သင်္ကြန်မှာ ဆံပင်အရောင်လေးနဲ့ လန်းမယ်ဆိုရင် –

♥ သင်္ကြန်မှာ ဆံပင်အရောင်ကာလာစုံတွေကို တွေ့ရများပါတယ်။ တစ်နှစ်တာလုံး ပိတုန်းရောင်ဆံကေသာနဲ့ တွေ့ရပြီး သင်္ကြန်ရောက်မှ ဝါ၊ စိမ်း၊ နီ၊ ပြာ ဆံပင်ရောင်စုံတွေ ဆိုးလာကြတတ်တာကို တွေ့ရပါတယ်။ ဆေးဆိုးထားတဲ့ ဆံကေသာကို သင်္ကြန်ရေနဲ့ နွေအပူလှိုင်းတွေရဲ့ ဒဏ်ကြောင့် ပျက်စီးတာ လျှော့နည်းစေဖို့ ရေးသားလိုက်ပါတယ်။

ဆံပင်အရောင်ဆိုးဖို့ ဆုံးဖြတ်ထားတယ် ဆိုရင် –
 ဆံကေသာအရောင်ဆိုးတာက ဘယ်လောက်တစ်ကြိမ် ဆိုးလို့ရလဲဆိုတော့ လူတစ်ယောက်စီအပေါ် မူတည်ပါတယ်။ ဆံပင်အရောင်ဆိုးတဲ့ အကြိမ်ရေကို လျှော့နိုင်သလောက် ကင်ဆာဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေတယ်လို့ သုတေသီတွေကတော့ ဆိုထားပါတယ်။

 နောက်ပြီး ဆံပင်အရောင်ဆိုးဆေးတွေက အလာဂျီဖြစ်တတ်တာကြောင့် မဆိုးခင် အရေပြားမှာ ဆိုးဆေးအနည်းငယ်တင်ပြီး Patch Test အရင် စစ်ကြည့်ပါ။

 ဆံပင်ဆိုးဆေးတွေကို မျက်တောင် မွေး၊ မျက်ခုံးမွေးတွေမှာ မဆိုးဖို့ကို FDA က အပြင်းအထန် ကန့်ကွက်ထားပါတယ်။

 မတော်တဆများ ဆံပင်ဆိုးဆေးတွေ မျက်လုံးထဲဝင်သွားရင် မျက်စိကန်းတဲ့ အထိ ဖြစ်တတ်ပါသေးတယ်။

သင်္ကြန်နွေမှာ ဆံပင်မပျက်စီးဖို့ ဆိုရင် –

နွေရာသီရဲ့ အပူလှိုင်းတွေက ဆံကေသာကို ထိခိုက်စေသလို၊ သင်္ကြန်ရေကြောင့် ရွှဲရွှဲစိုတဲ့အခါ ဆံသားတွေက ကျိုးပြတ်လွယ်တဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။ ဆံပင်ဆိုးဆေးတွေ ဝင်နေတဲ့ ဆံသားတွေဆိုရင်တော့ ပိုပြီး ခြောက်သွေ့ ကြမ်းတမ်းလွယ်ပါတယ်။

ဒီလိုဆိုရင် ဘာလုပ်ကြမလဲ။ ဆံကေသာကို နေဒဏ်၊ အပူဒဏ်နဲ့ ရေဓာတ်တွေကနေ အကာအကွယ် ပေးနိုင်မယ့် တစ်ခုခု လိုနေပြီပေါ့။ ရေကူးတဲ့သူတွေ ကလိုရင်းခတ်ထားတဲ့ ရေကန်၊ ဒါမှမဟုတ် ကမ်းခြေက ဆားငန်ရေတွေမှာ ကူးရင် ဆံကေသာပျက်စီးတာကို ဘယ်လိုကာကွယ်ကြလဲ။

Leave-in Conditioner

♥ သူက ခေါင်းလျှော်ပြီး မိနစ်ပိုင်းလောက် ဆံကေသာပေါ်နှိပ်နယ်ပြီး ရေဆေးချရတဲ့ Conditioner နဲ့ မတူပါဘူး။ ခေါင်းလျှော်ပြီး ရေခြောက်အောင်သုတ်ပြီးမှ တစ်ထပ်ထပ်လိမ်းရတာပါ။ နောက်တစ်ခါ ခေါင်းမလျှော်မချင်း လိမ်းထားလို့ ရပါတယ်။ ဒီလိုလိမ်းသွားမယ်ဆိုရင် နေပူဒဏ်ကို ကာကွယ်ပေးပြီး သင်္ကြန်ရေစိုတဲ့အခါမှာလည်း ပြတ်လွယ်တာ မဖြစ်စေတော့ပါဘူး။

Shield
♥ ဒါကတော့ နေရောင်ဒဏ်ကနေ ဆံသားကို ကာကွယ်ဖို့ ထီးဆောင်းတာ၊ ဦးထုပ်ဆောင်းတာလုပ်ပါ။ သင်္ကြန်ဖြစ်လို့ ထီးဆောင်းဖို့ အဆင်မပြေတဲ့အခါ နေပူထဲသွားမယ်ဆို ဦးထုပ်ဆောင်းပါ။

Beware
♥ သင်္ကြန်မတိုင်ခင်တစ်ရက်၊ နှစ်ရက် အလိုလောက်မှာ ဆေးဆိုးလိုက်မယ်ဆိုရင် သင်္ကြန်ရေ စိုတဲ့အခါ ဆိုးဆေးအရောင်တွေ ကျွတ်လာနိုင်ပါတယ်။ အရောင် ဖျော့တဲ့အင်္ကျီတွေဝတ်ထားမယ်ဆိုရင် ဆိုးဆေးတွေ စွန်းထင်းနိုင်တာကို သတိပြုပါ။

 #ထူးဒါလီကိုကို (M. Sc. in Pharm) 

Post Author: Good Health Journal