ယနေ့ခေတ်မှာ ကိုယ်ကာယ အလှပြိုင်ပွဲ၊ ဗလပြိုင်ပွဲတွေကို ကျယ်ကျယ်ပြန့်ပြန့် ခမ်းခမ်းနားနား ကျင်းပလာကြပြီ ဖြစ်ပါတယ်။ နိုင်ငံတကာမှ ပြိုင်ပွဲတွေလည်း ပြည်တွင်းမှာ စည်စည်ကားကား ပြုလုပ်လာကြပါတယ်။ ဒီအတွက် နှစ်ရှည်လများ ခန္ဓာကိုယ် တောင့်တင်းကြံ့ခိုင်ဖို့ ကြိုးစားနေသူတွေများသထက် များလာတာကိုလည်း တွေ့နေရပါတယ်။
အမှန်တကယ် ရလဒ်ကောင်းတစ်ခု ရဖို့ဆိုရင် လူပင်ပန်းမယ်၊ အချိန်ပေးရမယ်၊ အစားအစာကအစ သတ်မှတ် စံချိန်စံနှုန်းနဲ့ စားရတာတွေ ရှိပါတယ်။ ဒါပေမဲ့ အလွယ်လမ်းက လိုက်ချင်သူတွေအနေနဲ့ တားမြစ်ဆေးတွေ သုံးစွဲလာနိုင်ဖွယ်ရှိပါတယ်။

ဒီဆောင်းပါးမှာတော့ ကိုယ်ခန္ဓာကြီးထွားဖွံဖြိုးဖို့ တားမြစ်ဆေးတွေက ဘာတွေလဲ၊ ဘာကြောင့် တားမြစ်ထားတာလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
(၁) စတီးရွိုက်
Bodybuilders တွေနဲ့ အားကစား သမားတွေမှာ အသုံးများဆုံး တရားမဝင်ဆေးက စတီးရွိုက် (Anabolic Steroids) တွေ ဖြစ်ပါတယ်။ ဒီဆေးတွေမှာ တက်စထရိုစတီရုန်းဟော်မုန်း ပါဝင်လေ့ ရှိပါတယ်။ တက်စထရိုစတီရုန်းကို ဟော်မုန်းဆေးအဖြစ် လိုအပ်လို့ အသုံးပြုတဲ့နေရာတွေ ရှိပေမဲ့ကြွက်သားတွေ ကြီးထွားဖို့အတွက်ကိုတော့ အသုံးမပြုဖို့ တားမြစ်ထားပါတယ်။ ဒီဆေးတွေ အသုံးပြုတာက – အသည်းပျက်စီးမယ်၊ ဝက်ခြံတွေထွက်လာမယ်၊ အရွယ်မတိုင်ခင် ထိပ်ပြောင်လာမယ်၊ မကောင်းတဲ့ LDL ကိုလက်စထရောတွေ များလာမယ်၊ ကပ်ပယ်အိတ်ကျုံ့လာမယ်၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းလာမယ်၊ သွေးတိုးရောဂါ ဖြစ်လာမယ်၊ နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်လာမယ် စတဲ့ဆိုးကျိုးတွေ ရလာနိုင်တာကြောင့် တားမြစ်ထားတာ ဖြစ်ပါတယ်။
(၂) Human Growth Hormone
Human Growth Hormone က ခန္ဓာကိုယ်တွင်းမှာ သဘာဝအတိုင်း ထုတ်လုပ်ပေးတဲ့ ဟော်မုန်းဖြစ်ပါတယ်။ သူက ခန္ဓာကိုယ်ကြီးထွားဖွံဖြိုးဖို့၊ ဆဲလ်တွေပွားဖို့၊ ဆဲလ်အသစ်တွေဖြစ်ပေါ်ဖို့ ဆောင်ရွက်ပေးပါတယ်။ ဒါကို ကြီးထွား ဖွံဖြိုးမှုနှေးတဲ့ ကလေးတွေ၊ ဒီဟော်မုန်း ချို့တဲ့နေတဲ့ အရွယ်ရောက်ပြီး လူတွေမှာ သတ်မှတ်ပမာဏအလိုက် ဆေးအဖြစ် အသုံးပြုပါတယ်။ ဒါပေမဲ့ HGH ကို သာမာန်မဟုတ်တဲ့ ခန္ဓာကိုယ် ကြီးထွားဖို့၊ အိုမင်းရင့်ရော်တာကိုကာကွယ်ဖို့  တရားမဝင်ဆေးအဖြစ် သုံးလာကြပါတယ်။ HGH က စတီးရွိုက်တွေလောက် ဆိုးကျိုးမပြင်းထန်ပေမဲ့ နှလုံးရောဂါ၊ Carpal Tunnel Syndrome၊ သွေးတွင်း ကိုလက်စထရောမြင့်တက်တာ၊ အရိုး အဆစ်တွေ နာတာ၊ ကြွက်သားတွေ ချိနဲ့တာ စတာတွေဖြစ်နိုင်ပါတယ်။
(၃) အင်ဒရိုစတင်းဒိုင်အုန်း
အင်ဒရိုစတင်းဒိုင်အုန်း (Androstenedione) ကို ‘Andro’ လို့လည်း ခေါ်ကြပါတယ်။ သူ့က ခန္ဓာကိုယ်ထဲရောက်သွားပြီးရင် တက်စထရိုစတီရုန်းဟော်မုန်းနဲ့ အခြားဟော်မုန်းတွေအဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ဒီဆေးကို သောက်ရင် ရလာနိုင်တဲ့ ဆိုးကျိုးတွေကတော့ – ဝက်ခြံတွေ ထွက်လာမယ်၊ သုက်ပိုးကောင်အရေအတွက် ကျဆင်းလာမယ်၊ ကပ်ပယ်အိတ် ကျုံ့လာမယ်၊ အမျိုးသားတွေမှာ ရင်သားစူထွက် လာပြီး အမျိုးသမီးတွေမှာ ဆံပင်ပါးလာတာတွေ ဖြစ်လာနိုင်ပါတယ်။
(၄) Erythropoietin (EPO)
EPO ကို ခန္ဓာကိုယ်ကြီးထွားဖွံဖြိုးဖို့ သူတွေမှာ သုံးတာသိပ်မတွေ့ရပေမဲ့ မာရသွန်အပြေးသမား၊ စက်ဘီးစီးသမားတွေမှာ တရားမဝင် အသုံးပြုကြပါတယ်။ EPO က သွေးတွင်း သွေးနီဥ အရေအတွက်ကို တိုးပွားစေလို့ ကျောက်ကပ်ရောဂါရှိသူတွေမှာ အသုံးပြုတဲ့ ဆေးတစ်မျိုး ဖြစ်ပါတယ်။ ဒီဆေးကို တရားမဝင် အသုံးပြုမယ်ဆိုရင် ပေးနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ – သွေးကြောတွေပိတ်တာ၊ Heart Attack နဲ့ Stroke တွေ ခံစားရနိုင်ပါတယ်။
သတိပြုပါ
တားမြစ်ဆေးတွေဆိုတာဟာ မှောင်ခိုဈေးကွက်ကနေဘဲ ဝယ်ယူလို့ရတာဖြစ်လို့ အရည်အသွေးကို စစ်ဆေးထားတာမျိုး မရှိပါဘူး။ အတုအပတွေလည်း အမြောက်အမြားရှိနေပါတယ်။ နောက်ပြီး အာမခံထားတိုင်း ဖြစ်လာ၊ မဖြစ်လာဆိုတာ မသေချာပေမဲ့ ဆိုးကျိုးတွေ ခံစားရဖို့ကတော့ သေချာပါတယ်။
♥ #ထူးဒါလီကိုကို (M. Sc. in Pharm) ♥