အသားကြိုက်သူထဲမှာ တစ်ချို့က အစိမ်းစားရတာကို ပိုနှစ်သက်သူတွေ ရှိပါတယ်။ အစိမ်းစားတာအပြင် အရှင်လတ်လတ်စားကြတာလည်း တချို့နိုင်ငံတွေမှာ ရှိပါတယ်။ အသား၊ ငါးတွေကို အစိမ်းလိုက်စားတာ ဘာကောင်းလို့လဲဆိုတော့ ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင် ကောင်းကျိုးတွေရှိသလို သတိပြုရမယ့် အချက်တွေလည်း ရှိပါတယ်။
အသားစိမ်းတွေစားတာ ဘာကောင်းကျိုးတွေရလာနိုင်လဲ
(၁) ဟက်ထရိုဆိုက်ကလစ်အေမင်း မပါဝင်ခြင်း
အသားတွေကို ကြော်လှော်၊ ချက်ပြုတ်၊ မီးကင်တဲ့အခါမှာ ဟက်ထရိုဆိုက် ကလစ်အေမင်း (HCAs) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုး ထွက်လာပါတယ်။ ဒီ ဒြပ်ပေါင်းကို တိရစ္ဆာန်တွေမှာ စမ်းသပ်မှု ပြုလုပ်တဲ့အခါ ကင်ဆာရောဂါ ဖြစ်စေတာကို တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီဒြပ်ပေါင်းက လူတွေမှာ ကင်ဆာရောဂါ ဖြစ်စေလားဆိုတာ လေ့လာထားတဲ့ သုတေသနတွေတော့ မရှိပါဘူး။ အသားစိမ်းတွေမှာတော့ HCAs ဒြပ်ပေါင်းမပါဝင်တာကြောင့် ကင်ဆာဖြစ်နိုင်တဲ့ Risk နည်းသွားပါတယ်။
(၂) အစာကြေလွယ်ခြင်း
ချက်ပြုတ်ထားတဲ့ အသားတွေက အသားစိမ်းတွေထက် ပိုပြီး အစာခြေရ ခက်ပါတယ်။ ဒါဟာလည်း ချက်ပြုတ်ကြော်လှော်တဲ့အခါ ထည့်လိုက်တဲ့ ဆီ၊ ဆား၊ အမှုန့်တွေကြောင့် ဖြစ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ အသားရဲ့ ၆ ရာခိုင်နှုန်း အမိုင်နိုအက်ဆစ်ဓာတ်တွေလည်း ချက်ပြုတ်နေစဉ် ဆုံးရှုံးသွားပါတယ်။ မီးအပူရှိန်ပြင်းပြင်းနဲ့ ချက်ပြုတ်လေ အသားကို ခန္ဓာကိုယ်က ခြေဖျက်ရ ခက်လေဖြစ်ပါတယ်။ ဒါကြောင့် အသားစိမ်းတွေက အစာပိုကြေလွယ်တာ ဖြစ်ပါတယ်။
(၃) အကျိုးပြုအင်ဇိုင်းများပါဝင်ခြင်း
အစားအစာထဲမှာ ပါဝင်တဲ့ လူ့အကျိုးပြုအင်ဇိုင်းတွေဟာဆိုရင်လည်း ချက်ပြုတ်ကြော်လှော်လိုက်တဲ့အခါ ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ ဒီ အင်ဇိုင်းတွေက ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်တွေအတွက် အရေးပါပါတယ်။ အသားစိမ်းတွေ စားတာကတော့ အကျိုးပြုအင်ဇိုင်းတွေကို ရရှိစေပါတယ်။
အသားစိမ်းစားမယ်ဆိုရင် ဘာတွေ သတိပြုရမလဲ
အသားစိမ်းတွေက E.Coli နဲ့ တခြား အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်ခြေ ရှိတာကို သတိပြုပါ။ သင်စားလိုက်တဲ့ အသားစိမ်း ဒါမှမဟုတ် မကျက်တကျက်အသားက မသန့်ရှင်းရင်၊ ပိုးတွေပါလာရင် အစာ အဆိပ်သင့်တာ၊ ဗိုက်အောင့်တာ၊ ဝမ်းပျက်ဝမ်းလျှောတာတွေ ဖြစ်လာနိုင်ပါတယ်။ ၅-၁၀ ရာခိုင်နှုန်း လူတွေမှာတော့ E.Coli O157:H7 ကြောင့် Hemolytic Uremic Syndrome ဖြစ်လာနိုင်ပြီး အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ E.Coli တင် မဟုတ် သေးဘဲ Salmonella bacteria, Campylobacter bacteria, Listeria, Shigella, Staphylococcus aureus စတဲ့ ဘက်တီးရီးယားတွေ၊ ကပ်ပါးပိုး၊ ဗိုင်းရပ်စ်ပိုးတွေကိုလည်း အသားစိမ်းတွေမှာ တွေ့ရတတ်ပါတယ်။ CDC ရဲ့ ထုတ်ပြန်ချက်အရ အမေရိကမှာ နှစ်စဉ် လူ ၂၆၀ဝ လောက်က ပိုးပါတဲ့ အသားစားမိလို့ သေဆုံးနေပါတယ်။
ဘယ်လို အသားစိမ်းတွေကို စားသင့်လဲ
စီးပွားရေးအရ မွေးမြူတဲ့ တိရစ္ဆာန်တွေက အစာပေါင်းစုံ စားချင်စားမယ်၊ ပိုးသတ်ဆေးတွေ သုံးထားတာရှိမယ်၊ တခြားဓာတုပစ္စည်းတွေ သုံးထားတာလည်းရှိနိုင်ပါတယ်။ ဒါကြောင့် Organic နည်းစနစ်နဲ့ မွေးမြူထားတဲ့ အသားတွေကိုသာ အသားစိမ်းစားဖို့ အသင့်တော်ဆုံး ဖြစ်ပါတယ်။
အသားစိမ်းစားတာကို ဘယ်သူတွေ ရှောင်သင့်လဲ
အသားစိမ်းစားတာကို ကိုယ်ဝန်ဆောင် မိခင်တွေ၊ ကလေးငယ်တွေနဲ့ ကိုယ်ခံအား မကောင်းတဲ့သူတွေ HIV/AIDS ရောဂါရှိသူတွေ၊ ကင်ဆာရောဂါ ရှိသူတွေ၊ နာတာရှည်ရောဂါရှိသူတွေ မစားသင့်ပါဘူး။
♥ ထူးဒါလီကိုကို (MPharm) ♥