အကိုက်အခဲပျောက်ဆေးများ၏ အန္တရာယ်

နာကျင်ကိုက်ခဲတာတွေ သက်သာဖို့ ဒါမှမဟုတ် အဖျားကျဖို့အတွက် လူအများစုက ဆေးဆိုင်ပေါ်မှာ အလွယ်တကူ ၀ယ်လို့ရတဲ့ အကိုက်အခဲပျောက်ဆေး (စတီးရွိုက်မပါဝင်တဲ့ ပါရာစီတမော၊ အိုင်ဗျူပရိုဖန်နဲ့ အက်စပရင်လိုမျိုးဆေးဝါး)တွေကို အသုံးပြုလျက်ရှိနေကြပါတယ်။ ဒီဆေးဝါးတွေ အသုံးပြုတာကြောင့် ခေါင်းကိုက်တာ ဒါမှမဟုတ် ခါးနာတာလိုမျိုး ဝေဒနာတွေ အမြန်သက်သာသွားတဲ့အတွက် အများစုကတော့ ဒီဆေးဝါးတွေက လုံခြုံစိတ်ချရတယ်လို့ ထင်ကြပြီး ဘာမှမစဉ်းစားဘဲ အလွယ်တကူ ၀ယ်သောက်လေ့ရှိကြပါတယ်။ အမှန်တကယ်တော့ ဒီဆေးဝါးတွေ မှာ ဆိုးကျိုးတွေ ရှိကြပြီး အန္တရာယ်လည်း ပေးနိုင်ပါတယ်။ အထူးသဖြင့် အကိုက်အခဲပျောက်ဆေးနေ့စဉ်သုံးစွဲသူ၊ ဆေးတွေကို အချိန်အကြာကြီးမှီဝဲရသူတွေနဲ့ ဆရာဝန် ညွှန်ကြားထားတဲ့ဆေးဝါး (အထူးသဖြင့် အကိုက်အခဲပျောက်ဆေး) အသုံးပြုရသူတွေမှာ ဆိုးကျိုးရနိုင်ခြေ ပိုမြင့်မားပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ဒါမှမဟုတ် ကိုယ်ဝန်ရယူဖို့ ကြိုးစားနေသူတွေအနေနဲ့ ဆရာဝန်ညွှန်ကြားချက်မပါဝင်ဘဲ အကိုက်အခဲပျောက်ဆေးအပါအ၀င် ဘယ်ဆေးဝါးကိုမှ မမှီဝဲသင့်ပါဘူး။ အောက်ပါတို့ဟာ ဆေးဆိုင်ပေါ်မှာ အလွယ်တကူ ၀ယ်လို့ရနိုင်တဲ့ အကိုက်အခဲပျောက်ဆေးတွေရဲ့ အန္တရာယ်တွေပါ။

ကျောက်ကပ်ပြဿနာဖြစ်ခြင်း
အကိုက်အခဲပျောက်ဆေး အသုံးပြုလွန်သူတွေနဲ့ ကျောက်ကပ်ပြဿနာက ဆက်စပ်မှုရှိတယ်ဆိုတာကို လေ့လာမှုအများအပြားအရ တွေ့ရှိထားပါတယ်။ အိုင်ဗျူပရိုဖန်ခေါ်တဲ့ အကိုက်အခဲပျောက်ဆေးကို ကြိမ်ဖန်များစွာ အသုံးပြုတဲ့ လူတချို့မှာ ကျောက်ကပ်ပျက်စီးနိုင်ပါတယ်။ ဆီးချိုရောဂါ ဒါမှမဟုတ် သွေးတိုးရောဂါလိုမျိုး တခြားရောဂါတွေပါ ရှိနေသူတွေမှာ ကျောက်ကပ်ပျက်စီးနိုင်ခြေ ပိုများပါတယ်။

စိတ်ကျပျောက်ဆေးဝါး၏ အာနိသင်လျော့သွားခြင်း
အကိုက်အခဲပျောက်ဆေးတွေက တချို့စိတ်ဓာတ်ကျပျောက်ဆေး(SSRIs) ဆေးရဲ့ အကျိုးအာနိသင်ကို လျော့ကျစေနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးနဲ့အတူ စိတ်ကျဝေဒနာပျောက်ဆေးမှီဝဲသူတွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်က စိတ်ကျဝေဒနာ ဆက်လက်ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အကိုက်အအခဲပျောက်ဆေးနဲ့ စိတ်ဓာတ်ကျပျောက်ဆေးဝါး အတူတွဲသောက်တာက အလွန်အန္တရာယ်များပါတယ်။ အဲဒီဆေးနှစ်မျိုးစလုံးကို တွဲသောက်သူတွေမှာ ရက်ပေါင်း ၃၀ အတွင်း ဦးနှောက်အတွင်း သွေးယိုစီးမှုဖြစ်နိုင်ခြေ အလွန်မြင့်မားပါတယ်။ ဦးနှောက်အတွင်း သွေးယိုစီးမှုဖြစ်တာကြောင့် ဦးနှောက်ပျက်စီးကာ သေဆုံးနိုင်ပါတယ်။

သွေးကျဲစေသည့် အာနိသင်ရှိခြင်း
အိုင်ဗျူပရိုဖန်နဲ့ အက်စပရင်ဆေးဝါးတွေမှာ သွေးကျဲစေတဲ့ အကျိုးသက်ရောက်မှုရှိပါတယ်။ ဒါပေမဲ့ ဒီအကျိုးသက်ရောက်မှုဟာ လူအများစုအပေါ်မှာ ဘာပြဿနာမှ မဖြစ်နိုင်ပေမယ့် သွေးကျဲဆေးမှီဝဲနေရသူတွေမှာတော့ အလွန်အန္တရာယ်များပါတယ်။ သွေးအလွန်ကျဲသွားပြီး ခန္ဓာကိုယ်မှ သွေးထွက်မှု အလွန်များပြားလာနိုင်တာကြောင့်ပါ။ ဒါကြောင့် သွေးကျဲဆေးမှီဝဲနေရသူတွေက အိုင်ဗျူပရိုဖန်နဲ့ အက်စပရင်လိုမျိုး အကိုက်အခဲဆေးဝါးတွေ လုံးဝမသုံးစွဲသင့်ပါဘူး။ ခေါင်းကိုက်တာ ဒါမှမဟုတ် တစ်ကိုယ်လုံး အဆစ်ကိုက်ခဲတာတွေအတွက် ပါရာစီတမောဆေးဝါးကို မှီဝဲနိုင်ပါတယ်။

အသည်းပြဿနာဖြစ်ခြင်း
အကိုက်အခဲပျောက်ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ပဲကြီးလှော်စားသလို သုံးစွဲနေခဲ့ရင် အသည်းပျက်စီးနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေး အများအပြားရှိတဲ့အထဲမှာ ပါရာစီတမောနဲ့ အက်စပရင်ဆေးဝါးက အသည်းကို ဒုက္ခ ပေးနိုင်ပါတယ်။ ဆေးဝါးထဲက အဆိပ်တွေကြောင့်ဖြစ်ပြီး ဆေးဝါးပမာဏသုံးစွဲမှု လွန်ကဲတာနဲ့ ဆက်စပ်မှုရှိပါတယ်။ မေရိုးဆေးခန်းက ထုတ်ပြန်ချက်အရ အသည်းခြောက်ရောဂါရှိတဲ့ လူနာတွေအနေနဲ့ ကျောက်ကပ်ပျက်စီးမှုမရှိအောင် အကိုက်အ ခဲပျောက်ဆေးတွေကို ရှောင်သင့်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဦးနှောက်ရောင်ရမ်းမှုမဖြစ်အောင် ကာကွယ်ဖို့အတွက်လည်း မူးယစ်ဆေးဝါးပါဝင်တဲ့ အကိုက်အခဲပျောက်ဆေးတွေကို ရှောင်ကြဉ်သင့်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အစာအိမ်ပြဿနာဖြစ်ခြင်း
အိုင်ဗျူပရိုဖန်နဲ့ နက်ပရိုစန်အကိုက်အခဲပျောက်ဆေးတွေက အသည်းရဲ့ လုပ်ငန်းဆောင်တာပေါ်မှာ ထိခိုက်မှုမရှိနိုင်ပေမယ့် ဒီဆေးဝါးတွေက အစာအိမ်အတွက် မကောင်းပါဘူး။ အထူးသဖြင့် အက်စပရင်ဆေးဝါးဟာ အစာအိမ်ကျန်းမာရေးအတွက် အလွန်ဆိုးရွားပါတယ်။ အက်စပရင်ဆေးဝါးတွေက အစာအိမ်အမြှေးပါးကို ပွတ်တိုက်မိပြီး အစာအိမ်အနာဖြစ်တာ၊ အစာအိမ်မှ သွေးယိုစီးတာတွေအထိ ဖြစ်လာနိုင်ပါတယ်။

နှလုံးပြဿနာဖြစ်ခြင်း
စတီးရွိုက်မပါဝင်တဲ့ အကိုက်အခဲပျောက်ဆေးတွေက နှလုံးအလုပ်မလုပ်နိုင်တဲ့ပြဿနာ ဖြစ်နိုင်ခြေများတာနဲ့ ဆက်စပ်မှုရှိပါတယ်။ ဘယ်အကိုက်အခဲပျောက်ဆေးအမျိုးအစားမဆို မှီဝဲတာ များတာက နှလုံးတိုက်ခိုက်ခံရနိုင်ခြေ ၃၁ ရာခိုင်နှုန်း ပိုများပါတယ်။

Tips!
အကိုက်အခဲပျောက်ဆေးအသုံးမပြုဘဲ ဝေဒနာသက်သာရလေအောင်

► ရေခဲကပ်ပါ
ဦးခေါင်းအာလူးဘုသီးထွက်တာကအစပြုပြီး ခြေချင်းဝတ်ဒဏ်ပိတာတွေအထိ နာကျင်မှုနဲ့ရောင်ရမ်းမှုတွေ သိသိသာသာ သက်သာသွားနိုင်ပါတယ်။
► ရေနွေးကပ်ပါ
အဆစ်ကိုက်တာနဲ့ ကြွက်သားနာကျင်တာတွေ သက်သာနိုင်ပါတယ်။
► ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပါ
ကိုက်ခဲတာတွေ မဖြစ်အောင် ကာကွယ်နိုင်သလို နာကျင်မှုဝေဒနာလည်း သက်သာနိုင်ပါတယ်။
► ယောဂကျင့်စဉ် ဒါမှမဟုတ် တရားထိုင်တာ တွေ ပြုလုပ်ပေးပါ
► အပ်စိုက်ကုတာ ဒါမှမဟုတ် အနှိပ်ခံတာ တွေကလည်း ကိုက်ခဲတာ သက်သာစေနိုင်ပါတယ်။
သင်စားမယ့်အစားအစာထဲမှာ သဘာဝအကိုက်အခဲပျောက်အာနိသင်ပါဝင်တဲ့ နနွင်း၊ ကြက်သွန်ဖြူ၊ ချင်း၊ သစ်ကြံပိုးခေါက်၊ ကြက်သွန်နီနဲ့ နာနတ်ပွင့်လိုမျိုး ဟင်းခတ်အမွှေးအကြိုင်တွေ ပါဝင်အောင် စားပေးပါ။

♥  ဒေါက်တာခင်မိုးမိုး  ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *