SPF နှင့် ဝက်ခြံ

♥ ဒီတစ်ပတ်မှာတော့ ဝက်ခြံ ထွက်တတ်တဲ့ အသားအရေရှိသူက နေလောင်ကာခရင်မ် လိမ်းလို့ရလား ဆိုတာကို ရေးပေးလိုက်ပါတယ်။ အသားအရေ မပျက်စီးဖို့၊ အရေးကြောင်း မဖြစ်ဖို့၊ အိုမင်းရင့်ရော်တာကို ကာကွယ်ဖို့ နေလောင်ကာခရင်မ်တွေကို ပူတဲ့ရာသီဥတုအပြင် အေးတဲ့ရာသီဥတုမှာပါ လိမ်းရမယ်လို့ ဆိုပါတယ်။ 

♥ နေလောင်ကာခရင်မ်တွေက အရေပြားပျက်စီးစေတဲ့ နေရောင်ခြည်က ယူဗီရေးတွေကနေ အထိုက်အလျောက် ကာကွယ်ပေးနိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ ဝက်ခြံ ထွက်တတ်တဲ့ အသားအရေမှာ နေလောင်ကာခရင်မ် လိမ်းလိုက်လို့ ဝက်ခြံတွေ ပိုထွက်လာတာမျိုးလည်း ကြုံဖူးတတ်ကြပါတယ်။ အရေပြားအကျိုးရှိအောင် နေလောင်ကာခရင်မ် လိမ်းပါမှ ဝက်ခြံဖုတွေ ထွက်လာတာကို ဘယ်သူမှ နှစ်သက်မှာ မဟုတ်ပါဘူး။

♥ နေလောင်ကာခရင်မ်က ဝက်ခြံထွက်စေလားဆိုရင်တော့ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ပဲ ပြောနိုင်ပါတယ်။ သင် အသုံးပြုတဲ့ SPF နေလောင်ကာခရင်မ် အမျိုးအစားပေါ် မူတည်ပါတယ်။ ဝက်ခြံ ထွက်တတ်တဲ့ အသားအရေအတွက် နေလောင်ကာခရင်မ် ရွေးတဲ့အခါ non-comedogenic လို့ ရေးထားတာကို ဝယ်ရမှာ ဖြစ်ပါတယ်။

Non-comedogenic
Non-comedogenic ရဲ့ အဓိပါယ်က ချွေးပေါက်တွေကို မပိတ်စေဘူး၊ ရောင်ရမ်းမှုနဲ့ ဝက်ခြံတွေမထွက်စေဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။ အဆီပြန်မယ်၊ sensitive ဖြစ်တတ်တယ်၊ ဝက်ခြံ ထွက်တတ်တဲ့ အသားအရေအတွက် အစိုဓာတ်များတဲ့ နေလောင်ကာခရင်မ်တွေ ရှောင်ရပါမယ်။ Oil-free လို့ ရေးထားတိုင်းလည်း ဝက်ခြံအသားအရေအတွက် သင့်တော်တာမျိုး မဟုတ်ပါဘူး။ လန်နိုလင်လိုဒြပ်ပေါင်းက အဆီမပါပေမဲ့ ချွေးပေါက်တွေ ပိတ်စေနိုင်ပါတယ်။

♥ တခြားဘာတွေဖြစ်နိုင်သေးလဲ
နေလောင်ကာခရင်မ်ကြောင့်ဆိုပြီး သူ့တစ်ခုတည်းပေါ် အပြစ်ပုံလို့လည်း မရသေးပါဘူး။ ရာသီဥတု အပူချိန် လွန်ကဲတာနဲ့ ချွေးထွက်တာတွေကလည်း နဖူးနဲ့ တင်ပါးတွေမှာပါ ဝက်ခြံတွေ ထွက်လာစေနိုင်ပါသေးတယ်။ ဒီလိုဖြစ်လာရင် ၂ ရာခိုင်နှုန်း ဆယ်လီဆိုက်လစ် အက်စစ်ပါတဲ့ မျက်နှာသစ်ဆေးနဲ့ သန့်စင်ပေးပါ။

ဘယ်လိုနေလောင်ကာခရင်မ်ကို ရွေးမလဲ
သင့်မှာ sensitive ဒါမှမဟုတ် ဝက်ခြံထွက်တတ်တဲ့ အသားအရေ ရှိတယ်ဆိုရင် ဇင့်၊ တိုက်တေနီယမ်ပဲပါဝင်တဲ့ နေလောင်ကာခရင်မ်ကို အသုံးပြုနိုင်ပါတယ်။ သူက အရေပြားအဆီပြန်တာကို ထိန်းပေးနိုင်ပါတယ်။ ဒါမှမဟုတ် နေလောင်ကာပေါင်ဒါအမှုန့်ကို အသုံးပြုနိုင်ပါတယ်။

ဘာတွေ သတိထားရမလဲ
တချို့ အသားအရေ ထိန်းသိမ်းတဲ့ အလှကုန်တွေက အရေပြားရဲ့ နေရောင်ဒဏ်ခံနိုင်မှုကို ကျစေပါတယ်။ ဥပမာ Retin A နဲ့ Salicylic acid ပါဝင်တဲ့ အသားအရေ ထိန်းသိမ်းဆေးတွေ အသုံးများမယ်ဆိုရင် နေရောင်ခြည်ကို ပိုပြီး sensitive ဖြစ်သွားစေနိုင်ပါတယ်။ ၀က်ခြံ ရှိတယ်ဆိုရင် နေရောင်အောက်သွားတာကို ရှောင်နိုင်သလောက် ရှောင်သင့်ပါတယ်။

#ထူးဒါလီကိုကို (M. Sc. in Pharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published.