နားအတွင်းထဲကို ဘယ်လိုအရာတွေ မထည့်သင့်ဘူးလဲ

နားအတွင်းပိုင်းကို ဝါဂွမ်းတုတ်တံနဲ့ သန့်ရှင်းတဲ့အကျင့်ရှိပါသလား။ ရှိတယ်ဆိုရင် သင့်နားအနည်းနဲ့အများထိခိုက်မှုတွေရှိနေနိုင်တယ်လို့ ဟာသန်ဆေးတက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်တဲ့ နား၊ နှာခေါင်း၊ လည်ချောင်းခွဲစိတ်အထူးကုဆရာဝန်ရဲ့ လေ့လာချက်တွေအရ သိရပါတယ်။
နားကျပ်ဂွမ်းတံများ
လေ့လာမှုတွေအရ နားကျပ်ဂွမ်းတုတ်တံနဲ့နားတွင်းဂွမ်းတွေထည့်ကာ သုံးတာကြောင့် နားတွင်းထိခိုက်မှုဖြစ်နိုင်ပြီး ရောဂါပိုးဝင်ရောက်ပေါက်ပွားခြေအ များဆုံးဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဆံပင်ညှပ်ကလစ်
ဘေးထိုးကလစ်လေးတွေကို နားကလော်ဖို့အတွက် အသုံးပြုတာက နားအတွင်းပိုင်းနံရံတွေကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တယ်ပြီး နားစည်ကိုလည်း ထိခိုက်စေနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။
ဆရာဝန်မညွှန်ကြားသော နားတွင်းထည့်ဆေးများ
နားအတွင်းပိုင်းကို ဆရာဝန်ညွှန်ကြားချက်မရှိတဲ့ အစက်ချဆေးတွေဘယ်တော့မှမထည့်ပါနဲ့။
ပတီးစေ့နှင့် နာရီဓာတ်ခဲများ
ကလေးငယ်တွေမှာ နားအတွင်းပိုင်း ပြင်ပပစ္စည်းဝင်ရောက်တာကြောင့် ခွဲစိတ်မှုအများဆုံးဖြစ်တတ်တယ်လို့သိရပါတယ်။ နားအတွင်းပိုင်းကို နာရီဓာတ်ခဲလိုပစ္စည်းလေးတွေထည့်လိုက်တာကြောင့် ယင်းမှာ ဓာတုပစ္စည်းတွေပါဝင်တဲ့အတွက် နားအတွင်းပိုင်းထိခိုက်မှုတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဆံပင်ဖျန်းဆေးများ
ဆံပင်ဖျန်းဆေးတွေသုံးချိန်မှာ နားအတွင်းကိုမဝင်ဖို့ အထူးသတိထားပါလို့ အကြံပြုထားပါတယ်။ ဆံပင်ဖျန်းဆေးမှာ ဓာတုပစ္စည်းပါဝင်ပြီး ရောဂါပိုးပေါက်ပွားစေနိုင်ပါတယ်။
ဆီနှင့်ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်
ဆီကိုအပူပေးပြီးဖြစ်စေ၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ကိုဖြစ်စေ နားတွင်းမထည့်ပါနဲ့။ နားအကြားအာရုံဆုံးရှုံးမှုပါဖြစ်နိုင်ပါတယ်။
ခဲတံနှင့်သွားကြားထိုးတံ
နားတွင်းလုံးဝမထည့်သင့်ပါဘူး။ နားစည်ပေါက်နိုင်ပြီး ခဲတံမှာပါဝင်တဲ့ခဲက နားတွင်းအရေပြားကိုပါထိခိုက်စေကာ ရောဂါပိုးဝင်ရောက်နိုင်ပါတယ်။
လက်သည်းရှည်
လက်ချောင်းထိပ်တွေ၊ လက်သည်းရှည်တွေနဲ့ နားအတွင်းကို အတင်းထိုးကုတ်တာမျိုးမလုပ်ပါနဲ့။ နားတွင်းပြွန်ထိခိုက်နိုင်ပြီး ရောဂါပိုးဝင်ကာ နာကျင်တာမျိုးဖြစ်စေနိုင်ပါတယ်။

နန်းသီရိ (ဆေးဝါး)

Post Author: Good Health Journal