“Lifestyle၊ Mindset၊ ခံယူချက် ဒီသုံးချက်ကို လိုက်နာမယ်ဆိုရင် လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ လွယ်တယ်” ဆိုတဲ့ မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်ကာယ အလှမယ် မအေးအေးစိုး

“Lifestyle၊ Mindset၊ ခံယူချက် ဒီသုံးချက်ကို လိုက်နာမယ်ဆိုရင် လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ လွယ်တယ်” ဆိုတဲ့ မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်ကာယ အလှမယ် မအေးအေးစိုး 

Personal Profile
Name: Aye Aye Soe
Age: 28
Height: 5′ 4″
Weight: 120 lb
Gym: Balance Fitness

(၁) အစ်မ ဘယ်အချိန်က အားကစားကို ဝါသနာပါပြီး စကစားဖြစ်သွားတာလဲ သိချင်ပါတယ်။
အစ်မ ကိုယ်ကာယအားကစားနည်းကိုစပြီး လုပ်ဖြစ်တာကို ပြောရမယ်ဆိုရင် ဒီလောကထဲ မကျင်လည်ခင်ကနေစပြီး ပြောပြပါမယ်။ အစ်မက အ သက် ၁၅ လောက်မှာ စပြီးတော့ အလုပ်လုပ်တယ်။ အစ်မ ဘဝရဲ့ ပထမဆုံး အလုပ်က Fitness Center က စာရေးမလေးပေါ့။ အဲဒီမှာ Gym ကို လာလာ ကစားတဲ့ မမတွေလို့ လှချင်တယ်၊ ကျန်းမာချင်လိုက်တာဆိုပြီးတော့ ကစားဖြစ်သွားတာပါ။

(၂) အစ်မရဲ့ လက်ဦးဆရာကိုရော သိလို့ရမလား။
အစ်မရဲ့ ပထမဆုံးလက်ဦးဆရာက ဆရာမောင်မောင်ကြည်ပါ။ ဆရာ့ကို အစ်မက ဆရာသမီးကစားချင်တယ် ပြပေးပါပေါ့၊ အဲဒီတုန်းကတော့ ဟိုဟာ မကစားဘူး၊ ဒီဟာ မကစားချင်ဘူး ဆိုပြီး Excuse တွေများခဲ့သေးတယ်။ ဆရာကနေပြီးတော့ ကစားနည်းတွေ၊ မတူညီကြတဲ့ Body Structure ပေါ်မှာ ဘယ်လိုမျိုး Safety Workout ပေးရမယ် ဆိုတာတွေ သင်ပေးတယ်။ ကိုယ်တိုင်ကစားကြည့်မှ ကိုယ့်ရဲ့ Client ပေါ် ကိုယ်က နားလည်နိုင်မယ်စတဲ့ Workout System တွေရယ်၊ Mindset ပညာရပ်တွေကိုလည်း သင်ကြားပေးခဲ့တယ်။ အနီးကပ် ဆရာ့ဆီကနေ တက္ကသိုလ်တက်နေတဲ့ လေးနှစ်အတွင်း အစ်မ ကိုယ့်ကိုယ်ကိုယ်လည်း train တယ်။ Gym လာကစားတဲ့ client တွေကိုလည်း ဆရာ သင်ပြပေးတဲ့ စနစ်အတိုင်း အစ်မ training ပေးခဲ့ပါတယ်။ အဲ့တာက အစ်မ အသက် ၂၀ လောက်မှာ၊ Gym training လောကမှာစပြီး ရပ်တည်ခဲ့တာပါ။

(၃) အစ်မအနေနဲ့ နည်းပြတစ်ယောက် အဖြစ် ရပ်တည်ဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့တာလဲ သိချင်ပါတယ်။
အစကတော့ ကိုယ့် body လှရင် တော်ပြီ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကစားခဲ့တာပေါ့။ ဒါပေမယ့် လူဆိုတာက ဘယ် အရာမဆိုလေ နည်းနည်းသိပြီးရင် ပိုသိ ချင်တယ်၊ ထပ်ထပ်ပြီးတော့လည်း သိချင်လာကြတယ်လေ။ နောက်တော့ အစ်မလည်း ဆရာရဲ့ Training လေးနှစ် အတွင်းမှာ ပြောင်းလဲသွားတဲ့ အစ်မရဲ့ Body Structure ကို အစ်မ အရမ်း ကြိုက်တယ်။ အစပိုင်းမှာတုန်းကတော့ ကိုယ်က workout နဲ့ ပတ်သက်ပြီး ဘာမှ မသိတဲ့သူလေ၊ အဲ့တော့ကိုယ့်ရှေ့က Gym မှာလာပြီး workout လုပ်တဲ့ သူတွေကိုအားကျတာပေါ့၊ အားကျလို့ လိုက်လုပ်ရင်းနဲ့ အစ်မရဲ့စိတ်က ကျန်းမာရေးမကောင်းတဲ့သူတွေ၊ ပိန်လွန်းအားကြီးတဲ့ Client တွေ၊ ဝလွန်းလို့ သိမ်ငယ်ပြီး ဘယ်မှ မသွားချင် မလာချင် ဖြစ်နေတဲ့ သူတွေရဲ့ Mindset ကို ပြောင်းလဲပေးချင်တယ်၊ အားပေးချင်တယ်။ Workout training ပေးချင်တဲ့ အဲ့စိတ်ကဘဲ အစ်မကို ဒီ trainer ဆိုတဲ့ ပတ်ဝန်းကျင်ထဲကို တွန်းပို့ပေးလိုက်တယ် ဆိုပါတော့။

(၄) အစ်မ Balance Fitness မှာ တာဝန်ယူထားရတဲ့ အပိုင်းကိုလည်း ပြောပြပေးပါအုံး။
ခုလက်ရှိ Balance Fitness မှာ Senior Personal Trainer Position အနနဲ့ တာဝန်ယူထားပါတယ်။ အစ်မ လုပ်ဆောင်ရတဲ့ အပိုင်းကတော့ ရှင်းပါတယ်။ Balance ပိုလာပြီ ဆိုကတည်းက ဘာလုပ်ဖို့လဲ၊ Client တွေ body ကြံ့ခိုင်ချင်လို့၊ ကျန်းမာချင်လို့ ဒီအတွက်လာကြတာလေ၊ အဲ့တော့ အစ်မက Client တွေ အတွက်တိုင်ပင်ပေးမယ်၊ Client ရဲ့ စကားကို အရင်နားထောင်ကြည့်မယ်၊ လွဲနေတဲ့ အမှားတွေရှင်းပြမယ်၊ လက်ရှိ Client ရဲ့ Lifestyle ကို နားထောင် ကြည့်မယ်၊ ပြီးရင် Body Structure ပေါ် မူတည်ပြီး Safety Workout ပေးမယ်။ အဲ့တော့ ခြုံပြောရမယ်ဆိုရင် Client ရဲ့ Physical ပိုင်းသာမက Mentally ကိုပါ အစ်မ train ပေးရတာပေါ့။

(၅) အစ်မပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေရဲ့ အတွေ့ အကြုံတွေလည်း ဝေမျှပေးစေချင်ပါတယ်။
အစ်မ ပြိုင်ပွဲတွေလည်းတက်ရောက်ပြိုင်ခဲ့တယ်၊ ဆုအမျိုးမျိုးလည်း ရခဲ့တယ်။ အတွေ့အကြုံတွေကတော့ ပြည်တွင်းပွဲနဲ့ ပြည်ပပွဲနဲ့တော့ မတူဘူးပေါ့လေ၊ အဓိကက အစ်မတို့ ကာယ အားကစားနည်းမှ မဟုတ်ဘူး၊ ဘယ်နယ်ပယ်ကဘဲဖြစ်ဖြစ် အမိမြန်မာနိုင်ငံကို ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ရမယ်ဆိုရင် ပွဲအတွက် လိုအပ်တာ မှန်သမျှ ပြင်ဆင်သွားရမယ်။ ကိုယ့်စိတ်ဓာတ်ကိုလည်း ပြင်ဆင်ရမယ်ပေါ့။ အစ်မတုန်းကဆိုရင် Position ပိုင်းကို ဆရာမ ဒေါ်ရီရီဝင်းတို့ကသင်ကြားပေးခဲ့တာတောင်မှ တကယ်ပြိုင်ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဖြစ်ပါ့မလား၊ ဆုမရရင် ဘယ်လိုလုပ်မလဲ၊ သူများတွေက ပိုလှလိုက်တာ၊ အမျိုးမျိုးပေါ့ ကြောက်စိတ်ရော သိမ်ငယ်စိတ်ရောပေါ့ အဲ့လိုမျိုးတွေက ပြိုင်ပွဲမှာ မပြိုင်ခင် အစ်မကစိတ်ထဲမှာ ရှုံးနေပြီပေါ့။ အဲ့တာကြောင့် စိတ်ဓာတ် Strong ဖြစ်ဖို့ လို့ပါတယ်။

(၅) ပြိုင်ပွဲဝင်ဖို့ ဘယ်လို ကြိုးစားခဲ့ရလဲ သိချင်ပါတယ်။
ပြိုင်ပွဲဝင်ဖို့ အစ်မက နိုင်ငံ ကိုယ်စားပြု ဖြစ်ဖို့မတိုင်ခင် ပြည်တွင်းမှာ အရင်ပြိုင်ရပါတယ်၊ စနစ်အဟောင်းကတော့ ရှိသင့်တဲ့ ဖွံ့ဖြိုးတဲ့ Body Structure ကို အမှတ်ပေးကြတာလေ၊ အစ်မကကျတော့ အဲ့လိုမျိုး မဟုတ်ဘူး၊ အဆီနည်းရမယ်၊ ကျန်းမာရမယ်၊ ကြည့်လိုက်တာနဲ့ တင်းတင်းရင်းရင်းနဲ့ ရှိသင့်တဲ့ Muscle Quality ရှိရမယ်။ အဲ့လိုမျိုး ပြိုင်ချင်ခဲ့တာပေါ့။ တစ်နေ့ကျတော့ အဲ့လို ပြိုင်ပွဲမျိုးနဲ့ ကိုက်ညီတဲ့ပွဲ ပြောင်းလဲမယ်ဆိုတာနဲ့ အစ်မလည်း ပထမဆုံး ပြိုင်ပွဲဝင်ပြိုင်မယ်လို့ ဆုံးဖြတ်ထားပြီးသား အခံရှိတယ်။ ပြိုင်ပွဲဝင် တစ်ယောက် ဖြစ်အောင် ပြိုင်မယ်ဆိုကတည်းက ဆရာရဲ့ချပေးတဲ့ Diet Program အတိုင်း စားသာက်တယ်၊ Workout မနက်ည လုပ်တယ်၊ ပင်ပန်းတယ်၊ အိပ်ရေးဝအောင် အိပ်ရတယ်၊ အနားယူတယ်၊ Workout လုပ်တယ်၊ စားမယ် Workout ပြန်လုပ်မယ်၊ အဲ့လို Circle ပေါ့ နေရပါတယ်။

(၆) ဝတဲ့သူနဲ့ ပိန်တဲ့သူမှာ ဘယ်သူ့ကို Train ရတာ ပိုလွယ်လဲ သိချင်ပါတယ်။
ပိန်တဲ့သူဘဲဖြစ်ဖြစ်၊ ဝတဲ့သူဘဲ ဖြစ်ဖြစ် training ပေးတဲ့အခါမှာ အဓိက က အခက်၃ချက်ပေါ်ဘဲမူတည်ပါတယ်။ (၁) Lifestyle (၂) Mindset (၃) ခံယူချက်၊ အဲ့တာဘဲ….အဲ့သုံးချက်ကို နား ထောင်မယ်ဆိုရင် လိုချင်တဲ့ target ကို ရောက်ဖို့ကလွယ်ပါတယ်။

(၇) ဝိတ်ကျချင်လို့ ကစားနေတဲ့ သူတွေ အတွက် ဆောင်ရန်၊ ရှောင်ရန်လေးတွေရော ပြောချင်တာရှိပါသလား။
အစ်မပြောသလိုပါဘဲ ပိန်ချင်တဲ့ သူတွေက ဥပမာ စားချင်တဲ့ အချိန်စားမယ်၊ စားချင်တဲ့ဟာစားမယ်၊ Gym သွားချင်ရင်သွားမယ်၊ အဲ့လို Lifestyle မျိုးက ပြောင်းကိုပြောင်းရမယ်၊ Mindset က ဘာလို့ အရေးကြီးလဲဆိုတော့ Workout လုပ်နေတာလေ ပင်ပန်းလိုက်တာ နည်းနည်းလေးမှ မကျဘူး တော်ပြီ မလုပ်တော့ဘူး၊ စားဘဲစားတော့မယ်၊ အဲ့လို အရှုံးပေးကြမှာစိုးတယ်။ အဲ့တော့ အချိန်ဘယ်နှစ်နှစ်မှာဒီလို ဝသွားတာလည်းပြန်သုံးသပ်ကြည့်ပါ၊ တစ်လလောက် အပင်ပန်းခံရုံလောက်နဲ့တော့ ဘယ်ရအုံးမလဲ၊ စိတ်ရှည်ဖို့လိုပါတယ်။ ခံယူချက်က ကစားရတာ ပင်ပန်းတယ် စားမှ လုပ်နိုင်မှာ ဆိုတဲ့ ခံယူချက်ကို ပြောင်းရပါမယ်။ စားပါ၊ အစား အသောက်ကို ပြောင်းစားပေးပါ။ ပိန်ချင်တဲ့ သူတစ်ယောက်အတွက် မနက်ပိုင်းမှာ အကြော်နဲ့ မုန့်ဟင်းခါးစားနေတာ လွဲမှားနေတုန်းပါ။ အဲ့တော့ အဲ့သုံးချက်ကို လိုက်နာနိုင်ရင်အရမ်းလွယ်ပါတယ်။

(၈) အစ်မအနေနဲ့ Training လုပ်ပေး တဲ့အခါ ကြုံတွေ့ရတဲ့ အခက်အခဲတွေရော ရှိပါလား။
ထွေထွေထူးထူးရယ်တော့ မရှိပါဘူး အဓိက က ကိုယ် Training ပေးတဲ့ Client အပေါ်မှာ စိတ်ထားတတ်ဖို့ပါဘဲ။ ဥပမာ ဝတဲ့သူတစ်ယောက် ပိန်ချင်တယ် အဲ့တာ သူဖြစ်ချင်တာ မဟုတ်ဘူး၊ ကိုယ်ပိန်ချင်တာ ဖြစ်သွားရော ဆိုတဲ့ စိတ်လေးသွင်းပြီးတော့ အမကတော့ Train ပေး ဖြစ်ပါတယ်။

(၉) မိန်းကလေးတစ်ယောက်နဲ့ ယောကျာ်းလေးတစ်ယောက်ကို Train တဲ့အခါ ဘာကွာခြားချက်ရှိလဲ သိချင် ပါတယ်။
ကွာခြားချက်က Client တွေ လိုချင်တဲ့ Body Goal ပေါ်မူတည်ပါတယ်။ တချို့ယောကျာ်းလေးတွေကျတော့လည်း ပိန်ဘဲပိန်ချင်တာ Muscular မဖြစ်ချင်ဘူး၊ တချို့ မိန်ကလေးတွေကျတော့လည်း ခါးလေး၊ လက်မောင်းလေး ကျရင် ရပြီ၊ သေးရင်ရပြီပေါ့၊ လူမျိုးမျိုးဆိုတော့ ကွာခြားချက်လည်းအမျိုးမျိုးပေါ့။

(၁၀) မိန်းကလေးတွေက ယောကျာ်းလေးတွေလိုမျိုး အလေးမတဲ့အခါ ကြွက်သားတွေ ထွက်လာနိုင်ပါသလား။
အဲ့တာကတော့ အဓိကအချက်ပါ၊ ဟော်မုန်းမတူတဲ့အတွက် မိန်းကလေး ဘယ်လောက် W orkout လုပ်လုပ် အမျိုးသားတွေလို ကြွက်သား မထွက်ပါဘူး။

(၁၁) အစ်မအနေနဲ့ အစားအသောက်နဲ့ ပတ်သက်ပြီးတော့ ရှောင်တာတွေရော ရှိပါလား။
အစားအသောက်အနေနဲ့ကတော့ လူတိုင်းရှောင်ရမဲ့အပိုင်းမှာဆီကြော်၊ အချို၊ အငန် အဲ့တာတွေရှောင်နိုင်သမျှ ကောင်းလေပါဘဲ။

(၁၂) အားကစားလုပ်တဲ့အခါ သောက်တဲ့ ဆေးတွေရော ရှိပါလား သိချင်ပါတယ်။
အားကစားလုပ်တဲ့အခါ သောက်ရတဲ့ ဆေးတွေက ဖြစ်ချင်တဲ့ Body Goal ပေါ်မူတည်ပြီး ဈေးကွက်မှာ အမျိုးမျိုး ရှိပါတယ်။ အစ်မအနေဲ့ကတော့ Nature Protein ကို ပိုအားပေးပါတယ်။ ကြက်ဥ၊ ပဲ၊ ကြက်သား၊ အမဲသား စတာတွေ စားပါ။ Workout လုပ်လို့ over sweat ဖြစ်ရင် Multi-vitamin သောက်လို့ရပါတယ်။

(၁၃) အားကစားလုပ်တာအပြင် တခြား ဝါသနာပါတာတွေရော ရှိပါလား။
တခြား ဝါသနာကတော့ အစ်မက Fashion Designer ဖြစ်ချင်တယ်၊ ပြီးတော့ Tourist Guide တစ်ယောက် ဖြစ်ချင်တယ်။

(၁၄) အစ်မ လက်ရှိမှာ ပထမဆုံး ရင်သွေးလေး လွယ်ထားတာဆိုတော့ ကိုယ်ဝန်ဆောင်အနေနဲ့ရော ကျန်းမာရေးအတွက် ဘယ်လို ထိန်းသိမ်းဖြစ်လဲ သိချင်ပါတယ်။
အခုကတော့ အစ်မက ကိုယ်ဝန်နဲ့ဆိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ weight အလွန်အကျွံမဖြစ်အောင် Pregnant Workout လုပ်ဖြစ်တယ်၊ အစားအသောက်လည်း ဂရုစိုက်တယ် အဲ့လိုနည်းနဲ့ဘဲ Weight Control လုပ်နေပါတယ်။ ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်းအနေနဲ့ အသက်ရှူလေ့ကျင့်ခန်းရယ် အကြောလျှော့စေတဲ့ workout တွေလုပ်တယ်၊ လမ်းပုံမှန်လျှောက်တယ်၊ စက်ဘီး နင်းတယ်၊ ပေါ့ပေါ့ပါးပါးတွေဘဲလုပ်ပါတယ်။ အစားအသောက်အနေနဲ့ အငန် အဆီ၊ အချိုတွေ တတ်နိုင်သလောက် ဆင်ခြင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေ အနေနဲ့ တစ်နေ့တာ exercise လုပ်ပေးခြင်းအားဖြင့် ကလေးမွေးဖွားတဲ့အခါ လွယ်ကူစေပါတယ်။ ကိုယ်ဝန်ဆောင် overweight ဖြစ်တာကိုလည်း ကာကွယ်ပေးတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ သွေးတိုး၊ ရင်ကျက် စတဲ့ ရောဂါတွေကိုလည်း တားဆီးရာ ရောက်ပါတယ်။

(၁၅) အစ်မ ဘယ်အချိန်ထိ အားကစား ဆက်လုပ်သွားဖို့ စိတ်ကူးထားပါသလဲ။
အားကစားကတော့ အမရဲ့Main Goal ပါ။ အဲ့တော့ အစ်မ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ်လည်း Train မယ်၊ Knowledge တွေကိုလည်း share မယ်၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ workout တွေနဲ့ Client ကို Train မယ်၊ အစ်မ အမျိုးသား Mr Olivier Buscail လည်း Balance က Master Trainer ပဲဆိုတော့ သူနဲ့အတူ အမြဲတမ်း အားကစား ဆက်လုပ်သွားမှာပါ။
ခုလိုဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။

ထူးဒါလီကိုကို တွေ့ဆုံမေးမြန်းသည်။

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *