HIV ဆေး ပုံမှန်သောက်သည့် လူနာနှင့် အတူအိပ်လျှင် ရောဂါပိုး ကူးစက် မခံရနိုင်

HIV  ဆေး မှန်မှန်သောက်ကာ ရောဂါပိုးကို ဖိနှိမ်ထားနိုင်သည့် HIV လူနာများသည် အိမ်ထောင်ဖက်ကို ရောဂါပိုး မဖြန့်ဖြူးပေးနိုင်ကြောင်း ရောဂါထိန်းချုပ်ရေးစင်တာက ကြေညာလိုက်သည်။ ဆေး မပျက်မကွက် သောက်သုံးနေသူများပတ်ဝန်းကျင်ကို အန္တရာယ် ပေးနိုင်၊ မပေးနိုင်ကို အတိအလင်းပြောရန် ထိုအမေရိကန်အေဂျင်စီ ငြင်းဆိုနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် လုပ်ဖူးခဲ့သမျှ လေ့လာချက်တိုင်းကမူ ဆေး ပုံမှန်သောက်နေသူနှင့် အတူနေမိလျှင် ရောဂါပိုး မကူးစက်နိုင်ဟုသာ အဖြေထုတ်ခဲ့ကြသဖြင့် သုတေသီများနှင့် တက်ကြွလှုပ်ရှားသူများက ရောဂါထိန်းချုပ်ရေးစင်တာကို အဖြေ တိတိကျကျပေးပါရန် နှစ်ပေါင်းများစွာကြာ ဖိအားပေးတောင်းဆိုခဲ့သည်။

HIV/ AIDS အသိပညာပေးရေးနေ့အထိမ်းအမှတ်နေ့ကို ပြီးခဲ့သည့်သီတင်းပတ်တွင် ပြုလုပ်ခဲ့ပြီး ထိုနေ့အတွက် ပေးပို့ခဲ့သည့်စာတွင် ယင်းအချက်ကို ထည့်သွင်းရေးသားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယင်းလူနာများသည် ခွဲခြားဆက်ဆံခံရမှု နည်းပါးလာတော့မည်ဖြစ်သည်။ အများပြည်သူဆိုင်ရာကျန်းမာရေးအဖွဲ့အစည်းပေါင်း ၆၀ ကျော်၊ နိုင်ငံပေါင်း ၆၀ ခန့်မှ ကျန်းမာရေးအဖွဲ့ပေါင်း ၄၀၀ ကျော်နှင့် ပူးပေါင်းအဖြေရှာအပြီးတွင်မှ ရောဂါထိန်းချုပ်ရေးဌာနက ထိုသို့ အဖြေတိတိကျကျ ထုတ်ပေးလိုက်ခြင်းဖြစ်သည်။ ဆေးကို ပုံမှန်သောက်သုံးပေးသည့်အခါ သွေးထဲတွင် ထိုရောဂါပိုး အလွန်အားနည်းသွားပြီး စစ်ဆေးလျှင်ပင် မပေါ်တော့ပေ။

ထိုသို့ ရောဂါပိုးမပေါ်တော့သည့် လူနာများသည် အိမ်ထောင်ဖက်နှင့် အတူနေသော်လည်း အိမ်ထောင်ဖက်သည် ရောဂါပိုး ကူးစက် မခံရဟု လိင်ဆက်ဆံမှုပေါင်း ၅၈ ၀၀၀ ကျော်ကို လေ့လာထားသည့် လေ့လာချက်များက ဆိုသည်။

(DM , 9.10.17) ချယ်ရီ

Post Author: Good Health Journal

Leave a Reply

Your email address will not be published.