ဆံကေသာနှင့်ပတ်သက်သော အယူအဆအလွဲ လေးခု

လူအတော်များများဟာ ဆံကေသာတွေကို တန်ဖိုးထားပြီး ဂရုစိုက်တတ်ကြပြီး တစ်ခုခုဆို ကြားဖူးတဲ့ စကားတွေ မှတ်ထားပြီး လိုက်လုပ်လေ့ ရှိပါတယ်။ ဒီတစ်ပတ်မှာတော့ ဆံပင်နဲ့ပတ်သက်ပြီး လွဲမှားနေတဲ့ အယူအဆ လေးမျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ဆံပင်ခဏခဏ ညှပ်ပေးတာက အရှည်မြန်စေတယ်
ဆံပင်အဖျားတွေကို ညှပ်ပေးတာက သင့်ဦးရေပြားပေါ်မှာရှိတဲ့ မွေးညင်းအိတ်လေးတွေအပေါ်ကို သက်ရောက်မှု မပေးနိုင်ပါဘူး။ ယေဘုယျအားဖြင့် ဆံကေသာက တစ်လကို တစ်လက်မရဲ့ လေးပုံတစ်ပုံလောက် ရှည်ပါတယ်။ ညှပ်ညှပ် မညှပ်ညှပ် ပုံမှန် ရှည်ထွက်မှာ ဖြစ်ပါတယ်။ ဆံသားအဖျား နှစ်ခွဖြစ်တာတွေကို ညှပ်ပြစ်လိုက်တယ်ဆိုရင် ဆံသား ကျိုးပြတ်တာကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ ဆံသားအဖျားတွေကို ပုံမှန် ညှပ်ပေးတာက ဆံပင် အဖျား ရှုးတာ၊ ဆံသားပါးတာတွေ မဖြစ်စေတော့ ပိုကျန်းမာတဲ့အသွင် ရစေပါတယ်။ လစဉ်တိုင်း ဆံပင်ညှပ်နေရင်တော့ ရှည်လာမှာ မဟုတ်ပါဘူး။ ဒုံရင်း ဒုံရင်းပဲ ရှိနေမှာပါ။ ရှစ်ပတ် ဒါမှမဟုတ် ဆယ့်နှစ်ပတ်ခြား တစ်ခါ ညှပ်ပေးတာက လုံလောက်ပါတယ်။

 ခေါင်းလျှော်ရည် တစ်မျိုးတည်းကိုပဲ စွဲပြီးသုံးမယ်ဆိုရင် ကြာရင် အာနိသင် မပြတော့ဘူး
ဒီလိုထင်ပြီးတော့ ခေါင်းလျှော်ရည်တွေ တစ်မျိုးပြီးတစ်မျိုး ပြောင်းသုံးစရာ မလိုပါဘူး။ သင်ဟာ ဆံပင် ဆိုးထားမယ်၊ ဖြောင့်စက်၊ ကောက်စက်တွေ ခဏခဏ သုံးဖြစ်တယ်ဆိုရင်တော့ ဆံသားက ခြောက်နိုင်လို့ အစိုဓာတ်ပိုပြီး ပေးနိုင်တဲ့ ခေါင်းလျှော်ရည်ကို ရွေးသုံးရမှာ ဖြစ်ပါတယ်။ သင် သဘောကျ နှစ်သက်တဲ့ ခေါင်းလျှော်ရည်တစ်ခုတည်းကိုပဲ စွဲသုံးလို့ အာနိသင် လျော့သွားတာမျိုး မဖြစ်ပါဘူး။

 ရေအေးနဲ့လျှော်တာက ဆံသားကို ပိုပြီး တောက်ပြောင်စေတယ်
ဒါကို ဆံပင်အလှပြင်ဆိုင်တွေမှာ ခဏခဏ ကြားဖူးမှာပါ။ ရေအေးနဲ့ ခေါင်းလျှော်တာက ဆံပင်ကို ပိုပြီး တောက်ပြောင်စေတယ်ပေါ့။ ဆံကေသာမှာ သူ့အလွှာနဲ့သူရှိပြီး အပေါ်ဆုံးအလွှာကို cuticle လို့ ခေါ်ပါတယ်။ အပေါ်ဆုံး အလွှာက ဘာနဲ့တူလဲဆိုတော့ အိမ်ခေါင်မိုးပေါ်က သွပ်တွေ အထပ်လိုက်စီထား သလိုမျိုးပုံစံဖြစ်ပြီး သူတို့က အပူချိန် ပေါ်လိုက်ပြီး ဖွင့်လိုက်ပိတ်လိုက် လုပ်နိုင်ပါတယ်။ ရေအေးက cuticle ကို ပိတ်သွားစေနိုင်ပါတယ်။ ဒီတော့ ဆံသားက စင်းနေတယ်လို့ မြင်ရစေတာဖြစ်ပါတယ်။ ရေအေးဖြစ်ဖြစ်၊ ရေပူဖြစ်ဖြစ် ဆံသားအပေါ် သက်ရောက်မှု မပေးနိုင်ပါဘူး။ Cuticle ကို တောက်ပြောင်ဖို့ အတွက် အဆီပါတဲ့ ပေါင်းဆေးတွေ အသုံးပြုနိုင်ပါတယ်။ ဆံသားပေါင်းတင်တဲ့အခါ ရေနွေးငွေ့ပေးရတယ်ဆိုတာက Cuticle ကို ပွင့်စေပြီး အဆီအနှစ်တွေ ဆံသားထဲ ဝင်အောင်ဖြစ်ပါတယ်။ ဆံသားတွန့်ကြေဖွာတာ မပျက်စီးဖို့ ဆိုရင်တော့ ဆံပင်အရောင် ခဏခဏ ဆိုးတာ၊ ဆံပင်ဖြောင့်တာ၊ ဆံသားပုံသွင်းတဲ့ အပူချောင်းတွေ အသုံးပြုတာ လျှော့မှရပါမယ်။

 ခေါင်းခဏခဏ ဖြီးတာက ဆံကေသာ ကျန်းမာစေတယ်ခေါင်းဖြီးတာက ဦးရေပြားက သဘာဝအတိုင်း ထုတ်လုပ်တဲ့ ခေါင်းအဆီကို ထုတ်ပေးနိုင်တယ်၊ သွေးလှည့်ပတ်မှု ကောင်းစေပြီး ဆံပင်သန်စေတယ်လို့ ပြောတာ သင်ကြားဖူးမှာပါ။ ဒါပေမဲ့ ဒါတွေ တစ်ခုမှ မမှန်ပါဘူး။ ဆံပင်ကို ခဏခဏ ဖြီးတာက ပွတ်တိုက်မှုတွေ ဖြစ်စေပြီး ဆံကေသာ အပေါ်ယံလွှာဖြစ်တဲ့ Cuticle ကို ပျက်စီးစေပါတယ်။ ဆံသားတွေ မရှုပ်ထွေးဖို့အတွက်ပဲ အကြိမ် ရေအနည်းဆုံးနဲ့ ဖြီးဖို့လိုအပ်ပါတယ်။ နောက်ပြီး အသုံးပြုမယ့် ဘီး ရွေးချယ်တာကလည်း အရေးကြီးပါတယ်။ ဆံပင်ရှုပ်တာကို ရှင်းဖို့အတွက်ဆိုရင် ဘီးကျဲ (Wide-toothed Comb) ကို အသုံးပြုပါ။ ဘရပ်ရှ်အမျှင်တွေ စိပ်တဲ့ ဘီး (Boar Bristle Hairbrush) နဲ့ မရှင်းပါနဲ့။ ညိပြီး ပြတ်ထွက်ကုန်ပါလိမ့်မယ်။

#ထူးဒါလီကိုကို (M. Sc. in Pharm) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published.