သားအိမ်ခေါင်းကင်ဆာအကြောင်း တစေ့တစောင်း

သားအိမ်ခေါင်းကင်ဆာက ဖြစ်ပွားမှုများတဲ့ ကင်ဆာတစ်ခုဖြစ်တာကြောင့် မိန်းကလေးတိုင်း သိထားသင့်ပါတယ်။
သားအိမ်ခေါင်းကင်ဆာဆိုတာ
သားအိမ်ခေါင်းတစ်ဝိုက်မှာ ပုံမှန်မဟုတ်တဲ့ဆဲလ်တွေ ပွားများလာတဲ့အခြေအနေပါ။ အမေရိကန်နိုင်ငံမှာ တစ်နှစ်ကို အမျိုးသမီးပေါင်း ၁၂၀၀၀ ကျော်မှာ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနေတာကို တွေ့ရှိပါတယ်။ သားအိမ်ခေါင်းကင်ဆာက ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပွားပြီး စောစောသိရှိပါက ကုသပျောက်ကင်းနိုင်ပါတယ်။
ရောဂါလက္ခဏာများ
သားအိမ်ခေါင်းမှာရှိတဲ့ ဆဲလ်တွေ ပုံမှန်မဟုတ်တဲ့ ပွားများမှုတွေ စတင်ဖြစ်ပေါ်လာတဲ့အခါ ကင်ဆာတွေရဲ့သဘောအတိုင်းပဲ ရောဂါလက္ခဏာပြတာမျိုး မရှိတတ်ပါဘူး။ တဖြည်းဖြည်းနဲ့ ရောဂါနည်းနည်းရင့်လာတဲ့အခါမှာတော့ မိန်းမကိုယ်ကနေ တစ်လတစ်ကြိမ် ပုံမှန်မဟုတ်ဘဲ ရာသီသွေးဆင်းတာ၊ သွေးဆုံးပြီး အမျိုးသမီးတွေ ရာသီသွေးပြန်ပေါ်တာ၊ ရာသီသွေးဆင်းချိန် ဒါမှမဟုတ် အမျိုးသားနဲ့အတူနေချိန်တွေမှာ အလွန်နာကျင်တာတွေကို ခံစားရနိုင်ပါတယ်။
အများဖြစ်သောအကြောင်း
သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကHPV (Human Papi-lloma Virus) ဖြစ်ပြီး လိင်အင်္ဂါတွေကို ကူးစက်နိုင်တဲ့ ပိုးအမျိုးအစားပေါင်း ၄၀ လောက်ရှိပါတယ်။ တချို့ပိုးတွေက ကူးစက်ပေမယ့် ပုံမှန်သန့်ရှင်းရေးလုပ်တာနဲ့ ဖယ်ရှားနိုင်ပေမယ့် တချို့ပိုးတွေကတော့ သားအိမ်ခေါင်းမှာရှိတဲ့ဆဲလ်တွေကို ပြောင်းလဲမှုဖြစ်စေပြီး ကင်ဆာကို ဖြစ်စေပါတယ်။ တစ်ကမ္ဘာလုံးမှာ သားအိမ်ခေါင်းကင်ဆာဖြစ်သူတွေရဲ့ ၉၀ ရာခိုင်နှုန်းက HPV ပိုးကြောင့်ဖြစ်ပွားကြောင်းတွေ့ရှိ ခဲ့ပါတယ်။
HPV ပိုးကူးစက်ခံရလျှင်
သင့်မှာHPV ပိုးကူးစက်နေပေမယ့် ဘာရောဂါလက္ခဏာမှ မပြသပါဘူး။ တချို့ပိုးတွေကတော့ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာဖြစ်တတ်ပေမယ့် ကင်ဆာကို ပြောင်းသွားတာမျိုးတော့ မဖြစ်တတ်ပါဘူး။ သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့HPV ပိုးက ဘာရောဂါလက္ခဏာမှမပြဘဲ ခန္ဓာကိုယ်ထဲမှာ နှစ်နဲ့ချီပြီး ရှိနေနိုင်ပါတယ်။
HPV ပိုးကူးစက်နိုင်ခြေရှိသော အခြေ အနေများ
လိင်ဆက်ဆံမှုရှိတဲ့ အမျိုးသား၊ အမျိုးသမီးတိုင်းHPV ပိုးကူးစက်ခံရနိုင်ခြေ များပါတယ်။ ဆေးလိပ်သောက်တာ၊ သားသမီးအများကြီးမွေးဖွားတာ၊ သန္ဓေ တားဆေးကို ကြာရှည်သုံးစွဲတာ၊HIV ပိုးကူးစက်ခံရသူတွေနဲ့ ခုခံအားကျဆင်းနေသူတွေမှာ ကူးစက်ခံရနိုင်ခြေများပါတယ်။
HPV ပိုးကူးစက်နိုင်မှုမှ ကာကွယ်ဖို့ လိင်ဆက်ဆံရာမှာ ကွန်ဒုံးကို အသုံးပြုပါ။ HPV ပိုးက မိန်းမကိုယ်နှုတ်ခမ်းသားမှာ ကင်ဆာဖြစ်တာ၊ သားအိမ်ခေါင်းကင်ဆာ၊ အမျိုးသားတွေမှာ ဆီးကျဉ်ချောင်းကင်ဆာ၊ စအိုကင်ဆာနဲ့ ခံတွင်းကင်ဆာတွေ ဖြစ်ပွားနိုင်ပါတယ်။
HPV ပိုးမှ ကင်ဆာဖြစ်ပွားမှု
HPV ပိုးက သားအိမ်ခေါင်းဆဲလ် တွေကို ပုံမမှန်ဖြစ်စေပြီး အဲဒီပုံမမှန်ဆဲလ် တွေကမှ ကင်ဆာဆဲလ်အဖြစ် ပြောင်းလဲ ကာ ကင်ဆာဖြစ်ပေါ်လာပါတယ်။ ကင် ဆာဆဲလ်တွေက သားအိမ်ခေါင်းတစ် ဝိုက်နဲ့တခြားနေရာတွေကို ပျံ့နှံ့ပါတယ်။
အစောဆုံးသိရှိနိုင်စေရန်
သားအိမ်ခေါင်းအဝမှာရှိတဲ့ ဆဲလ်တွေကိုယူပြီး စစ်ဆေးတဲ့ Pap Test စစ်ဆေးနိုင်ပါတယ်။ ဒီစစ်ဆေးနည်းက သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုကို အစော ဆုံးဖော်ထုတ်ပေးနိုင်ပါတယ်။ အိမ်ထောင်ပြုပြီးသူတွေနဲ့ လိင်ဆက်ဆံမှုရှိသူတွေ စစ်ဆေးသင့်ပြီး သုံးနှစ်တစ်ကြိမ် ထပ်မံစစ်ဆေးဖို့ လိုပါတယ်။ သင်က သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးထားတယ်ဆိုရင်တောင် Pap Test စစ်ဆေးဖို့ လိုပါတယ်။ သားအိမ်ခေါင်းကင်ဆာကာ ကွယ်ဆေးက HPV ပိုးအားလုံးကို ကာ ကွယ်မပေးနိုင်တာကြောင့်ပါ။
ပုံမမှန်ဆဲလ်များ တွေ့ရှိပါလျှင်
Pap Test စစ်ဆေးမှုကနေ ပုံမမှန်ဆဲလ်တွေ တွေ့ရှိပါက ဆရာဝန်က နောက်ထပ်စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။

ကုသမှု
သားအိမ်ခေါင်းကင်ဆာရောဂါကို ကုသရာမှာ ကင်ဆာအဆင့်အလိုက် ကျွမ်းကျင်တဲ့ဆရာဝန်က လိုအပ်သလို ကုသပေးပါလိမ့်မယ်။ ခွဲစိတ်ကုသတာ၊ ဓာတ်ရောင်ခြည်ပေးကုသတာ၊ ကင်ဆာ ဆေးသွင်းပြီး ကုသတာ စတဲ့ ကုသနည်းတွေနဲ့ ကုသပေးပါလိမ့်မယ်။

ကိုယ်ဝန်ဆောင်နိုင်မှုရှိ၊ မရှိ
သားအိမ်ခေါင်းကင်ဆာကို ခွဲစိတ်ကုသရာမှာ သားအိမ်နဲ့ နှစ်ဖက်စလုံးရှိ မျိုးဥအိမ်နှစ်ခုစလုံးကို ဖယ်ရှားလိုက်ပါက ကိုယ်ဝန်ဆောင်နိုင်မှာ မဟုတ်တော့ပါဘူး။

အသက်ရှင်သန်နိုင်မှု
ရောဂါကို အစောဆုံးသိရှိနိုင်မှုနဲ့ များစွာဆက်စပ်မှုရှိပါတယ်။ ကင်ဆာရောဂါအဆင့်ပေါ်မူတည်ပြီး အသက်ရှင်သန်နိုင်မှုက ၉၃ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ ရှိပါတယ်။

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး
သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးက သားအိမ်ခေါင်းဖြစ်ပွားနိုင်ခြေများတဲ့၊ ကူးစက်နိုင်ခြေများတဲ့ HPV ပိုး ကာကွယ်ပေးနိုင်ပြီးHPV ပိုးအားလုံးရဲ့ ကူးစက်မှုတွေကိုတော့ ကာကွယ်မပေးနိုင်သေးပါဘူး။

နန်းသီရိ (ဆေးဝါး)

Post Author: Good Health Journal