နားပေါက်တစ်ပေါက်ထက် ပိုပြီး ဖောက်သင့်ရဲ့လား

Q. တချို့လူငယ်လေးတွေရဲ့ နားမှာ နား ပေါက်တွေ အများကြီးဖောက်ပြီး နားကပ် တွေ၊ နားကွင်းတွေ ပန်တတ်ပါတယ်။ အဲဒါကို ကျန်းမာရေးရှုထောင့်ကနေ ဆရာ့အမြင်ကို ပြောပြပေးပါ။
တချို့လည်း နားကွင်းတွေ အများ ကြီး ဝတ်ချင်တာကြောင့် နားသန်သီးမှာ နားပေါက်ဖောက်တာအပြင် နားရွက်ရဲ့ အပေါ်ဘက်ကိုတက်ပြီးလည်း နားပေါက် ဖောက်တတ်ကြပါတယ်။ နားရွက်အပေါ် ဘက်ကို တက်ပြီး နားပေါက်ဖောက်တာ ကိုတော့ ဆရာတို့က အားမပေးပါဘူး။ ဒါပေမဲ့ ခေတ်ရေစီးကြောင်းဆိုတာ တား လို့တော့ မရပါဘူး။ အဲဒါကြောင့် အန္တ ရာယ်ကင်းအောင် ဘယ်လိုနားပေါက် ဖောက်သင့်သလဲဆိုတာ အကြံပေးချင်ပါ တယ်။
တချို့လူငယ်လေးတွေလည်း နား ပေါက်တွေ အများကြီးဖောက်တတ်ကြပါ တယ်။ အဲဒီလို နားပေါက်တွေ တစ်ခု ထက်ပိုပြီး ဖောက်ကြတဲ့အခါ နားရွက်ရဲ့ အပေါ်မှာက အရေပြားနဲ့ အရိုးနုပဲရှိတာ ကြောင့် အရိုးနုကို ဖောက်မိတတ်ကြပါ တယ်။ ဘာလို့လဲဆိုတော့ နားရွက်ရဲ့အ ပေါ်ပိုင်းမှာ အရိုးနုနဲ့လွတ်နေတဲ့ အရေ ပြားက နည်းနည်းလေးပဲ ရှိတာကြောင့်ပါ။ နားပေါက်ဖောက်တဲ့အခါ အရိုးနုကို ဖောက်မိသွားလို့ ပိုးဝင်သွားတယ်ဆိုရင် အရိုးနုရောင်တာ (Perichondritis) လာတတ်ပါတယ်။
အရိုးနုရောင်တာကတစ်ဆင့် နား ရွက်ရဲ့မူလပုံစံ ပျက်စီးသွားတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နားရွက်ရဲ့ပုံစံ ကားကားထောင်ထောင်လေး ဖြစ်ပေါ်နေ တာက နားရွက်မှာရှိနေတဲ့ အရိုးနုကြောင့် ပါ။ နားရွက်ရဲ့ အရိုးနုသာ ပျက်စီးသွား တယ်ဆိုရင် အရေပြားသာ ကျန်ခဲ့တာ ကြောင့် နားရွက်က ပုံမှန်ပုံစံဖြစ်တဲ့ ထောင်ထောင်မတ်မတ် မပေါ်တော့ဘဲ ပျော့သွားတာ၊ ကုပ်သွားတာမျိုး ဖြစ်သွား တယ်။ ဆိုလိုတာက ရုပ်အင်္ဂါပျက်စီးသွား ပါတယ်။ လှချင်လို့ နားပေါက်ဖောက်တာ ရဲ့နောက်ဆုံးရလဒ်က နားရွက်ပုံစံ ပျက် စီးသွားနိုင်လို့ သတိပြုသင့်ပါတယ်။ အဲဒီ လိုဖြစ်သွားခဲ့မယ်ဆိုရင် တစ်သက်လုံး နားကို ဖုံးပြီး နေရတာမျိုးတွေ ဖြစ်တတ်ပါ တယ်။ တခြားဘက်နားရွက်နဲ့တူအောင် ဆိုရင်လည်း ခက်ခက်ခဲခဲ ခွဲစိတ်ပြုပြင်မှ ရပါတယ်။

Q. နားပေါက်အများကြီးဖောက်တာနဲ့ ပတ်သက်ပြီး ဘာတွေသတိထား ဆင်ခြင် ဖို့ လိုအပ်ပါသလဲ ဆရာ။
နားဆရာဝန်တစ်ယောက်အနေနဲ့ အကြံပေးချင်တာကတော့ နားပေါက် ဖောက်မယ်ဆိုရင် ဖောက်နေကျနေရာ ဖြစ်တဲ့ နားသန်သီးမှာပဲ ဖောက်ပါလို့ အကြံပြုပြောချင်ပါတယ်။ တကယ်လို့ နားရွက်ရဲ့အပေါ်ဘက်မှာ နားပေါက် ဖောက်ချင်တယ်ဆိုရင်တော့ သေချာ တတ်သိနားလည်တဲ့ဆရာဝန်နဲ့သာ နား ပေါက်ဖောက်ရမှာ ဖြစ်ပါတယ်။ သန့်ရှင်း တဲ့နေရာမှာ တစ်ခါသုံးအပ်နဲ့ နားပေါက် ဖောက်စေချင်ပါတယ်။ ဒါတွေကို မသိဘဲ နားအပေါ်ဘက်မှာ နားပေါက်ဖောက်မိပြီး နားက နာလာတယ်၊ ကိုက်လာတယ်ဆို ရင်တော့ ဆရာဝန်နဲ့ ပြဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆေးကုသဖို့ နောက်ကျသွားလို့ အရိုးနုတစ်ခုလုံး စား သွားခဲ့ရင် နားရွက်ပုံစံပါ ပျက်စီးသွား တတ်ပါတယ်။ ပျက်စီးတာ မြန်ပါတယ်။
ဒီလို လူနာတွေကို ဆရာတို့ မကြာခဏ တွေ့နေရပါတယ်။ အကောင်းဆုံး အကြံ ပေးချင်တာက နားအပေါ်တက်ပြီး နား ပေါက်မဖောက်ပါနဲ့၊ ဖောက်ခဲ့ရင်လည်း သန့်ရှင်းတဲ့ တစ်ခါသုံးအပ်နဲ့ပဲ နားပေါက် ဖောက်ပါ၊ နားပေါက်ဖောက်ပြီးလို့ တစ်စုံ တစ်ခုဖြစ်ခဲ့ရင်လည်း ဆရာဝန်နဲ့ အမြန် ဆုံးပြသပါ။

Q. တချို့တွေရဲ့ နားပေါက်တွေက အ ကျယ်ကြီး ဖြစ်နေတာမျိုးတွေလည်း တွေ့ဖူးပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး လည်း ရှင်းပြပေးပါဦး ဆရာ။
နားပေါက်ကျယ်တာက တချို့လည်း မတော်တဆတိုက်မိပြီး ဖောက်ထားတဲ့အ နားပေါက်က ကျယ်သွားတာမျိုးရှိပါ တယ်။ တချို့လည်း နားပေါက်ကျယ် ကျယ် ဖောက်ပြီးမှ နားကပ်ဝတ်တာကို သဘောကျတဲ့ တိုင်းရင်းသားတွေကို လည်း ဓာတ်ပုံတွေထဲမှာ မြင်ဖူးပါတယ်။ တချို့တွေလည်း နားပေါက်ကျယ်အောင် ကွင်းတွေ ထည့်ကြပါတယ်။ မြန်မာတွေ အများစုကတော့ ရွှေနားကပ်၊ စိန်နား ကပ်၊ ပုလဲနားကပ်တွေ ပန်ကြတော့ ဈေး ကြီးတာတွေ ကျပျောက်မှာ စိုးရိမ်တတ် ကြတယ်။ အဲဒါကြောင့် နားပေါက်ကျယ် သွားတဲ့ လူတွေက နားပေါက်ကျဉ်းအောင် ချုပ်ပြီး ပြန်လည်ပြုပြင်ကြပါတယ်။ အဲဒီ လိုပြင်ပြီးရင် ချက်ချင်း နားကပ်ပြန်ပန် ချင်ကြပါတယ်။ ဆရာ့အနေနဲ့ ပြောချင် တာကတော့ နားကပ်ပြန်ပန်ဖို့ကို မလော စေချင်ပါဘူး။ အနာကျက်တဲ့အထိ အ ချိန်နည်းနည်းလောက်တော့ စောင့်ရပါ မယ်။ အနာမကျက်သေးဘဲ နားကပ်ပြန် ပန်လိုက်ရင် နားကပ်ရဲ့အလေးချိန်နဲ့ နား ပေါက်ပြန်ကျယ်သွားတတ်ပါတယ်။

Q. နားပေါက်ကို ကျဉ်းအောင် ပြန် ချုပ်ပြီး နားကပ်ပြန်ပန်ဖို့ အချိန်ဘယ် လောက်စောင့် ရပါသလဲ ဆရာ။
နားပေါက်ကျယ်တာကို ခွဲပြီးပြန်ပိတ် ပေးလိုက်ရင် နားကပ်ပန်တဲ့အပေါက်က ပိတ်သွားပါတယ်။ သုံးလနေပြီးမှ နား ပေါက်ပြန်ဖောက်ပေးပါတယ်။ သုံးလ ထက်စောပြီး နားဖောက်ပြန်ဖောက်လိုက် ရင် နားပေါက်ပြန်ကျယ်နိုင်တာကြောင့် သိပ်မလောစေချင်ပါဘူး။
Q. နားပေါက်ကျယ်နေတာကို ခွဲစိတ်ပြု ပြင်လိုက်မယ်ရင် နဂိုအတိုင်း ပြန်ဖြစ် သွားနိုင်ပါသလား။
အဲဒါက ဆရာဝန်ရဲ့ ကျွမ်းကျင်မှု အပေါ်မှာ မူတည်ပါတယ်။ အမာရွတ် သေးသေးလေးတော့ ထင်ကျန်တတ်ပါ တယ်။ ဆရာဝန်က အသားပိုတက်တတ် တဲ့ ရာဇဝင်ရှိလား၊ မရှိလားဆိုတာ မေးရ ပါတယ်။ အသားပိုတက်ပြီး အသီးထ တတ်ရင်တော့ အဲဒီလူကို မခွဲစိတ်ပေး သင့်ပါဘူး။ တချို့လည်း မသိလို့ ခွဲစိတ်မိ တာကြောင့် နားရွက်မှာ အသားပိုတက်၊ အသီးထလာလို့ ရုပ်ဆိုးသွားတာကြောင့် တစ်ပူပေါ် နှစ်ပူဆင့်ဆိုတာမျိုး ဖြစ်လာ တတ်ပါတယ်။

Q. အသားပိုတက်ပြီး အသီးထတတ် သူတွေအနေနဲ့ ဘာတွေလုပ်ဆောင်ဖို့ လုပ်ပါသလဲ ဆရာ။
အသီးထတတ်တဲ့သူတွေက ဖြတ် ထုတ်လိုက်လည်း ပြန်ဖြစ်တတ်တဲ့ သဘာဝရှိပါတယ်။ အဲဒီအသီးကို ကျုံ့သွား အောင် ဆေးထိုးလို့ရပါတယ်။ ခြောက်ခါ၊ ခုနစ်ခါလောက် ထိုးရပါတယ်။ ဆေးထိုး ပြီးလို့ နည်းနည်းကျုံ့သွားပြီ၊ သေးသွားပြီ ဆိုတော့မှ လှီးထုတ်ရပါတယ်။ လှီးထုတ် ပြီးရင်လည်း ပြန်မဖြစ်အောင်၊ အသား ထပ်မတက်အောင် ဆေးထိုးရပါတယ်။ လူနာအများစုက ဒီသဘောတရားကို နားမလည်ကြပါဘူး။ ဆရာတို့ ဆီလာရင် ဒီအသီးကို လှီးထုတ်ပေးပါလို့ ပြောကြ တယ်။ ဆရာတို့က ရှင်းပြလိုက်ရင် နောက် ဆရာဝန်တစ်ယောက်ကို ပြောင်းပြကြ တာမျိုးလည်း ရှိပါတယ်။ တချို့က လူနာ အလိုလိုက်ပြီး အသီးကို လှီးထုတ်ပေးလိုက် လို့ ပြန်ဖြစ်တာမျိုးလည်း တွေ့ဖူးပါတယ်။ ဆေးမထိုးဘဲ လှီးထုတ်ရင် ဒီထက်ပိုဆိုး တတ်ပါတယ်။ နောက်ထပ်ထွက်တဲ့ အသီးက ပိုကြီးနေတတ်ပါတယ်။ လူနာ တွေကို ပြောချင်တာက ကိုယ်က အသီး ထွက်တတ်သူဖြစ်တယ်ဆိုရင် သိပ်စိတ်မ လောပါနဲ့။ စိတ်လည်း မညစ်ပါနဲ့လို့ မှာ ချင်ပါတယ်။ အသီးထွက်ရင်လည်း သေး တုန်းမှာ ဆရာဝန်နဲ့ပြပါ။ အလုံးကြီးသွားမှ ပြတယ်ဆိုရင် ကုသရတာ နည်းနည်းခက် ပါတယ်။

Q. နားဖောက်ပေါက်မယ်ဆိုရင် ဘာ တွေကို အဓိကထားပြီး သတိပြုဆင်ခြင် သင့်ပါသလဲ ဆရာ။
အရေးကြီးတဲ့အချက်က နားဖောက် မယ်ဆိုရင် ဘယ်နေရာမှာပဲဖောက်ဖောက် သန့်ရှင်းတဲ့ တစ်ခါသုံးပစ္စည်းကိရိယာ တွေကိုသာသုံးပါ၊ နားဖောက်နေကျ နေရာ နားသန်သီးနေရာမှာပဲ နားပေါက်ဖောက် ပါ။ နားသန်သီးနေရာမှာ နားပေါက် ဖောက်တာက ပြဿနာ မရှိဘူးဆိုပေမယ့် နားပေါက်ဖောက်တဲ့ ပစ္စည်းကိရိယာတွေ က သန့်ရှင်းဖို့တော့ လိုပါတယ်။ နား ပေါက်ဖောက်တာ မသန့်ရှင်းတာကြောင့် ပိုးဝင်ပြီး နားရောင်လို့ ဆေးခန်းလာပြရတဲ့ လူနာတွေလည်း ဆရာတို့ဆီကို မကြာခ ဏရောက်လာတတ်ပါတယ်။

ဒေါက်တာဝင်းထိုက်ကြည်
နား၊ နှာခေါင်း ၊ လည်ချောင်း အထူးကုဆရာဝန်ကြီး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *