နို့နဲ့အလာဂျီဖြစ်နေတာလား

နို့နဲမတည့်တဲ့အလာဂျီ (Milk Allergy) က စားစရာအလာဂျီ (Food Allergy) တွေထဲက တစ်မျိုးဖြစ်ပါတယ်။ နို့နဲ့မတည့်တဲ့ အလာဂျီက ကလေးတွေမှာ အဖြစ်များပြီး အရွယ်ရောက်သူ လူကြီးတွေမှာ တွေ့ရနည်းပါတယ်။ နွားနို့ အလာဂျီက တွေ့ရအများဆုံးဖြစ်ပြီး ဆိတ်၊ သိုး၊ ကျွဲနို့တွေနဲ့လည်း မတည့်တာ ဖြစ်တတ်ပါတယ်။ ကလေးတွေမှာ အသက်လေးနှစ်လောက် ရောက်တဲ့အခါ အလာဂျီပျောက်သွားတဲ့သူတွေရှိသလို မပျောက်တဲ့သူတွေလည်း ရှိပါတယ်။

အလာဂျီရှိမှန်းဘယ်လိုသိနိုင်လဲ
နို့နဲ့မတည့်တဲ့အလာဂျီက နို့သောက်ပြီး မိနစ်ပိုင်း ဒါမှမဟုတ် နာရီပိုင်းအတွင်း အလာဂျီလက္ခဏာကို ပြမှာဖြစ်ပါတယ်။ ကမ္ဘာ့အလာဂျီအဖွဲ့အစည်းက ထုတ်ပြန်ထားတဲ့ Guidelines မှာပြဋ္ဌာန်းထားတာကတော့ နို့နဲ့မတည့်သူတွေမှာ နို့နဲ့နို့ထွက်ပစ္စည်း စားသုံးတာက အစာအိမ်အူလမ်းကြောင်းကို ရောင်ရမ်းစေပါတယ်။ ပါးစပ်ကနေစပြီးတော့ နှုတ်ခမ်းရောင်တာ၊ အစာပြွန်ရောင်ပြီး အစာ မျိုချရခက်တာ၊ အော့အန်တာ၊ ဗိုက်ပွတာ၊ အစာအိမ်အောင့်တာ၊ ဝမ်းချုပ်တာ ဒါမှမဟုတ် ဝမ်းလျှောတာ၊ ဝမ်းသွားရင် သွေးပါတာ၊ အရေပြားမှာ ယားနာအင်ပြင်ထတာတွေ ဖြစ်တတ်ပါတယ်။

ဘာကြောင့်အလာဂျီဖြစ်တာလဲ
အစားအစာတစ်ခုခုနဲ့ မတည့်တဲ့ အလာဂျီတိုင်းက ကိုယ်ခံအားစနစ်ရဲ့ ချွတ်ယွင်းမှုနဲ့ သက်ဆိုင်နေပါတယ်။ နို့ထဲမှာပါတဲ့ အလာဂျီဖြစ်စေတဲ့ အဓိက ပရိုတင်းနှစ်မျိုးက ကစိမ်းနဲ့ ဝှီးပရိုတင်း ဖြစ်ပါတယ်။ ပရိုတင်းတစ်မျိုးတည်းကို အလာဂျီ ဖြစ်တဲ့သူတွေရှိသလို နှစ်မျိုးစလုံးနဲ့ အလာဂျီဖြစ်တဲ့သူတွေလည်း ရှိပါတယ်။

နို့မှာပါတဲ့ ပရိုတင်းတွေကို ကိုယ်ခံစွမ်းအားစနစ်က အန္တရာယ်ရှိတယ်လို့သတ်မှတ်ပြီး အင်တီဘော်ဒီတွေ ထုတ်ပြီးတုံ့ပြန်ပါတယ်။ အရေပြား ရောင်ရမ်းတဲ့ရောဂါ (Atopic Dermatitis) ရှိတဲ့ကလေးတွေမှာ စားစရာအလာဂျီ ဖြစ်တာများပါတယ်။ မိဘမှာ စားစရာ အလာဂျီ၊ နှင်းခူနာ၊ အင်ပြင်၊ ပန်းနာ၊ ဝတ်မှုန်နဲ့ဓာတ်မတည့်တဲ့ Hayfever ရှိတာမျိုး ဆိုရင်လည်း ကလေးမှာ စားစရာအလာဂျီ ဖြစ်တတ်ပါတယ်။

နို့နဲ့အလာဂျီရှိတဲ့ကလေးတွေက ဥအမျိုးမျိုး၊ ပဲပိစပ်၊ မြေပဲ၊ အမဲသားတွေနဲ့တောင် မတည့်တာတွေလည်း ဖြစ်တတ်ပါတယ်။

ကာကွယ်လို့ရလား
နို့နဲ့အလာဂျီမဖြစ်အောင် ကာကွယ်လို့မရပါဘူး။ အလာဂျီဖြစ်စေတဲ့ စားစရာတွေကို ရှောင်လိုက်ရမှာပဲဖြစ်ပါတယ်။ စားစရာတစ်ခုခု ဝယ်မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကို လေဘယ်မှာ သေချာဖတ်ပါ။ အလာဂျီဖြစ်စေတဲ့ နို့ပရိုတင်းပါတဲ့ စားစရာတွေကတော့ – နို့အမျိုးမျိုး ( whole၊ low-fat၊ skim)၊ ထောပတ်၊ ဒိန်ချဉ်၊ ရေခဲမုန့်၊ ချိစ်၊ ဝှီး၊ ကစိမ်း၊ သကြားလုံး၊ ချော့ကလက် စတာတွေ ပါဝင်ပါတယ်။ အပြင်မှာ စားစရာထွက်စားတယ်ဆိုရင်လည်း အသားကင်ဆိုရင် ထောပတ်နဲ့ကင်တာလား၊ ပင်လယ်စာကို နို့နဲ့ စိမ်ပြီး ချက်တာလားဆိုတာ မေးမြန်းပါ။ ကလေးတွေ အသက်လေးလ၊ ခြောက်လထိကို မိခင်နို့ပဲ တိုက်ကျွေးတာကလည်း နို့နဲ့အလာဂျီဖြစ်နိုင်မှုကို လျှော့နည်းစေတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ ဒါပေမဲ့ သင့်ကလေးမှာ နို့ နဲ့မတည့်တဲ့ အလာဂျီရှိတယ်လို့ သံသယ ဖြစ်လာရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါ တယ်။ နို့တိုက်မိခင်အနေနဲ့လည်း အခြား နို့နဲ့နို့ထွက်ပစ္စည်းတွေကို ရှောင်ရမှာ ဖြစ်ပါတယ်။ ဒီအတွက် နို့နဲ့နို့ထွက်ပစ္စည်းတွေကနေ လိုအပ်တဲ့ ကယ်လ်စီယမ်၊ ဗီတာမင် ဒီ၊ ရိုင်ဘိုဖလေဗင် စတာတွေကို ဖြည့်စွက်ဆေးအနေနဲ့ သောက်ရပါမယ်။

သတိပြုပါ
တစ်ခါတလေမှာ နို့နဲ့ဓာတ်မတည့်တဲ့ အလာဂျီကြောင့် သွေးပေါင်ချိန်ကျပြီး သေဆုံးတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒီအတွက် အရေးပေါ် ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

 ထူးဒါလီကိုကို (M. Sc. in Pharm) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *