စိတ်ဖိစီးမှုများနေသူတွေအတွက် DIY လုပ်နည်းတွေဟာ စိတ်အာရုံပြန့်လွင့်မှုကို ထိန်းချုပ်ပေးနိုင်တဲ့ အကောင်းဆုံးသော နည်းလမ်းပါ။ မိမိလိုချင်တဲ့ပုံစံလေးတစ်ခုရဖို့ တစ်နေရာတည်းမှာပဲ အာရုံစိုက်ပြီး လုပ်ရတဲ့အတွက် တခြားစိတ်ဖိစီးစရာတွေကို မတွေးမိတော့တဲ့အပြင် ဘာကြောင့် စိတ်ညစ်ရသလဲဆိုတာကိုပါ ခဏတာ မတွေးမိတော့တဲ့အထိ မေ့ပျောက်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ စိတ်အပန်းလည်းပြေစေ၊ အာရုံလည်း လန်းဆန်းစေမယ့် အလှဆင်ဖန်ပန်းအိုးပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သောပစ္စည်းများ
♦ ဖန်ပုလင်း ► လေးပုလင်း
♦ သံပတ်ကွင်း ► လေးခု
♦ သစ်ပြား ► နှစ်ပေ (မိမိအလိုရှိရာ)
♦ သုတ်ဆေး(သစ်သားအတွက်) ► မိမိနှစ်သက်ရာအရောင်
♦ ပုံချိတ်ကလစ် ► လေးခု
♦ Drill ဖောက်စက်
♦ ၀က်အူ
ပြုလုပ်နည်း
ပထမအဆင့်
ပျဉ်ပြားကို နံရံမှာ ကပ်ပြီး ပုံချိတ်ကလစ်ကို ကပ်ကာ ရိုက်ပါ။
ဒုတိယအဆင့်
ပျဉ်ပြားကို မိမိနှစ်သက်ရာဆေးသုတ်ပါ။
တတိယအဆင့်
ပျဉ်ပြားမှာ သံပတ်ကွင်းချိတ်ဖို့ အတွက် Drill နဲ့ ဖောက်ပါ။ လေးပုလင်းစာအတွက် အကွာအဝေးတညီတည်း တိုင်းတာပြီး ဖောက်ပါ။
စတုတ္ထအဆင့်
သံပတ်ကွင်းကို Drill ဖောက်ထားတဲ့နေရာတည့်တည့်မှာ ၀က်အူရစ်နဲ့ ခိုင်အောင် ရစ်ပါ။
ပဉ္စမအဆင့်
သံပတ်ကွင်းအ၀ိုင်းထဲကို ပုလင်းသွင်းပြီး လည်ပင်းရစ်နေရာလောက်နေ တပ်ဆင်ပါ။
ဆဋ္ဌမအဆင့်
ပုလင်းလေးတွေ ချိတ်ပြီးပြီဆိုရင် အဲဒီပုလင်းလေးတွေထဲ ရေအနည်းငယ်၊ ကျောက်စရစ်အနည်းငယ်ထည့်ကာ နှစ်သက်ရာ ပန်းစိုက်ပြီး အလှဆင်ပါ။
ပန်းတွေနဲ့အလှဆင်ထားတဲ့ ဖန်ပန်းအိုးတွေကို သင့်အိပ်ခန်းနံရံ ဒါမှမဟုတ် စာကြည့်စားပွဲနားက နံရံ ဒါမှမဟုတ် ကွန်ပျူတာ အလုပ်စားပွဲရှေ့က နံရံမှာထားပါက မျက်စိပသာဒဖြစ်တဲ့အပြင် ပန်းရနံ့ကြောင့်လည်း ပင်ပန်းစိတ်ရှုပ်နေသမျှတွေကို ပြေပျောက်စေ နိုင်ပါလိမ့်မယ်။
♥ ဆူးမြာ ♥