သင်ကိုယ်တိုင်တောင် မသိလိုက်ဘဲ မျက်လုံးထိခိုက်စေတဲ့ အချက်တွေ

သင့်ဘဝနေထိုင်မှုတွေထဲမှာ မျက်လုံးကို ထိခိုက်စေနိုင်တဲ့ အပြုအမူအမှားတွေ ရှိနေတတ်ပါတယ်။ ဘယ်လိုအချက်တွေလဲဆိုတာ သိထားမယ်ဆိုရင် ကြိုတင်ရှောင်ရှားပြီး သင့်မျက်လုံးကို မထိခိုက်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

နေကာမျက်မှန်ကို သတိထားပါ
မျက်မှန်အမည်းတွေက နေရောင်ခြည်ကို ပိုပြီးစုပ်ယူနိုင်တာကြောင့် နေရောင်ခြည်ကို ကာကွယ်နိုင်တဲ့ အရေအသွေးကောင်းမွန်တဲ့ နေကာမျက်မှန်မျိုးမဟုတ်ရင် နေပူထဲမှာ အချိန်ကြာကြာ တပ်မထားသင့်ပါဘူး။ နေရောင်ခြည်ထဲက ခရမ်းလွန်ရောင်ခြည်ကို ရာခိုင်နှုန်းဘယ်လောက်အထိ ကာကွယ်ပေးနိုင်သလဲဆိုတဲ့ ပမာဏကသာ အရေးကြီးတာပါ။ နေရောင်ခြည်ဒဏ်ကို ၁၀၀ ရာခိုင်နှုန်း ကာကွယ်ပေးတယ်လို့ စာသားပါတဲ့ နေကာမျက်မှန်အမျိုးအစားကို အသုံးပြုရမှာပါ။ နေရောင်ခြည်ကို အမှန်တကယ် ကာကွယ်ပေးတဲ့မျက်မှန်က တပ်လိုက်ချိန်မှာ သင့်မျက်ဝန်းကို အေးမြနေစေပြီး ရောင်ပြန်တာကိုလည်း လျှော့ချပေးတာကြောင့် နေရောင်ခြည်အောက်မှာ သင့် မျက်လုံးကို သက်သောင့်သက်သာ ဖြစ်စေပါလိမ့်မယ်။ နေကာမျက်မှန်တပ်မယ် ဆိုရင် နေရောင်ခြည်ထဲက ခရမ်းလွန်ရောင်ခြည်တွေဖြစ်တဲ့ UVA နဲ့ UVB ကို ကာကွယ်ပေးနိုင်တဲ့မျက်မှန်မျိုးကို အသုံးပြုပေးပါ။ နေရောင်ခြည်ဒဏ် မကာကွယ်တဲ့ မျက်မှန်အမည်းတွေက နေရောင်ခြည်ကို စုပ်ယူနေသလိုဖြစ်စေပြီး သင့်မျက်ဝန်းကိုထိခိုက်စေကာ ခေါင်းတစ်ခြမ်းကိုက်တာမျိုးတွေလည်း ဖြစ် တတ်ပါတယ်။
ရေကူးချိန် ရေကာမျက်မှန်တပ်ပါ
နေပူတာနဲ့တော့ မဆိုင်ပါဘူး။ ဒါပေမဲ့ ရေကူးမယ့်အချိန်မှာ ရေထဲက ကလိုရင်းတွေနဲ့ သင့်မျက်လုံး ထိတွေ့မှုများရင် မျက်စိရဲ့မျက်ကြည်လွှာကို ထိခိုက်နိုင်တာကြောင့် ရေကာမျက်မှန်ကို မဖြစ်မနေ တပ်ဆင်ပြီးမှ ရေကူးဖို့လိုပါတယ်။
မျက်လုံးကို ပွတ်သပ်ကိုင်တွယ်ခြင်း
အပြင်သွားချိန်နဲ့ နေပူထဲထွက်နေချိန်မှာ မျက်လုံးယားယံတယ်ဆိုပြီး လက်နဲ့ပွတ်သပ်တာမျိုးမလုပ်ပါနဲ့။ သင့်လက်နဲ့ သင်ရဲ့ပတ်ဝန်းကျင်မှာ ရောဂါပိုးမွှားတွေ ရှိနေတတ်ပါတယ်။ သင့်ချွေးမှာလည်း ပြင်ပက ဖုန်မှုန့်တွေနဲ့ရောပြီး ရောဂါပိုး တွေရှိနေစေပါတယ်။ မျက်လုံးကို လက် နဲ့ ပွတ်သပ်လိုက်တာကြောင့် တခြားရောဂါပိုးတွေဝင်ပြီး ဓာတ်မတည့်သလို ပြဿ နာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
မလိုအပ်ဘဲ မျက်လုံးသန့်စင်ခြင်း
ရေသန့်လား၊ မသန့်လား မသေချာဘဲ သင့်မျက်လုံးကို ရေထဲမှာ ဖွင့်လိုက်၊ ပိတ်လိုက်ပြုလုပ်ပြီး မျက်လုံးဆေးတာ မျိုးကို ရှောင်ကြဉ်ပါ။ မျက်ကြည်လွှာ ထိခိုက်စေနိုင်ပါတယ်။ မျက်ဝန်းထဲကို အမှုန်ဝင်သွားလို့ဖြစ်စေ၊ အမှိုက်ဝင်သွားလို့ဖြစ်စေ အရေးပေါ်ပြုလုပ်မယ်ဆိုရင် တောင် အမှန်တကယ် သန့်စင်တဲ့ရေ ဖြစ်နေဖို့လိုပါတယ်။ လိုအပ်ရင်မျက်စိ အထူးကုဆရာဝန်ရဲ့အကြံဉာဏ်ကို ရယူပါ။ မျက်လုံးညောင်းညာနေတဲ့အခါ ရေခဲသေတ္တာထဲထည့်ထားတဲ့ ဇွန်းနဲ့ မျက်ဝန်းအောက်ကို ကပ်ပေးမယ်ဆိုရင် ရောင်ရမ်းမှုတွေကို သက်သာပြီး ညောင်းညာပြေစေပါတယ်။
လက်ဆေးပါ
လက်က တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေထက် ပြင်ပအရာဝတ္ထုတွေနဲ့ ကိုင်တွယ်ထိတွေ့ရတာတွေများတာကြောင့် ချွေးနဲ့ ဖုန်မှုန့်တွေရောထွေးပြီး သင့်လက်မှာ ကပ်တွယ်နေတတ်ပါတယ်။ ပြင်ပက ရောဂါပိုးမွှားတွေလည်း အလွယ်တကူကပ်တွယ်နေနိုင်ပါတယ်။ လက်ကို မကြာခဏဆိုသလို ဆေးကြောသန့်စင်ပေးဖို့လိုပါတယ်။ မျက်ဝန်းကို အထိအများဆုံးက သင့်လက်တွေပဲဖြစ်ပါတယ်။ ဒါကြောင့် သင့်လက်တွေ သန့်ရှင်းနေဖို့လိုပါတယ်။
မျက်ဝန်းထိခိုက်စေတဲ့ တခြားပစ္စည်းတွေ
ရေမွှေး၊ ထုံးမှုန့်၊ အလှပြင်ပစ္စည်း တချို့၊ မီးခိုးနှင့်ဆေးလိပ်ငွေ့၊ ပန်းဝတ် မှုန်နဲ့မှိုတွေကို သတိထားကိုင်တွယ် ဖို့လိုပါတယ်။ မျက်ဝန်းထဲဝင်ချိန်မှာ ယားယံတာမျိုး၊ ပူစပ်ပူလောင်တာမျိုး၊ နာကျင်ပြီးနီမြန်းတာမျိုးနဲ့ တခြားဓာတ်မတည့်မှုမျိုးစုံဖြစ်စေနိုင်ပါတယ်။
မျက်နှာသုတ်ပဝါ သန့်ရှင်းပါစေ
အထူးသဖြင့် မျက်နှာသုတ်တဲ့ တဘက်စောင်တွေဟာ ရေသုတ်ပြီးချိန်မှာ စိုစွတ်နေပြီး နေပူတဲ့အချိန်ဆိုရင် ပူနွေးစိုစွတ်နေသလို ဖြစ်နေတတ်ပါတယ်။ ဒီလို ပူနွေးစိုစွတ်တဲ့အချိန်ဟာ ဗက်တီးရီးယား ပိုးပေါက်ပွားလို့ အကောင်းဆုံးဖြစ်တာကြောင့် သတိထားဖို့လိုပါတယ်။ မျက်နှာသုတ်ပဝါတွေကို နေပူပူထဲမှာ ထုတ်လှန်းပြီး သုံးရက်တစ်ကြိမ် လျှော်ဖွပ်သန့်စင်ပေးဖို့လိုပါတယ်။
လေသန့်တဲ့ ပတ်ဝန်းကျင်ကိုရှာပါ
လေအေးပေးစက် အမြဲတမ်းဖွင့်ထားတဲ့ အခန်းတွင်းမှာ ကြာရှည်နေထိုင်မယ်ဆိုရင်လည်း မျက်ဝန်းခြောက်သွေ့ တဲ့ပြဿနာကိုဖြစ်စေပါတယ်။ လေအေး ပေးစက်က အခန်းတွင်းက ရေဓာတ်အားလုံးကို ဖယ်ရှားလိုက်တာကြောင့်ပါ။ မျက်ဝန်းခြောက်သွေ့တာ အချိန်ကြာလာရင် မျက်ဝန်းတစ်ဝိုက်နီမြန်းပြီး ပူစပ်ပူလောင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လေကောင်းလေသန့်ရနိုင်တဲ့ ပတ်ဝန်းကျင်လိုပါတယ်။ သင်က အအေးခန်းထဲမှာ အလုပ်လုပ်နေရသူဆိုရင်တောင် တစ်နေ့ မှာ နာရီအနည်းငယ်တော့ လေကောင်းလေသန့်ရတဲ့ပတ်ဝန်းကျင်မှာ နေသင့်ပါတယ်။
မျက်လုံး ဖွင့်လိုက်၊ ပိတ်လိုက်ပြုလုပ်ပါ
မျက်ဝန်းတစ်ဝိုက်မှာ အရည်တွေနဲ့ ပြည့်နေတာပါ။ မျက်လုံးကို ဖွင့်လိုက်၊ ပိတ်လိုက် ပြုလုပ်တာက သင့်မျက်ဝန်းကို ဆေးကြောနေသလိုပဲ အာနိသင်ရှိစေပါတယ်။ ခြောက်သွေ့တဲ့လေတွေက သင့်မျက်လုံးထဲမှာ ဓာတ်မတည့်သလို ယားယံတဲ့ပြဿနာတွေဖြစ်စေနိုင်ပါတယ်။ မျက် ဝန်းတစ်ဝိုက်မှာဖြစ်စေ၊ မျက်လုံးထဲမှာဖြစ်စေ ယားယံသလို၊ ခြောက်သွေ့နေသလို ခံစားနေရတယ်ဆိုရင် မျက်လုံးကို ဖွင့်လိုက်၊ ပိတ်လိုက် အချိန်မကြာခဏ ဆိုသလို ပြုလုပ်ပေးတာကြောင့် သက်သာစေနိုင်ပါတယ်။ မကြာခဏ မျက်လုံး ကိုဖွင့်လိုက်၊ ပိတ်လိုက် မျက်တောင်ခတ်ပေးတာကြောင့် သင့်မျက်လုံးတွင်း ရေဓာတ်ပိုမို ရရှိစေနိုင်ပါတယ်။
အနားပြားကြီးကြီးပါသော ဦးထုပ် ဆောင်းပါ
အနားပြားကြီးကြီးပါတဲ့ ဦးထုပ်တွေက နေရောင်ခြည်ဒဏ်ကို အနည်းနဲ့အများ ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် သင့်မျက်ဝန်းတစ်ဝိုက်ကို ကာ ကွယ်ပေးနိုင်ပါတယ်။ နေပူချိန်ပြင်းပြင်းဖြစ်နေချိန်မှာ အနားပြားကြီးကြီးပါတဲ့ဦး ထုတ်က သင့်မျက်လုံးပေါ်ကို နေရောင်ခြည်တိုက်ရိုက်မကျရောက်အောင် ကာကွယ်ပေးနိုင်မယ့် အကာအကွယ် တစ်ခုပါပဲ။
ရေသောက်ပါ
အထူးသဖြင့် နေပူထဲမှာ အချိန်ကြာကြာနေသူတွေဟာ ခန္ဓာကိုယ်က ရေဓာတ်ပိုမိုဆုံးရှုံးတတ်ကြပါတယ်။ ချွေးထွက်များပြီး ရေဓာတ်ဆုံးရှုံးတာဖြစ်စေ၊ ဘယ်လိုအကြောင်းကြောင့်ပဲ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးပါစေ သင့်ကျန်းမာရေး ကိုထိခိုက်စေနိုင်ပါတယ်။ ခန္ဓာကိုယ်က ရေဓာတ်လိုအပ်နေမယ်ဆိုရင်မျက်ဝန်း ကြည်လင်မှုကိုလည်း အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဒါကြောင့် ရေသောက်ပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal