ကိုယ်၀န်ဆောင်ကာလအတွင်း ဆောင်ရန်နှင့် ရှောင်ရန်များ (အပိုင်း-၃)

ကိုယ်၀န် ဒုတိယ သုံးလပတ်အတွင်း ပြုလုပ်သင့်သည်များ
ကိုယ်၀န် ဒုတိယ သုံးလပတ်ကို ရောက်လာတဲ့အခါမှာ ကိုယ်ဝန်အတွက် စစ်ဆေးမှု ပြုလုပ်တာ၊ ကိုယ်ဝန်ဆောင် ခွင့်ယူဖို့နဲ့ ကလေးအမေဖြစ်ဖို့အတွက် ကြိုတင်ပြင်ဆင်တာတွေ ပြုလုပ်ရပါတော့မယ်။

ကိုယ်၀န်ရက်ချိန်းမှန်မှန်ပြပါ။ ဆေးစစ်ပါ
မိမိပြနေကျ သားဖွားနဲ့ မီးယပ်ဆရာ ဝန်နဲ့ တစ်လတစ်ကြိမ် ပုံမှန်ပြရပါမယ်။ ကိုယ်၀န်ဆောင် နောက်ဆက်တွဲပြဿနာ ရှိနေရင်တော့ ပုံမှန်ထက် ရက်ချိန်းပိုစိပ် ပြီး ပြရနိုင်ပါလိမ့်မယ်။ သွေးစစ်တာ၊ ရော ဂါစစ်တာ၊ ၀မ်းဗိုက် အတိုင်းအတာယူ တာတွေ ပြုလုပ်ရပါမယ်။ သင်ရဲ့ သန္ဓေ သားကိုလည်း Ultrasound မှတစ်ဆင့် ကြည့်ရှုလို့ ရနိုင်ပါပြီ။

သန္ဓေသား ကြီးထွားဖွံ့ဖြိုးမှုကို လေ့လာပါ
သင်ရဲ့ကလေး တစ်နေ့နဲ့တစ်နေ့ ဒါမှမဟုတ် တစ်ပတ်နဲ့တစ်ပတ် ဘယ် လောက်ကြီးထွားဖွံ့ဖြိုးလာနိုင်သလဲ ဆို တာကို အင်တာနက်ကတစ်ဆင့် ရှာဖွေ လေ့လာမှတ်သားပါ။

ကိုယ်ဝန်ဆောင်အင်္ကျီ ဝယ်ပါ
ကိုယ်ဝန် သုံးလကျော်လာရင်တော့ ကိုယ်ဝန်ဆောင်အင်္ကျီကို ဝယ်ဝတ်ဖို့ သင့်ပါပြီ။ ဒီလိုမျိုးဝတ်ဆင်မှသာ သင့်အနေနဲ့ ချောင်ချောင်ချိချိရှိပြီး သက် သောင့်သက်သာ ဖြစ်မှာပါ။

ဝမ်းဗိုက်ကို အစိုဓာတ်ထိန်းအရည် Moisterizer လိမ်းပါ
ဝမ်းဗိုက်တစ်ပြင်လုံးကို လိုးရှင်းလိမ်း ပေးတာက ဗိုက်ကြောပြတ်ရာတွေ လျော့ နည်းနိုင်ရုံသာမက ယားယံတာပါ သက် သာနိုင်ပါတယ်။
ဓာတုပစ္စည်း မပါဝင်ဘဲ သန္ဓေသား ကို အန္တရာယ်ကင်းတဲ့ လိုးရှင်းဖြစ်ဖို့တော့ လိုအပ်ပါတယ်။

သားသားလေးလား၊ မီးမီးလေးလား
ဝမ်းဗိုက်ကို Ultrasound ရိုက် ကြည့်ရင်းနဲ့ မိမိကလေးက သားသား လေးလား၊ မီးမီးလေးလားဆိုတာကို သိရှိ နိုင်ပါတယ်။ ရင်ခုန်ချင်သူ တချို့ကျ တော့လည်း မိမိကို အဖြေမပြောခိုင်းသေး ဘဲ စာရွက်နဲ့ရေးသားခိုင်းပြီး စာအိတ်ထဲ ထည့်ပိတ်ထားကာ ထင်မြင်ချက်ပေးထား တဲ့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အတူတူ စာအိတ်ဖွင့်ဖောက်ပြီး သားသား၊ မီးမီး မှန်း သိကြတာလည်း ရှိကြပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်ပေါ်တဲ့ အိပ်မက် တွေကို ချရေးထားပါ
သင်က အိပ်ပျော်လိုက် နိုးလာလိုက် ဖြစ်နေတာမို့ သင့်အိပ်မက် အများစုကို မှတ်မိနေပါလိမ့်မယ်။ ရှူးပေါက်ချင်လို့၊ ကြွက်တက်လို့၊ ခါးနောက်ကျောနာလို့၊ ရင်ပူလို့နဲ့ ခြေထောက်အငြိမ်မနေလို့ ဆို တဲ့ အကြောင်းပြချက်တွေနဲ့ မကြာခဏ နိုးထလာနိုင်ပါတယ်။ သင့်အိပ်မက်တွေ ကို ရေးမှတ်ထားပြီး သင့်အမျိုးသားကို ပြောပြပါ။ အမှတ်ရတိုင်း ပျော်ရွှင်စရာ တွေ ဖြစ်နေမှာပါ။

ဆေးရုံရွေးချယ်ပါ
သင်လိုချင်တဲ့ Farcility ကို ရရှိ နိုင်မယ့် သင့်ကလေးကိုမွေးပေးမယ့် ဆေးရုံကို ရှာဖွေစုံစမ်းပြီး လေ့လာပါ။

သားကြီး၊ သမီးကြီးအတွက် ကြိုတင်ပြင်ဆင် ထားပါ
သင့်မှာ သားဦးကလေး ရှိနေရင် သူ့အတွက် အဖော်ကလေး ရောက်လာမယ်ဆိုတဲ့အကြောင်းပြောပြထားပါ။ ကိုယ် ဝန်သွားပြရင်လည်း သူ့ကိုခေါ်သွားပါ။ ကလေးမွေးပြီး ထားမယ့်အခန်းကိုလည်း ကြိုတင်ပြင်ဆင်ထားပြီး နောက်ကလေး နဲ့ ပတ်သက်လာရင် သူသိနေပြီး ရင်းနှီး နေကျ ဖြစ်အောင် ပြုလုပ်ထားပါ။

သင့်အိမ်မွေးတိရစ္ဆာန်အတွက်လည်း ကြိုတင် ပြင်ဆင်ပါ
သူတို့အတွက်လည်း ကလေးတစ်ယောက်အတွက် ကြိုတင်ပြင်ဆင်သလို မျိုး ပြုလုပ်ထားရပါမယ်။ သူတို့ကို ထိန်း ကျောင်းပေးမယ့်သူကို သေချာသင်ပြ ထားပါ။

ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ပါ
ကိုယ်ဝန်ဆောင်ကာလအတွင်း ခံတွင်းသန့်ရှင်းနေဖို့က မဖြစ်မနေ လို အပ်ပါတယ်။ သင့်ခံတွင်းကျန်းမာရေးက အလွန်ကောင်းမွန်နေပါက ကိုယ်ဝန် ဆောင်နေစဉ်နဲ့ ကလေးမွေးဖွားအပြီးမှာ သွားပိုးပေါက်နဲ့ သွားဖုံးရောဂါ ဖြစ်နိုင်ခြေ လျော့နည်းနိုင်ပါတယ်။

စောင်းအိပ်ပါ
ပက်လက်မအိပ်ပါနဲ့။ စောင်းပြီးအိပ် ပါ။ ဘယ်ဘက်ကို စောင်းအိပ်နိုင်ရင် အချင်းအတွင်း သွေးရောက်ရှိမှု ပိုမို ကောင်းမွန်ပြီး ရောင်ရမ်းမှု လျော့ကျနိုင် တဲ့အတွက် ပိုပြီးအဆင်ပြေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ခွင့် ကြိုတင်ပါ
ဘယ်နေ့ကစတင်ပြီး ကိုယ်ဝန် ဆောင်ခွင့်ကို စတင်ခံစားမလဲ ဆိုတာကို ဆုံးဖြတ်ပြီး မိမိရဲ့အလုပ်ဌာနမှာ ကြိုတင် ခွင့်တင်ပါ။

လက်စွပ်ချွတ်ထားပါ
ကိုယ်ဝန် လရင့်လာတာနဲ့အမျှ သင့် လက်ချောင်းလေးတွေ ဖောရောင်လာ တာက သိသာလာပါလိမ့်မယ်။ သင့်လက် ချောင်းမှာ ဝတ်ဆင်ထားတဲ့ လက်စွပ်က နည်းနည်းကျပ်လာပြီဆိုရင် လက်စွပ်ကို ချွတ်ထားလိုက်ပါ။ အရမ်းကျပ်သွားခဲ့ရင် လက်စွပ်ကို ဖြတ်ထုတ်ရနိုင်တာကြောင့် ပါ။ သင်ကအမြဲတမ်း ဝတ်ဆင်လေ့ရှိတဲ့ လက်စွပ် ဥပမာ Wedding Ring ဖြစ်နေရင် သင့်လက်စွပ်ကို ဆွဲကြိုးထဲထည့်ပြီး ဆွဲထားလိုက်ပါ။

ခရီးထွက်ဖို့ ကြံစည်ပါ
ကိုယ်ဝန်ဒုတိယ သုံးလပတ်ကာလမှာ ပျို့တာ အန်တာတွေ မရှိတော့တဲ့အတွက် သင့်အနေနဲ့ နေရထိုင်ရတာ ပေါ့ပါးနိုင်ပါတယ်။ တတိယ သုံးလပတ် ကာလ ရောက်ရင် မောပန်းပြီး မပေါ့မပါး ဖြစ်တော့မှာမို့ ခရီးသွားချင်ရင် ဒီကာလ မှာ ထွက်လို့ရပါတယ်။

Baby Shower လုပ်ပါ
မွေးလာမယ့် ကလေးကို ကြိုဆိုဖို့ သင့်မိဘ၊ ဆွေမျိုးတွေနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းမိတ်ဆွေတွေ စုပေါင်းပြီး ဧည့်ခံပွဲ ပြုလုပ်ပေးနိုင်ပါတယ်။ ဒီပွဲလေး မှာ ကလေးအတွက် လိုအပ်မယ့်ပစ္စည်း လေးတွေကိုလည်း လက်ဆောင်ပေးလေ့ ရှိပါတယ်။

အိမ်မှာ ကလေးငယ်နေဖို့အတွက် နေရာပြင် ဆင်ပါ
မွေးလာမယ့်ကလေးကို ထားမယ့် အခန်း၊ သူရဲ့ အဝတ်ဘီရို၊ သူအိပ်မယ့် ပုခက်၊ သူ အနှီးလဲမယ့်နေရာတွေကို အန္တရာယ်ကင်းအောင် ပြင်ဆင်ထားပါ။ သူ့အတွက် အနှီး၊ သေးခံဘောင်းဘီ အပါအဝင် အသုံးအဆောင်ပစ္စည်းတွေ ကို ကြိုတင်စုဆောင်းထားပါ။

အမျိုးသားနဲ့ ချစ်ချစ်ခင်ခင်နေပါ
သင်ရဲ့ မွေးလာမယ့်ကလေးအတွက် ပြင်ဆင်ရသလို သင့်အမျိုးသားအတွက်လည်း အချိန်ပေးပြီ သူနဲ့အတူ တူ ပွဲတက်တာ၊ ရုပ်ရှင်ကြည့်တာ၊ စား သောက်ဆိုင်ထိုင်တာမျိုးတွေကို ပြု လုပ်ပါ။

ကျန်းမာရေးနဲ့ ညီညွတ်မျှတမှုရှိတဲ့ အစာစားပါ
ကိုယ်ဝန် ဒုတိယ သုံးလပတ်ကာလ မှာ သင့်အနေနဲ့ တစ်နေ့ကို ကယ်လိုရီ အပို ၃၄၀ လောက် ပိုပြီးစားသုံးရပါမယ်။ သင့်အတွက် အာဟာရဖြစ်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များစွာပါဝင်တဲ့ သန့်ရှင်း ပြီး ကျန်းမာရေးနဲ့ ညီညွတ်မျှတမှုရှိတဲ့ အစားအစာတွေကို စားသောက်ပေးရပါ မယ်။

ဆက်လက်ဖော်ပြပါမည်။

ဒေါက်တာခင်မိုးမိုး 

Post Author: Good Health Journal