝတ်သန့်သန့်နဲ့ခြောက်အောင်သုတ်ပြီး အရက်ပြန်နဲ့သုပ်ပါ။ ပြီးရင် Betadine လို ဆေးထည့်ပါ။
  • မျက်လုံးတွေ ပါးစပ်တွေထဲဝင်ရင်တော့ ရေဘုံဘိုင်လိုရေရှင်အောက်မှ ရေများများနဲ့ သေချာဆေးပါ။
  • ပြီးရင်တော့ ဆေးရုံမှာ အကြောင်းကြားပြီး လိုအပ်တဲ့ စစ်ဆေး၊ ကုသမှုတွေရယူဖို့ လုပ်ရပါမယ်။

 

Post Exposure Treatment (ရောဂါပိုးနဲ့ထိတွေ့ပြီးနောက် ရောဂါမဖြစ်အောင်ကာကွယ်ကုသခြင်း) အတွက် ဘယ်လိုဆေးတွေနဲ့ ကာကွယ်ကုသလို့ရမလဲ။)

စီပိုး

ဘီပိုးအတွက် ကာကွယ်ဆေးရှိပေမယ့်  HIV နဲ့ စီပိုးကတော့ မရှိပါဘူး။ ရောဂါကပိုးရှိတယ်ဆိုတဲ့ သွေးနဲ့ ထိတွေ့မိတယ်ဆိုရင်တောင်မှ HIV ပိုးအတွက်က Pos Exposure Prophylaxis ဆိုတဲ့ ကာကွယ်ဆေးတွေရှိပြီး စီပိုးကတော့ မရှိပါဘူး။ စီပိုးကတော့ ဖြစ်ဖြစ်ချင်းမှာပဲ HCV antibody နဲ့ အသည်းကထုတ်တဲ့အင်ဇိုင်းဓာတ် တွေဖြစ်တဲ့ (alanine aminotransferase or ALT တွေကို စစ်ရပါမယ်။ ၄ လကနေ ၆လ လောက်ကြာရင် တစ်ခါ  ပြန်စစ်ပါ။

 

ဘီပိုး

တကယ်လို့ ကိုယ်ထိတွေ့မိတဲ့သွေးက ဘီပိုးရှိတယ်ဆိုရင်တော့ အရင်ဆုံး ဘီပိုးကာကွယ်ဆေး ထိုးရပါမယ်။ ထိုးပြီးသားဆို မလိုပါဘူး။ ဖြစ်ပြီး ၂၄ နာရီအတွင်းထိုးရပါမယ်။ (၇) ရက်ထက်တော့ ပိုနောက်ကျလို့မရပါဘူး။ ဘီပိုးကာကွယ်ဆေးကို အားလုံးထိုးပြီးပြီဆိုရင်တော့ ၁လ၊၂ လလောက်အကြာမှာ ပြန်စစ်ဆေးရပါမယ်။

 

အိတ်ခ်ျအိုင်ဗွီပိုး

HIV အတွက်ကတော့ PEP (Post Exposure Prophylaxis) ဆိုတဲ့ ရောဂါပိုးနဲ့ထိတွေ့ပြီးနောက် ကာကွယ်ခြင်း ဆိုတဲ့ ဆေးတွေရှိပါတယ်။ ဒီကုသမှုအကြောင်းအသေးစိတ်ကို အလုပ်သင်ဘဝအလုပ်သင်ခဏ ခေါင်းစဉ် အောက်မှာ ကျမဆောင်းပါးအရှည်ရေးခဲ့ဖူးပါတယ်။ ရောဂါပိုးစဝင်တဲ့ အချိန်ကနေ (၇၂) နာရီအတွင်း PEP ခေါ် ART (Anti-retrovial- treatment) ကို သောက်ရပါမယ်။ ဒုတိယအဆင့်အနေနဲ့ ကျန်တဲ့ဆေးတွေကို တစ်နေ့နှစ်ကြိမ်သော်လည်း ကောင်း၊ တစ်ကြိမ်သော်လည်းကောင်း (၂၈)ရက်တိတိ မပျက်မကွက်သောက် ရပါမယ်။

နောက်ပြီးအရေးကြီးတဲ့ အချက်ကတော့ ကိုယ့်ကိုကူးတဲ့ လူနာဟာ ဆေးကုသမှုခံယူနေတဲ့သူလား၊ ဆေးကုသမှုမခံယူထားဘူးလား ဆိုတာ မေးပါ။ ဆေးသောက်နေတဲ့ လူနာဆို ကျမတို့သောက်ရမယ့် PEP ဆေးတွေက တမျိုး၊ ဆေးမသောက်တဲ့ လူနာဆို PEP ဆေးတွေက တမျိုးဖြစ်လို့ပါ။ တကယ်လို့ ဆေးသောက်နေတယ်ဆိုရင်လည်း ဘယ်ဆေးရုံမှာ ကုသမှုခံယူနေပြီး ဆေးသောက်နေလဲဆိုတာပါ ဆက်မေးရပါမယ်။ လူနာရဲ့ နာမည်နဲ့  ကုတ်နံပတ်လေးပါ မေးထားလိုက်ပါ။ အဓိကအားဖြင့် ART ဆေးတွေ ပေးနေတဲ့ ဆေးရုံတွေက ဝေဘာဂီဆေးရုံကြီး၊ သာကေတဆေးရုံ၊ မင်္ဂလာဒုံဆေးရုံနဲ့ ရန်ကုန်ဆေးရုံကြီးက STI clinic တွေဖြစ်ပါတယ်။ ဥပမာအားဖြင့် လူနာဟာ မောင်မောင်ဖြစ်ပြီး သာကေတဆေးရုံကနေ ဆေးတွေသောက်နေတယ် ဆိုပါစို့။ သာကေတဆေးရုံမှာ မောင်မောင့်အတွက် သီးခြားကုပ်နံပတ်တစ်ခု ရှိပါတယ်။ အဲဒီကုပ်နံပတ်ဟာ မြန်မာနိုင်ငံမှာ ၂ ယောက်မရှိပါဘူး။ အဲဒီတော့ ဒီလူနာရဲ့ ရောဂါအခြေအနေ၊ သောက်နေတဲ့ဆေးတွေနဲ့ တိုးတက်မှုရှိ၊ မရှိဆိုတာတွေကို ကျမတို့က အလွယ်တကူ လေ့လာလို့ရတဲ့အတွက် PEP ဆေးရွေးတဲ့အခါမှာလည်း အတော်လေး အထောက်အကူဖြစ်ပါတယ်။ ရောဂါအခြေနေတိုးတက်တဲ့လူနာဆီက ကူးစက်ထားတယ်ဆိုရင် တမျိုး၊ အခြေနေဆိုးတဲ့လူဆီကဆိုရင် တမျိုး PEP ဆေးတွေကို သောက်ရမှာပါ။ ဒီဆေးတွေအတွက် ငွေကုန်ကြေးကျခံစရာမလိုပါဘူး။ အခမဲ့ထုတ်ပေးပါတယ်။

 

ဆေးတွေက ပြင်းတော့ သူ့ရဲ့ side effects တွေကို ခံစားရပါတယ်။ တချို့တွေမှာလည်း ဒီside effects တွေကို မခံစားရဘူးပြောသလို တချို့ကလည်း side effects တွေ ကြုံရပါတယ်။ တပတ်လောက် နေရင်တော့ side effects တွေနဲ့ ယဉ်ပါးသွားတတ်ပါတယ်။ အများဆုံးကတော့ GI side effects တွေပါ။ အစာအိမ်နဲ့ အူလမ်းကြောင်းမှာပေါ့။ ပျို့တယ်၊ အန်တယ်၊ အစားသောက်ပျက်တယ်၊ အစာစားချင်စိတ်မရှိဘူး၊ ဝမ်းသွားတယ်။ ပြီးတော့ မူးတယ်။ မနက်ခင်းနိုးလာတိုင်း အားအင်တွေ ယုတ်လျော့သလို ပျော့ဖတ်နေသလို ခံစားရတယ်။ ဒီဆေးသောက်နေတဲ့ကာလ တစ်လျှောက်မှာတော့ အစားသေချာစား၊ သေချာအိပ်ပြီး နားနားနေနေ နေတာ အကောင်းဆုံးပါပဲ။ တချို့ သော ဗီတာမင်အားဆေးတွေနဲ့ PEP ဆေးတွေနဲ့ မတည့်တတ်ဘူးဆိုပေမယ့် ဆရာဝန်နဲ့တိုင်ပင်ပြီး သင့်တော်တဲ့ အားဆေးလေးတွေနဲ့ တွဲသောက်လို့ရပါတယ်။

PEP ဆေးသောက်တဲ့အခါ အရေးအကြီးဆုံးကတော့ ဆေးကို အချိန်မှန်မှန်၊ တစ်ရက်မပျက် သောက်ဖို့ပါပဲ။ stat dose ကို (၇၂) နာရီအတွင်း တတ်နိုင်သမျှ အမြန်ဆုံးသောက်ပြီးရင် ကျန်တဲ့ရက်တွေမှာတော့ ကိုယ်သောက်နိုင်မယ့် အချိန်မျိုးရွေးခြယ်သောက်လို့ရပါတယ်။ ဥပမာ- မနက် ၆၊ ညနေ၆ လား၊ မနက် ၇ ညနေ ၇လား။ ကိုယ်အဆင်ပြေမယ့်အချိန်ကို ရွေးပြီး နေ့စဉ် အဲဒီအချိန်အတိုင်း (၂၈) ရက်တိတိသောက်ရပါမယ်။ အတိမ်းအစောင်းဖြစ်လို့ မရပါဘူး။ အချိန်မှန် ဆေးသောက်ဖို့ မေ့မှာစိုးတဲ့အတွက် ကိုယ်ဆေးသောက်မယ့် အချိန်ကို ဖုန်းနဲ့ဖြစ်ဖြစ် alarm လေးပေးထားပါ။ ဒါမှမဟုတ် ကိုယ်နေ့စဉ်လုပ်နေကျ အလုပ်နားမှာ စာရွက်လေးကပ်၊ စာလေးရေးပြီး သတိပေးထားလာမျိုး။ ဥပမာ – နေ့တိုင်း မနက်၊ ည သွားတိုက်နေကျ နေရာလေးမှာ စာကပ်ထားတာမျိုးပေါ့လေ။ ဒါမှလည်း ဆေးသောက်ချိန်ကျော်တာ၊ ကျန်တာတွေ မဖြစ်တော့မှာပါ။ တကယ်လို့ ဆေးသောက်ဖို့မေ့သွားခဲ့ရင် သိသိချင်းမှာ သောက်လိုက်ပါ။ နောက်တကြိမ်မှာ ၂ ခေါက်စာ ပေါင်းသောက်တာမျိုး မလုပ်ပါနဲ့။ ပြီးရင် ကိုယ့်ကို ဆေးထုတ်ပေးတဲ့ ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ။

 

ကြိုတင်ကာကွယ်ခြင်း

ဒီလိုတွေ အလုပ်မရှုပ်ချင်ရင်တော့ အစကတည်းက သတိထားပြီး ကြိုတင်ကာကွယ်မှုတွေ လုပ်ရပါမယ်။ လူနာနဲ့ပတ်သက်ပြီး ကိုင်တွယ်တဲ့အခါ လက်အိတ်ဝတ်ပြီးမှ ကိုင်တာ၊ ရောဂါပိုးရှိတဲ့လူနာတွေကို ခွဲစိတ်ရတာဆိုရင်လည်း လက်အိတ်အပြင် ဝတ်ရုံတွေ၊ မျက်လုံးအကာတွေ၊ နှာခေါင်းစည်းတွေ သေချာတပ်ဆင်တာမျိုး လုပ်ရပါမယ်။ ဒီလိုမတော်တဆမှုတွေကြုံတွေ့လာခဲ့ရင်လည်း စိုးရိမ်စိတ်တွေနဲ့ မတုန်လှုပ်နေဘဲ စိတ်အေးအေးထားပြီး အခုဖော်ပြခဲ့တဲ့အစီစဉ်တွေအတိုင်း ကောင်းမွန်ပြည့်စုံစွာလုပ်ဆောင်ကြဖို့ မပျက်ကွက်ပါနဲ့။ အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

ဒေါက်တာစိမ့်

Post Author: Good Health Journal

Leave a Reply

Your email address will not be published.