မယ်လတိုနင်ကို အိပ်ဆေးအဖြစ်အသုံးပြုတာက အန္တရာယ်ကင်းပါရဲ့လား

၁၉၅၈ ခုနှစ်က ရှာဖွေဖော်ထုတ် နိုင်ခဲ့တဲ့ မယ်လတိုနင်ဟာ ခန္ဓာကိုယ်က သဘာဝအားဖြင့် ထုတ်လုပ်နိုင်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပြီး ဇီဝနာရီကို ထိန်းချုပ်ပေးနိုင်တယ်လို့ သိရပါတယ်။ နေ့အလင်းရောင် ကွယ်သွားတဲ့အခါ အိပ်ရာမဝင်ခင် နှစ်နာရီလောက်အလိုမှာ ခန္ဓာကိုယ်ရဲ့ မယ်လတိုနင်က မြင့်တက်လာတဲ့အတွက် အိပ်ငိုက်လာပါတယ်။ မနက်မိုးလင်းခါစ နေရောင်ခြည်က မျက်လုံးနဲ့ ထိတွေ့ချိန်မှာ ဦးနှောက်ကို မယ်လတိုနင်ထုတ်လုပ် တာရပ်ဆိုင်းဖို့ အချက်ပြလိုက်တဲ့အတွက် လန်းဆန်းစွာနဲ့ အိပ်ရာကနေ နိုးထလာ နိုင်ပါတယ်။

မယ်လတိုနင်က အိပ်စက်မှုကို ထိန်းချုပ်တဲ့ ဟော်မုန်းသာဖြစ်ပြီး သူ့ကို မှန်ကန်တဲ့ပမာဏနဲ့ မှန်ကန်တဲ့အချိန်မှာ အသုံးပြုမယ်ဆိုရင် Jet Lag (ကမ္ဘာ့အနောက်ခြမ်းမှ အရှေ့ခြမ်းသို့ လေယာဉ်နဲ့ ခရီးထွက်တာကြောင့်)၊ နေ့ဂျူတီ ည ဂျူတီ ပြောင်းလဲလုပ်ကိုင်ရသူတွေအတွက် အိပ်ချိန်ကမောက်ကမ ဖြစ်တာကြောင့် အိပ်မရသူတွေအတွက် အလွန်ကောင်းမွန်ပါတယ်။

ရုံးပိတ်ရက်တွေမှာ အိပ်ရာဝင် နောက်ကျသူတွေအတွက် တနင်္ဂနွေနေ့ မနက်ပိုင်းမှာ အိပ်ရာထနောက်ကျခဲ့ရင် အဲဒီညနေပိုင်းမှာ မယ်လတိုနင်ပမာဏ အနည်းငယ်အသုံးပြုပါက ပုံမှန်အိပ်ချိန် ပြန်ရသွားနိုင်တဲ့အတွက် အလုပ်ဖွင့်ရက် မှာ အိပ်ရေးမဝတာတွေ မဖြစ်နိုင်တော့ပါဘူး။

အိပ်မပျော်သူတွေအတွက် ထိရောက်မှုက အကန့်အသတ်နဲ့သာဖြစ်တယ်လို့ သုတေသနပြုလုပ်ချက်အရ သိရပြီး မလိုအပ်ဘဲ အသုံးပြုသူတွေအတွက်တော့ အန္တရာယ်ရှိနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

မယ်လတိုနင်က သွေးတွင်းသကြားဓာတ်ကို မြင့်တက်နိုင်တဲ့အတွက် ဆီးချိုရောဂါရှိသူတွေ အသုံးမပြုသင့်ပါဘူး။ ဒါ့အပြင် အသုံးပြုတာများလွန်းတာကြောင့် အိပ်မက်ဆိုးတွေ မက်ပြီး နောက်တစ်နေ့မှာ စိတ်မကြည်မလင်နဲ့ နိုးလာရတတ်ပါတယ်။ သွေးပေါင်ကျဆေး၊ အတက် ပျောက်ဆေးတွေနဲ့ ပဋိသန္ဓေတားဆေးတွေရဲ့ ထိရောက်မှုကိုလည်း လျော့နည်းစေနိုင်ပါတယ်။

♥ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal