တရားထိုင်တယ်ဆိုတာကို ဗုဒ္ဓဘာသာဝင်တွေမှ မဟုတ်ပါဘူး၊ နိုင်ငံတကာမှာပါ လက်ခံ ကျင့်သုံးနေပြီ ဖြစ်ပါတယ်။
လူတိုင်းအရွယ်သုံးပါးမှာ စိတ်ရော၊ လူရော ပင်ပန်းကြရပါတယ်။ ရက်ရှည်၊ လရှည်၊ နှစ်ရှည် နေ့စဉ် ရုန်းကန်လှုပ်ရှား ကြရပြီး စိတ်ဖိစီးမှုတွေ တစ်နေ့ နည်းနည်း၊ နည်းနည်းနဲ့ စုလာနိုင်ပါတယ်။ မနေ့က စိတ်ပင်ပန်းမှုကဒီနေ့ထိပါလာနိုင်သလို၊ နောက်တစ်ပတ်၊ နောက်တစ်လထိပါ ကျန်နေနိုင်ပါတယ်။ တရားထိုင်တယ်ဆိုတာက စိတ်ကို ဖြေလျှော့နည်းတစ်မျိုး ဖြစ်ပါတယ်။ ပင်ပန်းနေတဲ့ ခန္ဓာကိုယ်ကို အပြစ်မတင်ဘဲ ဂရုဏာနဲ့ကြည့်ပြီး တင်းနေတဲ့ အကြောတွေ၊ ကြွက်သားတွေကို ဖြေလျှော့ပေးဖို့ ဖြစ်ပါတယ်။
ပုံမှန်တရားထိုင်ဖို့ လေ့ကျင့်သွားမယ်ဆိုရင် တရားထိုင်အားကောင်းလာတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးတွေအပြင် ကျန်းမာရေး အတွက်ပါ ကောင်းကျိုးတွေ ရနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာကောင်းကျိုးများ
– စိတ်လှုပ်ရှားမှုတွေကို လျော့ကျစေတယ်
– စိတ်ကိုထိန်းချုပ်နိုင်မှုအားကောင်းလာမယ်
– တီထွင်ဖန်တီးနိုင်စွမ်းမြင့်လာမယ်
– ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင် နေတတ်လာမယ်
– အလိုလိုထိုးထွင်းသိမြင်နိုင်စွမ်း မြင့်လာမယ်
– စိတ်ကြည်လင်ပြီး အေးချမ်းမှုကိုရမယ်
– ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အလွယ်တကူ ဖြေရှင်းနိုင်သွားမယ်
– အာရုံစူးစိုက်မှုကို ကောင်းစေပြီး ထက်မြတ်တဲ့စိတ်ကို ရစေမယ်
ကျန်းမာရေးကောင်းကျိုးများ
– သွေးဖိအား လျော့ကျစေမယ်
– သွေးတွင်း Lactate ပမာဏကို လျော့နည်းစေလို့ Anxiety attack ဖြစ်နိုင်ခြေကို လျော့ကျစေမယ်
– တင်းမာနေတဲ့စိတ်ဖိစီးမှုကြောင့် ဖြစ်လာတဲ့ ခေါင်းကိုက်တာ၊ အိပ်မပျော်တာ၊ ကြွက်သားနဲ့အရိုးအဆစ် ပြဿနာတွေ လျော့နည်းစေမယ်
– ဆီရိုတိုနင်လို့ခေါ်တဲ့ ဟက်ပီးဟော်မုန်းကို ထုတ်ပေးပြီး ကောင်းမွန်တဲ့ အပြုအမူ ဖြစ်စေမယ်
– ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေမယ်
– စိတ်ပိုင်းဆိုင်ရာမှာ အားရှိလာတဲ့ အတွက် ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ရည်ကိုလည်း မြင့်မားလာစေပါမယ်
ပညာရေးမှာထူးချွန်စေမယ်
ပညာသင်ကြားတဲ့အရွယ် ကျောင်းသား၊ ကျောင်းသူတွေ တရားထိုင်တဲ့ အခါမှာ –
– ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာမယ်
– စိတ်ပိုကြည်ပြီး အာရုံစိုက်နိုင်မယ်
– စိတ်စွမ်းအင်နဲ့ ခွန်အားတိုးလာမယ်
– ကျန်းမာရေးပိုကောင်းလာမယ်
– ကောင်းတဲ့အား ဖြစ်ထွန်းစေပါတယ်
#Darli (Mahidol University)