ကိုယ်အလေးချိန်တိုင်းရာတွင် သတိထားသင့်သော အချက် များ

သင့်အနေနဲ့ ပေါင်ချိန်စက်ပေါ်မှာ ဝိတ်ချိန် ကြည့်တဲ့ အခါမှာ ဝိတ်တက်လိုက် ကျလိုက် ဖြစ်နေလို့ စိတ်ညစ်နေပါသလား။ အောက်ပါ အချက်တွေက သင့် အလေးချိန်ကို အနည်းငယ် ပြောင်းလဲမှု ဖြစ်နိုင်တာမို့ ပေါင်ချိန် တိုင်းရာမှာ သိထားသင့်တာတွေကို ဖော်ပြပေးပါမယ်။

#အချိန်
သင့်အနေနဲ့ ကိုယ်အလေးချိန်ကိုအပတ်စဉ်တိုင်းမယ်ဆိုရင် ဝိတ်ချိန် တိုင်း ချိန်မယ့် နေ့ရော အချိန်ပါ တူညီမှု ရှိရပါမယ်။အကောင်းဆုံးက အိပ်ရာထခါစ အပေါ့ အလေးသွားအပြီး နံနက်စာ မစားရသေးတဲ့ အချိန်မှာ ဝိတ်ချိန်ပါ။

#အဝတ်အစား
ဝိတ်ချိန်တိုင်း ဝိတ်ထားတဲ့ အဝတ်အစား ကလည်းတူညီမှု ရှိရပါမယ်။ အကောင်းဆုံးက ရေချိုးခန်းထဲ အဝတ်အစားမပါဘဲ ဝိတ်ချိန်ပါ။ ကိုယ်အလေးချိန်တိုင်းရာမှာ သင်အဝတ်အစားကြောင့် အဖြေပြောင်းလဲမှု ရှိနိုင်ပါတယ်။

#မတ်မတ်ရပ်ပါ
သင့်ရဲ့ ကိုယ်အလေးချိန်က ခြေထောက် နှစ်ဖက်ကနေ ဖြန့်ဆင်းလာတာမို့ ငြိမ်ငြိမ်လေး မတ်တပ်ရပ်နေဖို့ လိုအပ်ပါတယ်။

#နေရာ
ဝိတ်ချိန်မယ့်နေရာကလည်း တစ်နေရာတည်း ဖြစ်ရပါမယ်။မျက်နှာပြင် ညီညာပြီး မာကျောမှု ရှိတဲ့ နေရာမှာ ချိန်ပါ။ ကော်ဇောလိုမျိုး မျက်နှာပြင် ညီညာမှု မရှိတဲ့နေရာမှာ ဝိတ်ချိန်ရင် အလေးချိန် တိကျမှု ရနိုင်မှာ မဟုတ်တော့ပါဘူး။

#ရာသီဥတု
ရာသီဥတုက ကိုယ်အလေးချိန်ပေါ်မှာ လွှမ်းမိုးမှု ရှိပါတယ်။ မိုးအရမ်းရွာတာ၊ လေပြင်းတိုက်တာနဲ့ ရာသီဥတု အေးလွန်းတာ လိုမျိုးအချိန်တွေမှာ ဝိတ်ချိန်မိရင် အဖြေက အတိအကျ ရမှာ မဟုတ်ပါဘူး။

#ပေါင်ချိန်စက်အမျိုးအစား
သင်ဝိတ်ချိန်ရာမှာ အသုံးပြုတဲ့ပေါင်ချိန်စက်က အမျိုးမျိုးပြောင်းနေရင် သင့်အဖြေကလည်း အမျိုးမျိုးထွက်နေမှာပါ။ ပေါင်ချိန်စက်တွေကမော်ဒယ်နဲ့ ထုတ်လုပ်တဲ့ ကုမ္ပဏီ ပေါ်မူတည်ပြီး ထွက်လာတဲ့အဖြေကအနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါတယ်။

#ဟော်မုန်းကြောင့်ရေစုဆောင်းမှုများနေခြင်း
ဒါက ဟော်မုန်းအပြောင်းအလဲများတဲ့ အမျိုးသမီးတွေနဲ့ သက်ဆိုင်ပါတယ်။ အမျိုးသမီးတွေ ကိုယ်အလေးချိန် အတက်အကျ ဖြစ်နေတာက ဒီအကြောင်းကြောင့်ပါ။ အမျိုးသမီးတွေက မျိုးဥကြွေတဲ့အချိန် ဒါမှမဟုတ် ဓမ္မတာပေါ်တဲ့အချိန်တွေမှာ ကိုယ်တွင်း ရေစုဆောင်းမှု များလာတာမို့ ပေါင်ချိန်သိသိသာသာ တက်လာနိုင်ပါတယ်။ သင့်ရဲ့ ဝိတ်အမှန်မဟုတ်ပါဘူး။ ကိုယ်တွင်းက ရေတွေကြောင့် ဝိတ်တက်လိုက် ကျလိုက် ဖြစ်နေတာပါ။

#အငန်စာစားထားခြင်း
သင့်ဝိတ်မချိန်မီ တစ်ရက်အလိုကဆိုဒီယမ်ပါဝင်မှုများတဲ့ ငါးပိ၊ ငါးခြောက်တွေကို စားထားမိရင် ကိုယ်ထဲမှာ ရေစုဆောင်းမှု များလာနိုင်တာကြောင့် သင့်ပေါင်ချိန်က သင့်ရဲ့ အမှန်အကန်အလေးချိန်+ရေအလေးချိန် ဖြစ်နေမှာပါ။ ဒါကြောင့် သင့်ရဲ့ အမှန်အကန် ဝိတ်ကို သိရှိနိုင်ဖို့ ကိုယ်အလေးချိန် မချိန်ခင် တစ်ရက်အလိုမှာ အငန်စာတွေကို ရှောင်ထားပါ။

#လေ့ကျင့်ခန်းလုပ်အပြီးဝိတ်မချိန်ပါနဲ့
လေ့ကျင့်ခန်းလုပ်ထားတာကြောင့် ချွေးအများကြီးထွက်ကာ ကိုယ်တွင်းကရေဆုံးရှုံးသွားတဲ့အတွက် ဒီအချိန်မှာ ဝိတ်ချိန်ရင် အမှန်အကန် အလေးချိန်ထက် လျော့နည်းနိုင်ပါတယ်။ ကိုယ်တွင်းမှာ ရေ ပြန်ပြည့် သွားတာနဲ့ လျော့နည်းသွားတဲ့ အလေးချိန်က ပြန်တက်သွားပါမယ်။

#အဆီနဲ့ကြွက်သားအချိုးအစား
အဆီ ၅ ပေါင်နဲ့ ကြွက်သား ၅ ပေါင် က အလေးချိန်ချင်း တူညီမှု ရှိကြပေမယ့် အမြင်မှာတော့ များစွာ ကွာခြားသွားပါတယ်။ ကြွက်သား ၅ ပေါင်က နေရာ အနည်းငယ်သာ ယူပေမယ့် အဆီ ၅ ပေါင်က နေရာ အများကြီး ယူသွားပါတယ်။ ဒါ့ကြောင့် သင်လေ့ကျင့်ခန်း ပြုလုပ်နေပြီး ဝိတ်တက်လာပေမယ့် သင်က အမြင်မှာ ဝတယ်လို့ မထင်ရတာပါ။၏

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal