တုပ်ကွေးရာသီမှာ ကိုယ်ခံအားစနစ် ကောင်းမွန်စေဖို့ . . .

တုပ်ကွေးရာသီအတွက် ကိုယ်ခံအားစနစ်ကို ကောင်းစေဖို့ လိုအပ်တဲ့ Vitamins တွေထဲမှာ Vitamin D က ရာသီတုပ်ကွေးတွေမဖြစ်အောင်နဲ့ H1N1 flu virus ကိုကာကွယ်နိုင်တဲ့ အာနိသင်ရှိပါတယ်။

“Vitamin D fights common seasonal influenza and H1N1 in several ways”

Vitamin D ကို နေရောင်ခြည်ကရနိုင်သလို အစားအစာတွေကလည်း ရနိုင်ပါတယ်။ Vitamin D ကို နေရောင်ခြည်က ဘယ်လိုရအောင်ယူမလဲ၊ ဘာတွေစားရမလဲ ဆိုတာကို ရေးသားထားပါတယ်။

နေရောင်ခြည်မှ ဗီတာမင် D ကို ဘယ်လိုရအောင်ယူမလဲ

ဗီတာမင် D ဟာ အရိုးကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ အလွန်အေးတဲ့ ဒေသတွေမှာဆိုရင် ဧပရယ်လ အစကနေ စက်တင်ဘာ လကုန် အထိဟာ နေရောင်ခြည် ရယူဖို့ အကောင်းဆုံး အချိန်ဖြစ်ပါတယ်။ အရိုး၊ သွား နှင့် ကြွက်သားများ ကျန်းမာရေး အတွက် အထောက်အကူပြုသော ကယ်လ်ဆီယမ် (Calcium) နှင့် ဖော့စဖိတ် (Phosphate) များကို ခန္ဓာကိုယ်မှ စုပ်ယူဖို့ ဗီတာမင် D က အကူအညီ ပေးပါတယ်။ ဗီတာမင် D ချို့တဲ့ရင် အရိုးများပျော့ကာ အားနည်းလာပီး အရိုးတည်ဆောက်ပုံ ပျက်လာနိုင်ပါတယ်။ ကလေးတွေမှာ ဗီတာမင် D ချို့တဲ့ရင် Rickets ဟုခေါ်သော သူငယ်နာ အရိုးပျော့နာ ဖြစ်နိုင်ပါတယ်။ လူလတ်ပိုင်းတွေမှာလည်း Osteomalacia ဆိုတဲ့ အရိုးပျော့ရောဂါ ဖြစ်နိုင်ကာ အရိုးနာခြင်း ယောင်ရမ်းခြင်းများ ဖြစ်နိုင်ပါတယ်။

ဗီတာမင် D အရင်းအမြစ် 
လူတွေအရေပြားနဲ့ နေရောင်ခြည် ထိတွေ့လိုက်တာနဲ့ ခန္ဓာကိုယ်က ဗီတာမင် D ကို အလိုအလျောက် ဖန်တီး ပေးမှာပါ။ ဒါဟာ ဗီတာမင် D ကို လူအများစု အလွယ်တကူ ရယူနိုင်တဲ့နည်းပါ။ ဗီတာမင် D ပါဝင်တဲ့ စားစရာတွေကတော့ အဆီငါးများ ဖြစ်တဲ့ ဆာမွန်ငါး (Salmon)၊ မက်ကရယ်ငါး (Mackerel)၊ ငါးသလောက် (Herring)၊ ငါးသေတ္တာငါး (Sardines)၊ အနီရောင် ရှိသော အသားများ နှင့် ဥအမျိုးမျိုးတို့ပဲ ဖြစ်ပါတယ်။ ဗီတာမင် D ဖြည့်စွက်ဆေး များကိုလည်း သုံးစွဲနိုင်ပါတယ်။ လူအများ စုအတွက်က ဗီတာမင် D ဖြည့်စွက်ဆေး တစ်နေ့ 10 mcg (400IU) သောက်ရင် လုံလောက် ပီဖြစ်ပါတယ်။ တစ်နေ့ကို ဗီတာမင် D သုံးစွဲမှု ပမာန100 mcg (or) 0.1 mg (or) 4000 IU မကျော်သင့်ပါဘူး။ တစ်နေ့ကို ဗီတာမင် D သုံးစွဲမှု ပမာန 40,000 IU (or) 1000 mcg ရယူနေပါက အဆိပ်ဖြစ်ကာ အာရုံကြောစနစ် ယိုယွင်းမှုကြောင့် ကိုယ်လက်လှုပ် ရှားမှု စကားပြောဆိုမှု စသည် ထိန်းမနိုင် ဖြစ်သော ရောဂါ (Multiple Sclerosis)၊ ပရော့စတိတ် ကင်ဆာရောဂါ (Prostate Cancer) နှင့် အရေပြား ကင်ဆာများ (Skin Cancer) ဖြစ်စေနိုင်ပါတယ်။

နေရောင်ခြည်နဲ့ ဘယ်လောက်ကြာကြာ ထိတွေ့ပေးရမလဲ
သဘာဝအတိုင်း ဗီတာမင် D ရဖို့ဆိုရင် နေရောင်အောက်မှာ အကာအကွယ် မပါပဲ အသားအရေကို နေရောင်ခြည်နဲ့ ထိတွေ့ပေးဖို့ပဲ ဖြစ်ပါတယ်။ နေရောင် ခြည်မှာပါတဲ့ UVB-Rays တွေက ခန္ဓာအတွင်း ဗီတာမင် D ထုတ်လုပ်ဖို့ အကူအညီ ပေးမှာ ဖြစ်ပါတယ်။ နေရောင်ခြည် အလင်း ထိုးနေတဲ့ ပြတင်းပေါက်မှန် အတွင်းကနေပီးတော့ ဗီတာမင် D မရနိုင်ပါဘူး။ နေရောင်ခြည်ရဲ့ UVB-Rays တွေက ပြတင်းပေါက်မှန်ကို မဖောက်ထွင်းနိုင်လို့ပါ။ ဘယ်အချိန်မှာ ဘယ်လောက်ကြာကြာ နေရောင်အောက်မှာ ထွက်နေရမလဲ ဆိုပီး ပုံသေ သတ်မှတ်ထားတဲ့ လမ်းညွှန်ချက်တွေကတော့ မရှိပါဘူး။ မနက် ၁၁ နာရီ ကနေ ညနေ ၃ နာရီ အတွင်းက နေရောင်ခြည် ရယူဖို့ အကောင်းဆုံး အချိန်ပါပဲ။ နေရောင်ခြည်ကနေ ဗီတာမင် D ရရှိဖို့က သင်နေထိုင်တဲ့ အရပ်ဒေသ နဲ့ အသားရောင်ပေါ် မူတည်နေပါတယ်။ အသားဖြူတဲ့ သူတွေက အသားမဲတဲ့ သူတွေထက် နေရောင်အောက်မှာ အချိန်တိုလေးနေရုံနဲ့ လိုအပ်သော ဗီတာမင် D ပမာဏကို ရရှိနိုင်မှာပါ။ အလယ်အလတ် အသားအရေ ရှိသူတွေက နေရောင် အောက်မှာ ၆ မိနစ် – ၁၅ မိနစ်ခန့် နေပေးရုံနဲ့ 1000 IU (or) 25 mcg ပမာဏ ရရှိမှာ ဖြစ်ပါတယ်။ အာဖရိက လူမျိုးတွေလို မှောင်တဲ့ အသားအရေပိုင်ရှင် ရှိသူတွေကတော့ ၃၀ မိနစ် ကနေ ၁ နာရီ ၂ နာရီလောက် နေရောင်ခြည်နဲ့ ထိတွေ့ ပေးမှ 1000 IU (or) 25 mcg ပမာဏ ရရှိမှာ ဖြစ်ပါတယ်။

ဗီတာမင် D ဖြည့်စွက်ဆေးများ နှင့် သတိပြုစရာ
လူတိုင်းနီးပါး ဗီတာမင် D ဖြည့်စွက်ဆေးများကို ဆရာဝန်ညွှန်ကြားချက် မလို ပဲ အလွယ်တကူ သောက်သုံးနိုင်ပါတယ်။ ဒါပေမဲ့ သတိပြုရမယ့် အချက်တွေလည်း ရှိနေပါတယ်။
အကယ်လို့ သင်ဟာ အောက်ပါ ဆေးများ အသုံးပြုနေပါက ဗီတာမင်ီ ဖြည့်စွက်အားဆေးနဲ့ ဆေးအချင်းချင်း တုံ့ပြန်မှုတွေ ရှိနိုင်တာ ကြောင့် ဆရာဝန်များ၊ ဆေးဝါးပညာရှင် များနှင့် တိုင်ပင်ပါ။
-Heart Beat ပုံမှန် မဟုတ်သော ရောဂါ (Atrial Fibrillation) အတွက်
သောက်ဆေး Digoxin ။
-သွေးတိုးကျဆေးနွယ်ဝင် Thiazide diuretics များ (Hydrochlorothiazide, Bendroflumethiazide) ။
-Carbamazepine, Phenytoin, Primidone, Barbituates ။
-HIV infection ကုသောဆေးများ ။
အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဟော်မုန်းဓာတ်ရောဂါ နှင့် သိုင်းရွက် ရောဂါတွေ ရှိနေရင်လည်း ဗီတာမင် D ဖြည့်စွက်အားဆေး သောက်သင့် မသောက်သင့်ကို ဆွေးနွေးတိုင်ပင်ပါ။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *