“ကိုယ်ကျွေးတာ ကလေးကမစားရင် မကျွေးတော့ဘူးလား – ဒေါက်တာစိမ့်”

ကျွေးတာကို ငြင်းရင် ဘယ်လိုကိုင်တွယ်မလဲ

ကလေးတွေကို အစားကျွေးရတာ တကယ်မလွယ်ပါဘူး။ ကြေးများတဲ့ကလေးတွေဆို ပိုဆိုးပါတယ်။ မကျွေးလို့ကလည်းမရ။ ကြီးထွားဖွံ့ဖြိုးတဲ့အရွယ်မှာ လိုအပ်တဲ့အစာအာဟာရ လုံလုံလောက်လောက်ရပါမှ ကလေးဟာ ကျန်းမာသန်စွမ်းပြီး အရပ်အမောင်းရော၊ ကိုယ်လုံးကိုယ်ထည်ပါ ရှိသင့်တဲ့ အနေထားရမှာဖြစ်ပါတယ်။ အဲဒီတော့ သူတို့မစားချင်တိုင်း မကျွေးဘဲနေလို့မဖြစ်ပါဘူး။ ကလေးတွေကို ထမင်းကျွေးတော့မယ်၊ တစ်ခုခုကျွေးတော့မယ်ဆိုရင် သူတို့စားချင်လောက်မှာကို သူတို့ကိုယ်တိုင်ရွေးခိုင်းပါ။ ဘယ်လိုပုံစံစားချင်လဲ၊ ထမင်းဟင်းထည့်တာ၊ နယ်တာ၊ အသုတ်သုတ်တာ စတဲ့ ပြင်ဆင်နေချိန်မှာ သူတို့ပါ ပါဝင်ပြင်ဆင်ရတာကို ပျော်ကြပါတယ်။ ဒါမှလည်း စားဖို့ တက်ကြွနေကြမှာပါ။

 

ကလေးက မစားချင်လို့ငြင်းတဲ့အခါ အတင်းအကျပ်မစားခိုင်းဘဲ ချော့ပြောတာက ပိုကောင်းပါတယ်။ ကလေးတွေက အသစ်အဆန်းတစ်ခုခုကို စစားကြည့်ဖို့ ကြောက်ကြတယ်။ မရဲကြဘူး။ ဒါကို Neophobia လို့ခေါ်တယ်။ သူတို့မကြိုက်ဘူးဆိုပြီး အဲဒီအစားစာကို ရှောင်ကျွေးတာမျိုး၊ တစ်မျိုးနှစ်မျိုးလောက်ကိုပဲ ရွေးကျွေးတာမျိုး မလုပ်သင့်ပါဘူး။ ကလေးငယ်တွေကို အမယ်စုံကျွေးရပါမယ်။ တကယ်လို့ ကလေးက ချော့ကျွေးတာကိုတောင် မစားဘူးဆိုရင် ဆက်မကျွေးဘဲ ဒီတိုင်းထားလိုက်ပါ။ မစားလို့ စိတ်တိုတာတွေ၊ အပြစ်တင်တာတွေ မပြောသင့်ပါဘူး။ အဲဒီအစား နောက်ထပ်တစ်ခုခုပြောင်း ကျွေးစေချင်တယ်။ မစားချင်ဘူးလို့ငြင်းလိုက်တဲ့ အစားစာတွေက ဒီနေ့ မစားချင်တာဖြစ်ပြီး လုံးဝမကြိုက်ဘူးလို့ တစ်ထစ်ချ မယူဆသင့်ဘူး။ တစ်ပတ်လောက်အကြာမှာ ပြန်ကျွေးကြည့်တဲ့အခါ စားရင် စားပါလိမ့်မယ်။ ကလေးကြိုက်တာ မကြိုက်တာကို အလေးထားပေးရပါမယ်။

 

သူတို့မစားချင်တာကို အတင်းစားခိုင်းပြီးမှ ဆုချတာမျိုးလည်း မလုပ်သင့်ပါဘူး။ နောက်တစ်ခုက ဆုပေးတာကိုလည်း အချိုသကြားလုံးတွေ၊ ချောကလက်တွေ မဖြစ်သင့်ဘူး။ အစားစားတဲ့အချိန်မှာလည်း သူတို့နဲ့ အတူတူစားတာ၊ သူတို့ကို ချီးကျူးတာ၊ မြှောက်ပြောတာတွေ၊ ဟင်းအမယ်စုံမျှအောင်စားဖို့ ပြောပေးတာလေးတွေ လုပ်ပေးဖို့လိုပါတယ်။ နွေးနွေးထွေးထွေးနဲ့ သူတို့ကိုလည်း နေရာပေးဆက်ဆံတဲ့သဘောမျိုးသက်ရောက်ပါတယ်။ ဒီလိုအချိန်ဟာ Socialising & Learning အတွက်သင့်တော်တဲ့အချိန် လည်းဖြစ်ပါတယ်။ ကိုယ်စားသောက်တဲ့ပုံစံလိုမျိုး၊ ကိုယ်ပြုမူတဲ့ပုံစံမျိုးကို သူတို့က အလိုလိုသင်ယူနေတတ်ပါတယ်။ ဒါကြောင့် ကိုယ်ဟာ ကလေးတွေအတွက် Role Model ဖြစ်အောင် နေဖို့လိုပါတယ်။ အများနဲ့ပေါင်းသင်းဆက်ဆံတတ်အောင် လူမှုရေးအပြုအမူတွေ၊ Table Manners တွေကိုလည်း တပါတည်း သင်ပေးလို့ရပါတယ်။ အစားအမယ်စုံကို တောက်လျှောက်ကျွေးနေဖို့လိုသလို အစားကျွေးချိန်နီးနေရင် ဘာဖျော်ရည်၊ ဘာသောက်စရာ မှ မတိုက်မိပါစေနဲ့။ အစာစားမယ့်နေရာမှာလည်း တီဗွီမထားပါနဲ့။

ကလေးတွေ စားချင်စိတ်ဖြစ်အောင် ကျွေးခြင်း

ကလေးကို နေ့စဉ်နဲ့အမျှ ဒီပုံစံ၊ ဒီအစားစာတွေပဲကျွေးနေမယ်ဆိုရင် ကလေးအတွက်စားရတာ ရိုးအီလာပြီး စားချင်တော့မှာမဟုတ်ပါဘူး။ ကျန်းမာတဲ့စားသောက်မှုပုံစံလည်းဖြစ်ရမယ့်အပြင် အမယ်အစုံပါအောင် အစားကိုအစုံကျွေးပါ။ ဒီလိုစုံမှလည်း ဗီတာမင်နဲ့သတ္တုဓာတ်အလုံအလောက်ရရှိပြီး ကျန်းမာသန်စွမ်းမှာဖြစ်ပါတယ်။ အဓိကအားဖြင့်

  • ပေါင်မုန့်၊ အစေ့အနှံနဲ့အာလူး
  • သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်
  • နို့နဲ့နို့ထွက်ပစ္စည်း
  • အသား၊ ငါး၊ ပဲ၊ ဥအမျိုးမျိုး၊ ပဲနို့

ဆိုတဲ့ အစာအုပ်စု ၄ စုကို မျှတကျွေးဖို့လိုပါတယ်။ သစ်သီးဝလံနဲ့ဟင်းသီးဟင်းရွက်ကိုတော့ ကလေးတွေက မကြိုက်ကြတာကြောင့် မကျွေးဘဲထားတာမျိုးမလုပ်ဘဲ နေ့စဉ် အနည်းဆုံး ငါးမျိုးကျွေးရပါမယ်။ ဒီလိုနေ့စဉ်ကျွေးတာ ၁၄ရက်ကျော်လာရင် ကလေးတွေကိုယ်တိုင်ပါ နှစ်သက်လာပါလိမ့်မယ်။

 

 

သောက်စရာ

(၁) နို့

နို့ကတော့ ကလေးတွေအတွက် ကယ်လ်ဆီယမ်အဓိကအရင်းအမြစ်ဖြစ်ပြီး တစ်နေ့ကို ၄၅၀ မီလီလီတာလောက် တိုက်ကျွေးသင့်ပါတယ်။ ပရိုတင်း၊ riboflavin၊ ဗီတာမင်အေ၊ အိုင်အိုဒင်းနဲ့ ဇင့် စတဲ့ သက်စောင့်ဓာတ်တွေပါ ရရှိစေပါတယ်။ ဒါပေမယ့် ကလေးတွေကို လူကြီးတွေ သောက်လေ့ရှိတဲ့ အဆီထုတ်ထားတဲ့နို့ ( Low Fat Milk) တော့ မတိုက်သင့်ပါဘူး။ ပဲနို့၊ ဆိတ်နို့ စတာတွေကိုလည်း တစ်နှစ်အောက်ကလေးတွေကို မတိုက်ရပါဘူး။ တကယ်လို့ နို့တိုက်တဲ့အခါ အချိုထည့်ထားရင် အသားတစ်ခုခုနဲ့တွဲပြီးတိုက်မှ သွးပိုးစားတဲ့ဒဏ်ကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။

 

(၂)အအေး

အချိုရည်တွေ၊ အအေးတွေ၊ ဖျော်ရည်တွေမှာ သကြာတွေ အများကြီးပါပါတယ်။ သကြားအပြင် ကာဘွန်နိတ်(ဥပမာ ကိုလာ) နဲ့ ဆေးသကြား တွေပါတာကြောင့် နောက်ဆက်တွဲအနေနဲ့ ၀မ်းပျော့တာ၊ အစားအသောက်ပျက်တာ၊ ကြီးထွားဖွံ့ဖြိုးမှုနှောင့်နှေးတာ၊ သွားပိုးစားတာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အချိုရည်တွေကို မတိုက်တာကောင်းပါတယ်။ တိုက်ဖြစ်ရင်လည်း ဒီတိုင်းမတိုက်ဘဲ ရေရောပြီးတိုက်သင့်ပါတယ်။

 

(၃) သစ်သီးဖျော်ရည်

သစ်သီးဖျော်ရည်တွေကတော့ ဗီတာမင်စီအပါအဝင် တခြားဗီတာမင်တွေရဲ့အရင်းမြစ်လည်းဖြစ်ပါတယ်။ ဗီတာမင်စီပါတာကြောင့် အစားအစာနဲ့တွဲပေးရင် သံဓာတ်စုပ်ယူမှုအားကောင်းစေပါတယ်။ ဒါပေမယ့် သစ်သီးဖျော်ရည်တွေမှာလည်း အက်စစ်ဓာတ်တွေပါတာကြောင့် ကြွေလွှာကိုပျက်စီးစေပါတယ်။ ဒါကြောင့် သစ်သီးဖျော်ရည်တွေ ဖျော်တဲ့အခါ ရေများများနဲ့ရောပြီး တိုက်တာက အက်စစ်ပြင်းအားကို လျော့နည်းစေပါလိမ့်မယ်။

 

(၄) ရေ

သန့်ရှင်းအေးမြတဲ့ရေကတော့ လူ့ကိုယ်ခနာအတွက် မရှိမဖြစ်အရေးကြီးပါတယ်။ ကလေးတွေကိုလည်း ရေများများသောက်တတ်တဲ့ အကျင့် ငယ်ငယ်လေးကတည်းက လေ့ကျင့်ပေးထားသင့်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်တွေမှာပါတဲ့ tannic acid က သံဓာတ်စုပ်ယူမှုကို ဟန့်တားတာကြောင့် အဲဒီအစား ရေများများ တိုက်တာက ပိုကောင်းပါတယ်။ အပြင်အစားစာတွေကလည်း သကြားနဲ့ဆား တွေ အများကြီးပါတာကြောင့် ကလေးတွေကို သိပ်မကျွေးစေချင်ပါဘူး။

 

သက်သတ်လွတ်အစားအစာ

တချို့တွေမှာ ဘာသာရေးအရဖြစ်ဖြစ်၊ ကလေးရဲ့ မွေးရာပါထူးခြားတဲ့ ချင်ခြင်းကြောင့်ဖြစ်ဖြစ် အသားငါးတွေ မစားနိုင်ဘဲ သက်သက်လွတ်ပဲစားကြတာမျိုးလည်း တွေ့ဖူးပါတယ်။ နို့၊ ဒိန်ခဲ၊ ဥအမျိုးမျိုး၊ အစေ့အနှံ၊ သစ်သီး၊ နို့ထွက်ပစ္စည်း စတာတွေကို ဂရုစိုက်ကျွေးမှသာ ပရိုတင်း၊ ဗီတာမင်၊ ကယ်လ်စီယမ်၊ ဇင့်စတာတွေကို ရနိုင်မှာဖြစ်ပါတယ်။ သံဓာတ်ကတော့ အသားငါးမဟုတ်ဘဲ အသီးအရွက်ကရဖို့ သိပ်တော့မလွယ်ကူလှပါဘူး။ ချက်ပြုတ်ကြော်လှော်လိုက်ရင် အမည်းရောင်ပြောင်းသွားတဲ့ အရွက်တွေမှာ သံဓာတ်ပါလေ့ရှိပါတယ်။ ချဉ်ပေါင်ရွက်၊ ဟင်းနုနယ်လိုမျိုးပေါ့။

 

စီမံပြင်ဆင်ထားတဲ့ အစားစာ (Special Diets)

မွေးရာပါရောဂါတစ်ခုခုရှိနေတဲ့ကလေးတွေအတွက် ဆရာဝန်ညွှန် ကြားထားတဲ့အတိုင်း သီးခြားစီမံချက်ပြုတ်ထားတာကိုမှ ကျွေးလို့ရတာရှိပါတယ်။ ဥပမာ – lactose ဓာတ်မခံနိုင်တဲ့ကလေးတွေဆိုရင် dairy free အစားစာတွေကိုပဲ ကျွေးရမှာပါ။ ကလေးတွေမှာ lactose enzymes မပါတဲ့အတွက် နို့ထွက်အစားစာတွေ ကျွေးမိရင် ၀မ်းလျှောတတ်ပါတယ်။ ဒါကြောင့် နို့နဲ့နို့ထွက်အစားအစာတွေရှောင်ရ တာပါ။

နို့ကိုရှောင်ရတဲ့အတွက် နို့ကမဟုတ်ဘဲ ကယ်လ်စီယမ်ရနိုင်တဲ့အစားအစာတွေဖြစ်တဲ့ တို့ဟူး၊ ပဲနို့၊ ဆာဒင်းငါး၊ ဆယ်လ်မွန်ငါး၊ ကြက်ဥအနှစ်၊ အစေ့အနှံ၊ အသီးအရွက်၊ အယ်လ်မွန်စေ့ စတာတွေကို အစားထိုးကျွေးဖို့တော့ လိုတာပေါ့။

 

အစာဓာတ်မတည့်ခြင်း

အစာဓာတ်မတည့်တာဆိုတာက အစားအစာထဲမှာပါတဲ့ ဓာတ်တစ်ခုခုကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်ဘဲတုံ့ပြန်တာကို ခေါ်တာပါ။ အသက်အန္တရာယ်ထိခိုက်နိုင်တာမို့ ဂရုစိုက်ဖို့လိုပါတယ်။ တချို့ကလေးတွေလည်း ကြီးလာတော့ သူ့ဘာသာသူ ပျောက်သွားတတ်တယ်။ များသောအားဖြင့် အလက်ဂျီဖြစ်စေတဲ့အစာတွေကတော့ မြေပဲ၊ ကြယ်ငါး၊ နှမ်း၊ နွားနို့၊ ဥ၊ ငါး၊ အချဉ်သီး၊ ပဲနို့၊ ဂျုံ၊ အစေ့အနှံ တွေဖြစ်ပါတယ်။ အစာဓာတ်မတည့်တာမျိုးရိုးရှိတဲ့ကလေးတွေ၊ မိသားစုဝင်တွေထဲမှာ နှင်းခူ၊ ပန်းနာရင်ကြပ် ရှိရင် အဲလိုမိသားစုက ကလေးတွေမှာ ဖြစ်တတ်တာကို တွေ့ရပါတယ်။

 

အစားအသောက်၊ အမူအကျင့်နဲ့သင်ယူလေ့လာခြင်း

အမယ်စုံတဲ့စားသောက်မှုပုံစံဟာ ကလေးတွေရဲ့စိတ်နေစိတ်ထား၊ အပြုအမူတွေကိုကောင်းမွန်စေတတ်ပါတယ်။ အာရုံစူးစိုက်နိုင်စွမ်း၊ သင်ယူနိုင်စွမ်းတွေအပေါ်လည်း သက်ရောက်မှုရှိပါတယ်။

 

အစားအသောက်အန္တရာယ်ကင်းဖို့နဲ့ သန့်ရှင်းဖို့

ကလေးငယ်လေးတွေဟာ အစာအဆိပ်သင့်တာကို ခံနိုင်ရည်မရှိကြပါဘူး။ ဒါကြောင့် နည်းနည်းလေးမှ အမှားအယွင်းမဖြစ်အောင် ဂရုစိုက်ရပါမယ်။ အခုဖော်ပြမယ့် အစားအသောက်အန္တရာယ်ကင်းဖို့နဲ့ သန့်ရှင်းဖို့နည်းတွေဟာ ကလေးတွေအတွက်တင်မကပါဘူး။ လူကြီးတွေမှာလည်း အစာအဆိပ်မသင့်ဖို့၊ ကျန်းမာဖို့အတွက် လိုက်နာရမယ့်နည်းတွေဖြစ်ပါတယ်။

  • ကလေးတွေအတွက် အစားအစာ ချက်ပြုတတ်ပြင်ဆင်တော့မယ်၊ ကျွေးတော့မယ်ဆိုရင် ရေနဲ့ဆပ်ပြာနဲ့သေချာလက်ဆေးဖို့အရေးကြီးပါတယ်။
  • အစားအစာချက်ပြုတ်ပြင်ဆင်တဲ့နေရာတွေ၊ အိုးခွက်ပန်းကန်တွေကလည်း သန့် ရှင်းနေရပါမယ်။
  • အစားအစာတွေကို ချက်ပြုတ်ပြီးရင် ယင်မနားအောင်ဖုံး အုပ်၊ သိမ်းဆည်းထားဖို့ လိုပါသေးတယ်။
  • အသားစိမ်းတွေနဲ့ ချက်ပြီးသားတွေကို ရောမထားရပါ။
  • အစားမစားခင်မှာလည်း အစားစာတွေကို နွေးနေအောင် အနည်းဆုံးနှစ်မိနစ်ကြာ ပြန်နွှေးပြီးမှ စားပါ။
  • ကြက်ဥပြုတ်တဲ့အခါ အကာရော အနှစ်ပါကျက်အောင်ပြုတ်ကျွေးပါ။
  • အရမ်းပူပူကြီးအကြာကြီးမချက်ပါနဲ့။
  • ပိုးမသတ်ထားတဲ့နို့ ကလေးတွေကိုမတိုက်ပါနဲ့။
  • အသီးအနှံတွေကို သေချာဆေးကြောပြီးမှ ကျွေးပါ။
  • သန့်ရှင်းရေးအကျင့်တွေ သင်ပေးထားပါ။
  • ငါးနှစ်အောက်ကလေးတွေ အစာစားနေရင် အစာသီးတတ်၊ နင်တတ်တဲ့အတွက်တစ်ယောက်တည်း မထားပါနဲ့။
  • ပုပ်သိုးပျက်စီးလွယ်တဲ့အစားအစာတွေကို အပြင်မှာ နှစ်ရက်ထက်ပိုမထားပါနဲ့။ ရေခဲသေတ္တာထဲသိမ်းပါ။

 

အစာစားတဲ့ပုံစံနဲ့အချိန်

ကလေးတွေကို အစားကျွေးတာတွေက အချိန်သိပ်မမှန်တာကိုတွေ့ရပါတယ်။ မနက်စာကို ဂရုတစိုက်ကျွေးဖို့လိုသလို ကျန်တဲ့အစာတွေကိုလည်း မှန်မှန်ကျွေးဖို့အရေးကြီးပါတယ်။ အစာစားချိန်တစ်ခုနဲ့တစ်ခုကြားမှာလည်း အချိန်သိပ်မခြားသင့်ပါဘူး။ အချိုသကြားမပါတဲ့ မုန့်ပဲသရေစာ၊ အာဟာရပြည့်ဝတဲ့မုန့်ပဲ သရေစာတွေကို မနက်၊ နေ့လယ်၊ ညစာ ကြားကာလတွေမှာ ကျွေးသင့်ပါတယ်။ မကျွေးသင့်တာတွေကတော့ ဘီစကစ်၊ ကိတ်၊ အချို၊ အအေး၊ ဖျော်ရည် စတဲ့ အချို၊ ဆေးသကြားနဲ့ ဓာတု ပစ္စည်းတွေကဲတဲ့ သရေစာတွေပဲဖြစ်ပါတယ်။

 

ကိုယ်လက်လှုပ်ရှားမှု

 

ကလေးငယ်တွေမှာ နေ့စဉ်လှုပ်ရှားမှုတွေအနေနဲက လမ်းလျှောက်တာ၊ ကစားတာ၊ လှေကားတက်တာ စတဲ့ လှုပ်ရှားမှုတွေရှိနေသင့်ပါတယ်။ ပြေးလွှားတာ၊ ဘောလုံးကစားတာလို လေ့ကျင့်ခန်းတွေလည်း ရှိသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့အခါ စွမ်းအင် (ကယ်လိုရီ)လိုပါတယ်။ စွမ်းအင်သုံးတာများမှ အစာများများစားဖြစ်မှာပါ။ လှုပ်ရှားမှုနည်းရင် အစားအသောက်လည်းနည်းပြီး အာဟာရဓာတ်လည်း လုံလောက်အောင်မရဘဲနေတတ်ပါတယ်။ ဒါကြောင့် Indoors ဖြစ်စေ outdoors ဖြစ်စေ ကလေးငယ်တွေ ဆော့ကစားတာကို မပိတ်ပင်ဘဲ အားပေးရမှာပါ။ ၂ နှစ်အရွယ်ကလေးတွေမှာဆိုရင် တစ်ရက်ကို အနည်းဆုံး မိနစ် ၆၀လောက်ကစားပေးသင့်ပါတယ်။ ကလေးငယ်တွေ ပြေးလွှား ကစားဖြစ်အောင် ပန်းခြံ၊၊ ဥယျာဉ်မြေနေရာတွေ ဖန်တီးပေးသင့်တယ်။ ကစားနေစဉ် နေရောင်ကာဖို့၊ မိုးလုံဖို့ အ၀တ်အစားတွေကိုတော့ သေချာဝတ်ဆင်ပေးထားရပါမယ်။ ဒီလို အိမ်တွင်းအောင်းမဟုတ်ဘဲ အပြင်မှာပါ ကိုယ်လက်လှုပ်ရှားမှုတွေ ရှိတဲ့အတွက် ကလေးတွေမှာ နေရောင်ခြည်နဲ့ ထိတွေ့မှုရှိပြီး ဗီတာမင်ဒီလည်း ကောင်းစွာရရှိစေပါတယ်။ ကြွက်သားတွေအားကောင်းစေပြီး ကြံ့ခိုင်သန်စွမ်းတဲ့ကလေးငယ်လေး ဖြစ်လာပါလိမ့်မယ်။  ကလေးဟာ ကိုယ့်ဘာသာလည်း ကိုယ်ခန္ဓာမျှခြေထိန်းနိုင်လာမယ်၊ တွယ်တက်တက်လာမယ်၊ တခြားကလေးတွေနဲ့ ပူးပေါင်းကစားတတ်လာမယ်၊ ပတ်ဝန်းကျင်ကိုလေ့လာမိလာမယ်၊ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ ဖြစ်လာစေတဲ့အတွက် မိဘတွေအနေနဲ့ ကလေးတွေကစားဖြစ်အောင်၊ လှုပ်ရှားမှုတွေ အားကစားတွေ လုပ်ဖြစ်အောင် ပံ့ပိုးပေးသင့်ပါတယ်။

ဒေါက်တာစိမ့်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *