သုတေသနတွေအရ ဆံကေသာ ဆိုးဆေးတွေဟာ ကင်ဆာဖြစ်နိုင်ချေကို တိုးစေတယ်လို့ ဆိုပါတယ်။ တချို့သုတေသနတွေကလည်း ဆံကေသာ ဆိုးဆေးတွေနဲ့ ကင်ဆာရောဂါ ဆက်စပ်မှု မရှိဘူးလို့ ပြောထားပါတယ်။ ဒါကြောင့် ခုချိန်ထိ တိကျသေချာတဲ့ အဖြေ တော့မပေးနိုင်သေးပါဘူး။ ဒါပေမဲ့ သိထားသင့်တဲ့ အချက်ကတော့ ဆံကေသာအရောင်ဆိုးဆေးတွေဟာ တခြားအရောင်ဆိုးဆေးတွေလို Safety Testing လို့ ခေါ်တဲ့ အန္တရာယ်ကင်းရှင်းကြောင်း စမ်းသပ်ချက်တွေကို လုပ်ဆောင်စရာမလိုဘဲ ဈေးကွက်ထဲမှာ ဖြန့်ချိရောင်းချခွင့် ရထားတာပါပဲ။ ဆံကေသာပညာရှင်တွေကတော့ ဆံကေသာ အရောင်ဆိုးတဲ့ အကြိမ်ရေကို လျှော့နိုင်သလောက်လျှော့ပြီး ကင်ဆာဖြစ် နိုင်ချေကို လျှော့နိုင်မယ်လို့ အကြံပြုထားပါတယ်။
ဆံကေသာအရောင်ဆိုးတော့မယ်လို့ ဆုံးဖြတ်ထားရင် ဒါတွေကို သတိပြုစေလိုပါတယ်။
ဆံသားဆိုးဆေးကို ကိုင်တွယ်တဲ့အခါ လက်အိတ်စွပ်ပါ။
ဆံသားဆိုးဆေးပစ္စည်းမှာ ရေးထားတဲ့ Directions တွေအတိုင်း သေချာလိုက်နာပါ။
အမှတ်တံဆိပ် မတူတဲ့ ဆံကေသာ ဆိုးဆေးတွေကို ဘယ်တော့မှ ရောပြီးမဆိုးပါနဲ့။
ဆံကေသာပေါ်ဆိုးဆေးတွေ မတင်ခင်မှာ သင့် အရေပြားပေါ်မှာ ဆိုးဆေးအနည်းငယ် တင်ကြည့်ပြီး တည့် မတည့်ကို စမ်းသပ်ကြည့်ပါ။
Patch Test နဲ့သေချာအောင် စမ်းသပ်ဖို့ဆိုရင် ဆံကေသာဆိုးဆေး အနည်းငယ်ကို နားရွက် အနောက်မှာ သုတ်ထားပြီး ရေမဆေးဘဲ နှစ်ရက် စောင့်ကြည့်ပါ။ အရေပြား ယားယံတာ၊ နီရဲလာတာ ရှိမရှိ စောင့်ကြည့်ပြီး သိနိုင်ပါတယ်။
ဆံသားဆိုးဆေး အမှတ်တံဆိပ် တစ်မျိုးနဲ့ မတည့်ရင် ဆံသားဆိုး ဆေးတွေနဲ့ မတည့်တော့တာမျိုး မဟုတ်ပါဘူး။ နောက်အမှတ်တံဆိပ် တစ်မျိုးနဲ့ တည့်နိုင်ပါတယ်။ ဒါပေမဲ့ Patch Test နဲ့ အရင် စမ်းသပ်ကြည့်ပါ။
ဆံကေသာအရောင်ဆိုးဆေးတွေကို ဦးရေပေါ်မှာ လိုအပ်တာထက် ပိုပြီး ကြာကြာမထားရပါဘူး။
ဆံသားဆိုးဆေး အသုံးပြုပြီးရင် ဦးရေပြားကို သန့်စင်အောင် ဆေးကြောပါ။
ကိုးလ်တာပါဝင်တဲ့ ဆံသားဆိုးဆေးတွေကို မျက်တောင်တွေ၊ မျက်ခုံးမွေးတွေမှာ မဆိုးရပါဘူး။ ဆံသားဆိုးဆေးတွေကို အလှပြင်ဆိုင်တွေမှာ မျက်ခုံး၊ မျက်တောင်တွေ ဆိုးပေးတာကို FDA က အပြင်းအထန် ကန့်ကွက်ထားပါတယ်။ ဒါက မျက်လုံးတစ်ဝိုက်မှာ မတည့်တဲ့ အလာဂျီ ဖြစ်လာရင် ဆိုးရွားနိုင်လို့ပါ။ မျက်လုံးထဲကို ဆံသားဆိုးဆေးအရောင်တွေ မတော်တဆ စဉ်သွားရင်လည်း မျက်လုံးကန်းတဲ့ အထိ အန္တရာယ် ဖြစ်နိုင်ပါတယ်။
ထူးဒါလီကိုကို (MPharm)